Friday, 6 April 2012

ပေါ်လာသမျှ ဝေဒနာကိုရူနေ


ဘ၀အဆက်ဆက်က စုပေါင်းသိုလှောင်ပြီး သယ်ပိုးလာခဲ့တဲ့ အကုသိုလ် ဒုစရိုက် အညစ်အကြေးတွေ အပြည့်ရှိနေတဲ့ စိတ်ရဲ့ အတွင်းအနက်ရိုင်းဆုံးအပိုင်းကို ဘယ်လိုလုပ်ပြီး ပြောင်းလဲပေးလို့ ဖြစ်နိုင်ပါ့မလဲ ဆိုရင်တော့ ဖြစ်ပေါ်လာသမျှ၊ တွေ့ကြုံလာသမျှ ဝေဒနာတွေကို ရူရုံမျှသာ ရူနေဖို့ပါပဲ။ ဥပေက္ခာစိတ်နဲ့ သတိနဲ့ရူနေပါ။




သတိနဲ့ ဥပေက္ခာနဲ့ ဆက်ဆက်ပြီး ရူရူသွားမယ်ဆိုရင် စိတ်ရဲ့အကျင့်ပုံစံဟာ ပြောင်းလဲလာပါလိမ့်မယ်။ တကယ်ဖြစ်ပျက်နေတာကို အမှန်အတိုင်း ဖြစ်ပေါ်နေတဲ့အတိုင်း ရူသွားမယ်ဆိုရင် သဘာဝနိယာမက ပိုပိုပြီးထင်ရှား ထင်ရှားလာပါလိမ့်မယ်။ လမ်းစဉ်တစ်ခုလုံးဟာ အဟုတ်အမှန်ကို သိစေတဲ့ သစ္စာတရား လမ်းစဉ်ဖြစ်ပါတယ်။ အမှန်မဟုတ်တဲ့ ကိုယ်တွေ့မဟုတ်တဲ့ စိတ်ကူးယဉ်မူဟာ ဘယ့်နှယ့်သစ္စာတရား ဖြစ်နိုင်ပါ့မလဲ။ ယောဂီတို့ရဲ့ ကိုယ်တွေ့တကယ် ခံစားရတဲ့ဟာကမှ ယောဂီအတွက် အမှန်တရားဖြစ်မှာပေါ့။


နိဗ္ဗာန်ကို မျက်မှောက်ပြုခဲ့ပြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ တကယ် ခံစားရတာဟာ အဲဒီ ပုဂ္ဂိုလ်ရဲ့ အမှန်သစ္စာတရားပေါ့။ သူ့ရဲ့ ခံစားရတာဟာ ယောဂီရဲ့ အမှန်သစ္စာတရား မဟုတ်ပါဘူး။ တစ်ခဏကနေ တစ်ခဏယောဂီတို့ ကိုယ်တိုင်ခံစားရတဲ့ဟာကမှ ယောဂီတို့ရဲ့ အမှန်သစ္စာတရား ဖြစ်ပါတယ်။ တစ်ခဏက တစ်ခဏ အမှန်သစ္စာကနေပြီးတော့ နောက်ဆုံးကျတော့ အဆုံးစွန်ဆုံးသောတရား ပရမတ္ထ = မဖောက်မပြန်နိုင်သော သစ္စာတရားကိုရောက်ပြီး သိရှိခံစား ကြရမှာ ဖြစ်ပါတယ်။


ဒါကြောင့် အလှမ်းတိုင်း၊ အလှမ်းတိုင်း၊ အဆင့်တိုင်း၊ အဆင့်တိုင်းမှာ ကိုယ်တွေ့၊ ကိုယ်တကယ်တွေ့ထိ ခံစားရတာကို ရူနေမှသာ သဘာဝတရားကစပြီး ပေါ်လာပြီး စကြ၀ဠာတစ်ခုလုံး အလုံးစုံသော တရားစုဟာ ရှင်းရှင်းလင်းလင်းကြီး ပေါ်လာမှာ ဖြစ်ပါတယ်။


မြတ်စွာဘုရားက မဟာမျိုး၊ မဟာနွယ်ပင်ဖြစ်သော်လည်း နန်းတော်အဆောင်ထဲမှာ မွေးဖွားတာ မဟုတ်ပါဘူး။ ဟင်းလင်းပြင် သစ်ပင်အောက်မှာ မွေးဖွားခဲ့ရပါတယ်။ ပွင့်လင်းတဲ့ သဘာဝမှာ ဖြစ်ပါတယ်။ သဗ္ဗညုတဉာဏ်တော်ကို ရတော့လဲ သစ်ပင်အောက်မှာပဲ ဖြစ်ပါတယ်။ သတ္တ၀ါတွေအပေါ်မှာ အတိုင်းမသိတဲ့ မဟာကရုဏာတော်နဲ့ သူရထားတဲ့ တရားကိုစပြီး တရားဦးဟောပြော ညွှန်ကြားတဲ့ အခါမှာလဲ သစ်ပင်အောက်မှာပါပဲ။ အသက်အရွယ်ကြီးရင်တဲ့ ၈၀-အသက်အရွယ်မှာ ပရိနိဗ္ဗာန်ပြုသွားတော့လဲ သစ်ပင်အောက်မှာပါပဲ။ ဘ၀မှာ အရေးကြီးဆုံးကိစ္စကြီး ၄-ခုစလုံးဟာ အားလုံးသစ်ပင်အောက်မှာချည်းပါပဲ။ အင်မတန်ပွင့်လင်းပါတယ်။ အင်မတန် သဘာဝကျပါတယ်။ သဘာဝကို အင်မတန်လေ့လာထားသူ၊ နားလည်ထားသူလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်ပသဘာဝကို နားလည်နေရုံမျှနဲ့ ဉာဏ်အလင်းပေါက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တာတော့ မဟုတ်ပါဘူး။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment