Monday, 14 May 2012

အဓိဋ္ဌာန်ပါရမီ

အဓိဋ္ဌာန်ပါရမီကတော့ စိတ်ဆုံးဖြတ်ချက် ချထားတာဖြစ်ပါတယ်။ ဒီပါရမီဟာ အင်မတန်ပဲ အရေးကြီးပါတယ်။ အခုလို ၁၀-ရက် တရားလာတိုင်တာဟာ အဓိဋ္ဌာန်ပါရမီ ဖြည့်ဖို့ရာ အခွင့်အရေးရပါတယ်။ တရားပတ်အတွင်းမှာ သီလတွေကို စွဲစွဲမြဲမြဲ စောင့်ထိန်းရပါတယ်။

တရားစခန်းရဲ့ ဥပဒေ စည်းကမ်းတွေကိုလဲ တစ်သဝေမတိမ်း လိုက်နာပါတယ်။ နူတ်ကိုလည်း ကောင်းကောင်း လုံလုံထိန်းပါတယ်။ စကားမပြောနဲ့ ဆိုလို့လဲ လုံးဝစကား တစ်ခွန်းမှ မပြောပါဘူး။ စိတ်ဆုံးဖြတ်ချက်ချတဲ့ အတိုင်းပဲ လိုက်နာစောင့်ထိန်းပါတယ်။ ဒီလိုဆိုရင်တော့ ဒါတွေဟာ ယောဂီတို့ရဲ့ အဓိဋ္ဌာန်ပါရမီကို ဖြည့်နေမူတွေပါပဲ။

နောက်ပြီး တစ်နေ့ကို သုံးကြိမ် တစ်နာရီစီ တစ်နာရီစီ နေရာကို မပြောင်းရွှေ့ဘဲ မလုပ်ရှားစေဘဲ အဓိဋ္ဌာန်နဲ့ တရားထိုင်ခိုင်းပါတယ်။ ဒီဟာလဲ အင်မတန်ကောင်းတဲ့ အဓိဋ္ဌာန်ပါရမီ ဖြည့်ဖို့ပါပဲ။ ဓမ္မလမ်းစဉ်ရဲ့ နောက်ဆုံးပန်းတိုင် အရောက်မှာ အဓိဋ္ဌာန်ပါရမီက အင်မတန်အရေးကြီးပါတယ်။ အဲဒီအခါမှာ အဓိဋ္ဌာန်ပါရမီကို အသုံးပြုရမှာ ဖြစ်ပါတယ်။

မြတ်စွာဘုရားအလောင်းတော်ဟာ ဘုရားဖြစ်တော်မူတဲ့ ကဆုန်လပြည့်ညမှာ ဗောဓိပင်အောက်မှာ ထိုင်ပြီးတော့ ဘုရားမဖြစ်သမျှ ငါမထပြီလို့ ကြီးမားလှတဲ့ သံဒိဋ္ဌာန်ချတော်မူပါတယ်။ ဘ၀ဘ၀တွေက စုပေါင်းလာခဲ့တဲ့ ပါရမီတွေသာ မရှိခဲ့ရင်တော့ ၁၀-မိနစ်လောက် ထိုင်ပြီးပြီဆိုရင်ပဲ ဟိုနားကနာ ဒီနားကနာ ဒီလိုဖြစ်လာတော့ သြော် - အခုထိုင်လို့ မဖြစ်သေးပါဘူးလေ၊ နောက်တစ်ခါမှ နောက်တစ်ခါမှလို့ဆိုပြီး ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ ဘ၀ဘ၀တွေက စုဆောင်းလာခဲ့တဲ့ ပါရမီတွေက အင်မတန့် အင်မတန် ရင့်သန်ရမှာ ဖြစ်ပါတယ်။ ဒါတွေက ယောဂီတို့အတွက် အထောက်အကူတွေ ဖြစ်စေနိုင်ပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment