ပါဝင်သောပစ္စည်းများ
ပြည်ကြီးငါး = လတ်လတ်ဆတ်ဆတ် = ၆၀ကျပ်သား
ကြက်သွန်မြိတ်ဥ = ပါးပါးလှီး = ၁၀ဥ
ဂျင်း(ချင်း)နုနု = အခွံခွာ၊ ပါးပါးလှီး = အနည်းငယ်
ကြက်သွန်မြိတ် = လက်မ၀က်ထက်သေးသေးဖြတ် = အနည်းငယ်

စပါးလင် = ပါးပါးလှီး = အနည်းငယ်
ပင်စိမ်းရွက် = အနည်းငယ်
ပူဒီနာရွက် = အနည်းငယ်
ငရုတ်သီးစပ်စပ်အနီတောင့် = ပါးပါးလှီး = ၁တောင့်
အစပ်ရည်ဆမ်းစရာ = အနည်းငယ်
ငရုတ်သီးအစပ်တောင့် = ၃တောင့်
ကြက်သွန်ဖြူ = အခွံနွှာ၊ ပါးပါးလှီး = ၃တောင့်
သံပရာရည် = စားပွဲတင်ဇွန်း = ၄ဇွန်း
ငါးငံပြာရည် = စားပွဲတင်ဇွန်း = ၃ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
အစပ်ရည်ဆမ်းစရာကို အရင်ပြုလုပ်ပါမယ်။ ကြိတ်စက်မှာ ပါးပါးလှီးထားတဲ့ ငရုတ်သီးအစပ်တောင့်၊ ဂျင်း(ချင်း)နဲ့ သံပရာရည်၊ ငါးငံပြာရည်တို့ထည့်ပြီး အားလုံးသမအောင် မော်တာဖွင့်ပြီးကြိတ်ပါ။ ပြီးရင် ခွက်တစ်ခုမှာထည့်ပြီး ခဏထားပါ။
ပြည်ကြီးငါးကို အရိအချွဲနဲ့ အဆီတွေကင်းစင်သွားအောင် သေသေချာချာပွတ်တိုက်ဆေးရပါမယ်။ ကျောရိုးကို အတွင်းထိနိုက်ပြီး ဖယ်ထုတ်ရပါမယ်။ သန့်စင်ပြီးရင် ပြည်ကြီးငါးကို ဓားနဲ့ အရှည်လိုက်ခွဲပြီး အတွင်းပိုင်းကိုလည်း သေသေချာချာဆေးပါ။ ပြီးမှ ပြည်ကြီးငါးအတွင်းသားကို ဓားနဲ့ထောင့်ဖြတ် အပြန်ပြန်အလှန်လှန်လှီးပါ။ ပြည်ကြီးငါးသန့်စင်ပြင်ဆင်ပြီးရင် ရေနွေးအိုးတည်ပြီး အရွယ်တော်လေးတွေ လှီးဖြတ်ပြီး နူးကျက်အောင်ပြုတ်ပေးပါ။
ပြုတ်ပြီးသွားတဲ့ ပြည်ကြီးငါးကို ဇလုံတစ်လုံးမှာ ပြောင်းထည့်ကာ လှီးထားတဲ့ ကြက်သွန်မြိတ်ဥ၊ စပါးလင်၊ ဂျင်း(ချင်း)၊ ကြက်သွန်မြိတ်၊ ပင်စိတ်းရွက်၊ ပူဒီနာစတာတွေနဲ့ရောပြီး အသာအယာရောနယ်ပါ။
နောက်ဆုံးမှာ တည်ခင်းမယ့်ပန်ကန်ကို ဂေါ်ဖီရွက်ခင်းပြီး ပြည်ကြီးငါးဆလတ်သုတ်ထည့် အပေါ်က အစပ်ရည်လောင်း၊ ငရုတ်သီးလှီးထားတာဖြူးပြီး သုံးဆောင်ရမှာပါ။
မှတ်ချက်။ ။ ဒီဆလတ်သုတ်မှာ ထိုင်းစတိုင်ဖြစ်ပြီး သကြားမထည့်ပါ။

No comments:
Post a Comment