လူတွေဟာ ဘ၀ကို Doing နဲ့ တိုင်းတာလေ့ရှိတယ်။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကလည်း ဒီ Doing ကို ကြည့်ပြီးတော့ပဲ လူကို အသိအမှတ်ပြုတယ်။ သူက ဘာလုပ်နေတာ၊ သူက ဘယ်သူ၊ သူက ဆရာဝန်၊ သူက အင်ဂျင်နီယာ၊ သူက တရားသူကြီး၊ သူက ကျောင်းဆရာ စသည်ဖြင့် ရာထူး အဆင့်အတန်းကို ကြည့်ပြီးတော့ လူကို တိုင်းတာတယ်၊ အသိအမှတ်ပြုတယ်။
ဒီ Doing တစ်ခုထဲနဲ့ ဘ၀ကို တိုင်းတာတဲ့သူဟာ Diongကို မလုပ်နိုင်တဲ့အခါမှာ သူ့ဘ၀ကို တိုင်းတာစရာ ဘာမှ မရှိတော့ဘူးလို့ ခံစားရမယ်။
Being ဆိုတဲ့ တရားအားထုတ်မူကို လုပ်သွားရင်းနဲ့ Doing ဆိုတဲ့ စားဝတ်နေရေး၊ လူမူရေးအလုပ်တွေပါ လုပ်သွားနေရမယ်။ ဒီနှစ်ခုကို ခွဲပြီးတော့ မထားသင့်ဘူး။ အဲဒီလို Being နဲ့ နေသွားရင်းနဲ့ Doing လုပ်သွားတဲ့လူဟာ သူလုပ်တဲ့ကိစ္စတွေဟာ သူ့အတွက် ပိုပြီးတော့ အကျိုးရှိမယ်၊ သူတစ်ပါးအတွက်လည်း ပိုပြီး အကျိုးရှိမယ်။ သူတစ်ပါးကို ထိခိုက်မယ့်ကိစ္စကို ဘယ်တော့မှ မလုပ်ဘူး။
တရားနဲ့ပတ်သက်ပြီးတော့ သိလို့ စိတ်အေးချမ်းမူ ရတဲ့အခါကျတော့ လောကီနဲ့ ပတ်သက်ပြီးတော့ မသိရတာတွေ မရတာတွေကို စိတ်က ဘယ်လိုမှ သဘောမထားတော့ဘူး။ အဲဒါတွေထက် အဆပေါင်းများစွာ တန်ဖိုးရှိတဲ့အရာကို ရထားပြီဖြစ်လို့။
တကယ် တရားရဲ့အေးချမ်းမူကို သိလာတဲ့အခါ ငါ့ဘ၀ဟာ ပြည့်စုံနေပါတယ်လို့ ခံစားရပါလိမ့်မယ်။ တရားကို မသိရင် ရုပ်ပိုင်းက ဘယ်လောက်ပဲ ပြည့်စုံနေ၊ ပြည့်စုံနေ၊ ပြည့်စုံနေတယ်လို့ မခံစားရပါဘူး။ ချို့တဲ့နေတယ်လို့ပဲ ခံစားရမှာပဲ။ နောက်ထပ် လိုနေသေးတယ်လို့ပဲ ခံစားရမှာပဲ။
တရားနဲ့နေပြီး စိတ်အေးအေးချမ်းချမ်း နေတဲ့သူဟာ စိတ်မအိုဘူး။ အသက်တော့ ကြီးလာနေတာ မှန်တယ်၊ ဒါပေမဲ့ ငါ အများကြီး လုပ်နိုင်သေးတယ်၊ ကောင်းတာတွေ အများကြီး လုပ်ဦးမယ်၊ အဲသလိုရည်ရွယ်ချက် ထားလိုက်တော့ စိတ်ထဲမှာ တော်တော်အားရှိတယ်။ အဲဒီစိတ်ရဲ့အားကြောင့် ခန္ဓာကိုယ်လည်း အားရှိတယ်။ ဒါကြောင့် ကောင်းတာတွေ အများကြီးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ထားပါ။ စိတ်ချမ်းချမ်းသာသာ ကြည်ကြည်လင်လင်နဲ့ မဂ္ဂင်ရှစ်ပါးတရားကို နှလုံးသွင်းပြီးတော့၊ အားထုတ်ပြီးတော့ နေပါ။ အဲသလိုဆိုရင် အိုတာပါ နှေးသွားလိမ့်မယ်။
သတိနဲ့ ကိုယ့်စိတ်ကိုကိုယ်သိနေတာ ဘယ်လောက် အကျိုးများတယ်ဆိုတာ သိရတဲ့အတွက် ဒီအလုပ်ကို ဒီဘ၀မှာလည်း သေသည်အထိ လုပ်မယ်။ နောက်ဘ၀မှာလည်း ဆက်လုပ်မယ်။
တစ်နေ့ထက်တစ်နေ့ပိုပြီး သတိနဲ့နေတာ များလာဖို့ သတိလက်လွတ်နေတာ တစ်နေ့ထက်တစ်နေ့ နဲသွားဖို့၊ စိတ်ကို ပိုပြီးသိလာဖို့၊ စိတ်အေးချမ်းမူ ပိုရှိလာဖို့၊ ပိုပြီးတော့ လွတ်လပ်တဲ့သူ ဖြစ်လာဖို့ ရည်ရွယ်ချက်ထားပြီးတော့ နေ့စဉ် ကြိုးစားနေပါ။ တကယ်လုပ်ရင် တိုးတက်ပါတယ်။ မှန်မှန် တိုးတက်နေရင် တစ်နေ့မှာ ကိုယ်မှန်းထားတာ ဖြစ်မယ်။
ခရီးရောက်ချင်ရင် ရပ်မနေဖို့ပဲ အရေးကြီးပါတယ်။ နှေးတာက အရေး မကြီးပါဘူး။
လူ့ဘ၀မှာ အနှစ်သာရဟာ အသိဉာဏ်ပါ။ စားဝတ်နေရေးဆိုတာ မလုပ်မဖြစ်လို့ လုပ်ရတာပါ။ စားဝတ်နေရေးအတွက် အသက်ရှင်နေရတာ မဟုတ်ပါဘူး။ စားဝတ်နေရေး အသင့်အတင့် ပြည့်စုံပြီဆိုရင် ဒီ့ထက် အရေးကြီးတဲ့အလုပ် ရှိသေးတယ်။
လူ့ဘ၀ကိုလည်း ရတယ်၊ တရားကိုလည်း နာခွင့်ရတယ်၊ တရားအားထုတ်ဖို့ပဲ လိုတော့တယ်။ အဲဒီတော့ အချိန်မရှိဘူးလို့ မပြောပါနဲ့။ ရသမျှအချိန်ကို ကုတ်ကတ်ယူပြီးတော့ သတိပဋ္ဌာန်းတရားကို လုပ်ကြံပါ။
Don’t forget, ‘Beginning is half done and half-won’ Make a start today.
စမိပြီဆိုရင် တစ်ဝက် ပြီးသလိုပဲ၊ တစ်ဝက် အနိုင်ရသွားတယ်။ အဲဒါကို မမေ့ပါနဲ့။ ဒီနေ့ စ, လုပ်လိုက်ပါ။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment