ဘာအကြောင်းကြောင့်ပဲဖြစ်တဲ့ ဝေဒနာပဲဖြစ်ဖြစ် မထူးပါဘူး။ ဘယ်လိုဝေဒနာပဲ ဖြစ်ဖြစ် ပေါ်လာတဲ့အခါမှာ ဥပေက္ခာနဲ့ရူဖို့၊ မတုံပြန်ဖို့ရာက အရေးကြီးတာပါပဲ။ ဒါဟာ ၀ိပဿနာ ကမ္မဋ္ဌာန်းရဲ့ အနှစ်သာရပါပဲ။ ဒီအနှစ်သာရကို မရလိုက်ဘူးဆိုရင်တော့ ဓမ္မလမ်းစဉ်မှာ တိုးတက်မူရှိဖို့ရာ ခဲယဉ်းပါလိမ့်မယ်။
ကမ္မဋ္ဌာန်းဆရာသင်ပြတဲ့အတိုင်း လိုက်နာရင် အကျိုးခံစားရ
ဂုရုကြီးက သူ့ရဲ့အဖြစ်ကို သတိရမိပါတယ်လို့ ပြောပါတယ်။ သူကိုယ်တိုင်လဲ သူ့ရဲ့ ပထမဆုံး ကမ္မဋ္ဌာန်းရိပ်သာကို လာတဲ့အခါကျတော့ လူတိုင်းလိုပဲ အခက်အခဲတွေကို တွေ့ရပါတယ်။ သူလည်း နာကျင်ကိုက်ခဲမူတွေ စိတ်ဒုက္ခတွေကို ခံစားရပြီးတော့ ထွက်ပြေးချင်စိတ် ဖြစ်လာပါတယ်။
သူတရားပတ်ဝင်တဲ့ ဆရာကြီး ဦးဘခင်ရဲ့ တရားရိပ်သာက အင်မတန် စည်းကမ်းကြီးပါတယ်။ ၁၀-ရက် တရားပတ် မပြည့်သေးခင် ဘယ်ယောဂီမှ ပြန်ခွင့်မရှိပါဘူး။ ၀င်းထရံကြီးကလဲ အမြင့်ကြီး ပတ်လည်ကာထားပြီး တံခါးပေါက်ကြီးကလဲ သော့ခတ်ထားပါတယ်။ ဂုရုကြီးကလည်း အထုပ်အပိုးတောင် ပြင်ပြီးပါပြီ၊ ၀င်းထရံအပေါ်ကတောင် ခုန်ပြီးတော့ ထွက်ပြေးဖို့တောင် ကြံစည်ခဲ့ပါတယ်။
ဒီလိုပါပဲ။ တရားစခန်းကိုစပြီးဆိုတော့ လူတိုင်းပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ ကံကောင်းထောက်မတော့ ဆက်လက်ပြီး ဆရာကြီးဦးဘခင် သင်ကြားတဲ့အတိုင်း လိုက်နာပြီးကျင့်တော့ ၁၀-ရက်အတွင်းမှာပဲ မျှော်လင့်တာထက်တောင် ပိုပြီး အကျိုးကျေးဇူးတွေကို ခံစားခဲ့ရပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment