Monday, 24 December 2012

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (၁၁)

Be an island unto yourself.
Be your own refuge.
Make the Dhamma your island.
Make the Dhamma your refuge.
Take no other refuge.

မိမိကိုယ်မိမိ ကျွန်းသဖွယ်ဖြစ်အောင် လုပ်ပါ။

မိမိကိုယ်ကိုမိမိသာ ကိုးကွယ်စရာ၊ မှီခိုအားထားစရာ ဖြစ်ပါစေ။

တရားကိုသာ မှီခိုစရာ ထောက်ရာတည်ရာ ကျွန်းသဖွယ် မှတ်ပါ။


တရားကိုသာ ကိုးကွယ်စရာ မှီခိုအားထားစရာ ဖြစ်ပါစေ။

တခြား ဘာကိုမှ ကိုးကွယ်စရာ၊ အားထားစရာအဖြစ် မမှတ်ယူပါနဲ့။

ကိုယ့်မှာ ခန္ဓာကိုယ်အင်အားတွေ ရှိတယ်။ စိတ်ဓာတ် အင်အားတွေ ရှိတယ်။ အသိဉာဏ် အင်အားတွေ ရှိတယ်။ အဲဒီအင်အားတွေကို ကောင်းတဲ့နေရာမှာ အပြည့်အ၀သုံးနေရမယ်။ သုံးနေရင် ထွက်နေမယ်။ မသုံးဘဲထားရင် ကြာရင် မထွက်တော့ဘူး။

သက်သာရင် အစွမ်းအစ မထွက်တော့ဘူး။ အစွမ်းအစဆိုတာ မရမက ညှစ်ထုတ်မှ ထွက်လာတယ်။ နှမ်းကနေ ဆီထွက်အောင် ကြိတ်ပြီးထုတ်သလို ထုတ်ရတယ်။ ဒါကြောင့် အစွမ်းအစထွက်ချင်ရင် သူများကို အားမကိုးပဲ တတ်နိုင်သလောက် ကိုယ့်အားကိုယ်ကိုးပါ။

ပြတ်သားတဲ့ ဦးတည်ချက်ရှိရင် လောကီဦးတည်ချက်ပဲဖြစ်ဖြစ်၊ လောကုတ္တရာ ဦးတည်ချက်ပဲဖြစ်ဖြစ် “တစ်သက်လုံး လုပ်မယ်။ ကိုယ်ရောစိတ်ပါ လုပ်မယ်။ အချိန်ရှိသရွေ့ လုပ်မယ်၊ ဘယ်တော့မှ အလျှော့မပေးဘူး” ဆိုတဲ့ စိတ်နဲ့သာ လုပ်ကြည့်၊ ဖြစ်ကိုဖြစ်တယ်နော်။ လူမှာ အင်မတန် ကြီးမားတဲ့ စွမ်းရည်သတ္တိတွေရှိတယ်။

ကံဆိုတာ ကာယကံ၊ ၀စီကံ၊ မနောကံ၊ ကိုယ်လုပ်ခဲ့တဲ့ အလုပ်။ ကံ၏အကျိုးဆိုတာ အလုပ်ရဲ့အကျိုး။ ပြီးတော့ ကံလို့ပြောလိုက်ရင် အတိတ်ကကံကိုပဲ အဓိပ္ပာယ်ကောက်ကြတယ်။ ပစ္စုပန်မှာ အချိန်တိုင်း အချိန်တိုင်း ကံတွေ ဖြစ်နေတယ်။ ကိုယ်က သတိနဲ့ ဉာဏ်နဲ့ နေတတ်ရင် ကောင်းတဲ့ကံတွေ ဖြစ်နေမယ်။ ဒီကံတွေက အစွမ်းသတ္တိ ကြီးမားပါတယ်။ အားကိုးရတယ်။ ကိုယ်က သတိနဲ့ ဉာဏ်နဲ့ယှဉ်ပြီး လုပ်လိုက်တဲ့အလုပ်ဟာ အစွမ်းသတ္တိ အင်မတန် ကြီးပါတယ်။ သတိနဲ့ဉာဏ်နဲ့ နေတက်တဲ့သူဟာ ကိုယ်လိုချင်တဲ့ကံမျိုးကို ဖန်တီးလို့ရတယ်။ အကြောင်းတရားဖြစ်တဲ့ ကံကို သတိနဲ့ဉာဏ်နဲ့ ဖန်တီးထားရင် အကျိုးတရားဟာ သူ့ဟာသူ လိုက်မှာပါ။

အခက်အခဲတွေ အဆင်မပြေမူတွေဟာ လူ့ဘ၀မှာ မပါရင်မပြီးတဲ့ ကိစ္စတွေဖြစ်တယ်။ တတ်နိုင်သလောက် ရင်ဆိုင်ဖြေရှင်းသွားမယ်။ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ စိတ်သောက သိပ်မကြီးဘူး။ အနာဂတ်မှာ အခက်အခဲတွေ တွေ့ရလည်း ကြိုးစားပြီး ဖြေရှင်းသွားရင် အဆင်ပြေသွားမှာပဲလို့ ယုံကြည်တယ်။ တစ်ခုအဆင်မပြေရင် နောက်တစ်ခု အဆင်ပြေမှာပဲ။ အရင်တုန်းကလည်း အခက်အခဲတွေကို ဖြေရှင်း ကျော်လွှားခဲ့တယ်။ နောင်လည်း ဒီလိုပဲ ဖြေရှင်း သွားမယ်။ မပြေလည်တာရှိလည်း နောက်တစ်ခု ပြောင်းလုပ်မယ်။

ကိုယ်လုပ်ခဲ့တဲ့ကိစ္စတွေမှာ ဖြစ်ခဲ့တာတွေလည်း ရှိမယ်။ မဖြစ်ခဲ့တာတွေလည်း ရှိမယ်။ ကိုယ်လုပ်နိုင်တာကို လုပ်ပြီးတော့ ကိုယ့်ဘ၀ကို အဆင်ပြေအောင်တော့ နေတတ်တယ်။ မဖြစ်နိုင်တာကို မှန်းပြီးတော့ မဖြစ်လာလို့ စိတ်ညစ်တာမျိုး မလုပ်ပဲ ဖြစ်နိုင်လောက်တာကို ကြိုးစားပြီးတော့ လုပ်မယ်။ တဖြေးဖြေး တိုးတက်အောင် နိုင်နိုင်နင်းနင်း လုပ်မယ်။

ကောင်းတာကိုလုပ်ချင်တဲ့ အင်မတန် ပြင်းပြတဲ့ ဆန္ဒနဲ့ မအားမလပ်အောင် လုပ်နေတဲ့သူမှာ စိတ်ဓာတ်ကျစရာကို တွေးနေဖို့ အချိန်မရှိဘူး။ ပြင်းပြတဲ့ ဆန္ဒရှိရင် အခက်အခဲ အတားအဆီး အားလုံးကို ကျော်လွှားနိုင်ပါတယ်။

လူရဲ့စိတ်ထားထဲမှာ ကောင်းတာတွေရော၊ ဆိုးတာတွေရောဟာ အမျိုးစုံ ရှိတယ်။ ကောင်းတဲ့စိတ်၊ မကောင်းတဲ့အရည်အချင်းတွေကို ပိုကောင်းစေချင်ရင် မကောင်းတဲ့ အယူအဆအတွေးအခေါ် သဘောထား၊ ခံယူချက်တွေ၊ ကောင်းတဲ့ဆန္ဒတွေကို ထိန်းပေးထားရတယ်၊ နှိမ်ပေးထားရတယ်။ လွှတ်ပေးထားလို့ မရဘူးနော်။

ကောင်းတဲ့အတွေးအခေါ်၊ အယူအဆ၊ ကောင်းတဲ့ဆန္ဒ၊ ကောင်းတဲ့ ရည်ရွယ်ချက်၊ ကောင်းတဲ့သဘောတွေကို ပိုပြီးတော့ ဦးစားပေးရတယ်။ ပိုပြီးတော့ နေရာပေးရတယ်။ သူပိုပြီးတော့ ကြီးထွားလာအောင်ဆိုပြီးတော့ လိုအပ်တဲ့ အထောက်အပံ့လေးတွေ သူ့ကို ပေးရတယ်။

ကောင်းတာတွေကို အခု လုပ်နိုင်သလောက် လုပ်နေဖို့ အရေးကြီးတယ်။ နည်းနည်းဖြစ်ဖြစ် လုပ်ဖို့ အရေးကြီးတယ်။ အခု လုပ်လို့ ဖြစ်တာလောက်ကို မလုပ်ဘဲနဲ့ အကြီးအကျယ် လုပ်မယ်လို့ စဉ်းစားနေတဲ့သူဟာ ဘာမှလုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒီလိုလူဟာ မကြီးပွားဘူး။ ဒါကြောင့် နည်းနည်းဖြစ်ဖြစ် လုပ်လို့ရသလောက်ကို လုပ်မယ်ဆိုတဲ့စိတ် ရှိရမယ်။

လူသားတစ်ယောက်အနေနဲ့ စိတ်နေသဘောထားနဲ့ အသိဉာဏ် ဘယ်လောက်ထိအောင် မြင့်မားနိုင်တယ်ဆိုတာ သိထားရင်၊ လူဆိုတာ အင်မတန်မြင့်မားတဲ့ သတ္တ၀ါ ဖြစ်လာနိုင်တယ်။ မေတ္တာ ကရုဏာ အင်မတန်ကြီးမားတဲ့သူ ဖြစ်နိုင်တယ်။ အကျင့်သီလအားဖြင့် အင်မတန်မြင့်မြတ်တဲ့သူ ဖြစ်နိုင်တယ်။ အသိဉာဏ်အားဖြင့်လည်း အင်မတန် အဆင့်မြင့်တဲ့သူ ဖြစ်နိုင်တယ်။

Self perfection is culture.

မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတာဟာ ယဉ်ကျေးမူပါ။

စိတ်ထားနိမ့်နေရင် စိတ်မှာ ကြည်လင်မူ၊ အေးချမ်းမူ တကယ်ရမှာ မဟုတ်ဘူး။ စိတ်ထား နိမ့်နေရင် အသိဉာဏ်ပါ မှားသွားတယ်။ စိတ်နေသဘောထား မြင့်လာလို့ရှိရင် အသိဉာဏ်ပါ ပိုပြီးတော့ ပွင့်လာတယ်။ အဲသလို ကိုယ့်ရဲ့စိတ်ထား မြင့်လာလို့ရှိရင် ကိုယ့်ယဉ်ကျေးမူလည်း မြင့်လာတယ်။ ကိုယ့်ယဉ်ကျေးမူအဆင့်အတန်းဟာ ကိုယ့်စိတ် အဆင့်အတန်းပေါ်မှာ မူတည်တယ်။

အားငယ်တဲ့သူဟာ အားကိုးစရာကို ပြင်ပမှာ ရှာတယ်။ အားမငယ်တဲ့သူ၊ ဉာဏ်ပညာရင့်ကျက်တဲ့သူဟာ ပြင်ပမှာ အားကိုးစရာကို မရှာဘူး။

နတ်ကိုးကွယ်တာ၊ ဘိုးတော်, မယ်တော်, ၀ိဇ္ဇာစသည်ဖြင့် ကိုးကွယ်တာ၊ အဆောင်တွေ, လက်ဖွဲ့တွေကို အန္တရာယ်ကင်းတယ်ဆိုပြီး အားကိုးတာတွေဟာ အားငယ်နေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ အတွင်းမှာ အားကိုးလောက်တာမရှိလို့ အပြင်မှာ အားကိုးစရာ ရှာကြတာ။ တကယ်တော့ အပြင်မှာ အားကိုးစရာမရှိဘူး။ 

ဆရာတော်ဦးဇောတိက

No comments:

Post a Comment