တရားအားထုတ်တဲ့သူဟာ တဖြေးဖြေး စိတ်တည်ငြိမ် အေးချမ်းပြီးတော့ စိတ်ဓာတ်ခိုင်မာလာတယ်။ အားမငယ်တော့ဘူး။ အသိဉာဏ် ရင့်ကျက်လာလေလေ ကိုယ့်အားကိုယ်ကိုးလေလေ ဖြစ်လာတယ်။ အသိဉာဏ်ရင့်ကျက်လေလေ ပြင်ပမှာ အားကိုးစရာမရှိမှန်း သိလေလေ ဖြစ်လာတယ်။
အမှန်တရားကို မြင်တဲ့သူ သိတဲ့သူဟာ စိတ်ဓာတ်အင်အား ကြီးတယ်။ အားမငယ်ဘူး။ ဘယ်သူ့ကိုမှ အားမကိုးတော့ဘူး။ အယူဝါဒ အတွေးအခေါ်တွေနောက်ကို ဟုတ်နိုးနိုးနဲ့ မလိုက်တော့ဘူး။
ဉာဏ်ကြောင့် ဘေးအန္တရာယ် ကင်းတယ်။ ဉာဏ်ကြောင့် ဒုက္ခနဲသွားတယ်။ ဉာဏ်ကြောင့် လွတ်မြောက်တယ်။ အသိဉာဏ်သာ အားကိုးစရာဖြစ်တယ်။
ငါဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးလူပီသတဲ့လူ ဖြစ်လာရမယ်။ ပိုပြီးတော့ ကြည်လင်အေးချမ်း သန့်ရှင်းတဲ့လူ ဖြစ်လာရမယ်။ ပိုပြီးတော့ ကြည်လင်အေးချမ်း သန့်ရှင်းတဲ့သူ၊ မြင့်မြတ်တဲ့သူ ဖြစ်ရမယ်။
ငါဟာ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူတစ်ယောက် ဖြစ်ရမယ်။ ဒါဟာ ငါ့ဘ၀မှာ အရေးအကြီးဆုံး အခြေခံအကျဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်။
ငါလိုချင်တဲ့ပညာကို ကိုယ့်အားကိုယ်ကိုး နိုင်တဲ့သူတစ်ယောက် ဖြစ်ရမယ်။ ဒါဟာ ငါ့ဘ၀မှာ အရေးအကြီးဆုံး အခြေခံအကျဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်။
ငါလိုချင်တဲ့ပညာကို ကိုယ့်အားကိုယ်ကိုးပြီး ရှာနိုင်ရမယ်။ မြင့်မြတ်တဲ့ အမှန်တရားကို သိနိုင်တဲ့သူ ဖြစ်ရမယ်။ ငါလိုချင်တဲ့ ၀င်ငွေကို ကောင်းတဲ့နည်းနဲ့ လုံလောက်အောင် ရှာနိုင်တဲ့သူ ဖြစ်ရမယ်။
ငါလုပ်တဲ့အလုပ်ဟာ လူ့အသိုင်းအ၀ိုင်းကို အကျိုးပြုတဲ့ အလုပ် ဖြစ်ရမယ်။ ငါ့အသိုင်းအ၀ိုင်းကို အကျိုးပြုတဲ့ အလုပ် ဖြစ်ရမယ်။ ငါ့အသိုင်းအ၀ိုင်းထဲမှာ ငါယူသင့်တဲ့ တာဝန်ကို ယူတဲ့သူ ဖြစ်ရမယ်။
ငါ့ကိုယ်ကိုငါ လေးစားတဲ့သူ ဖြစ်ရမယ်။ ငါ့ရဲ့ ကိုယ်ကျင့် သိက္ခာကို လူအများ လေးစားနိုင်ရမယ်။ ငါ့ရဲ့ ရိုးသားမူ ဖြောင့်မတ်မူကို အစစ်အဆေး ခံနိုင်တဲ့သူ ဖြစ်ရမယ်။
အဲဒီလို ရည်ရွယ်ချက်ကို ပြတ်ပြတ်သားသား ထားနိုင်ရင် ဘယ်သူမဆို အောက်တန်းကျတဲ့သူ မဖြစ်တော့ဘူး။ ဂုဏ်သိက္ခာရှိတဲ့သူပဲ ဖြစ်မယ်။
ငါ့ကိုယ်ငါ လေးစားရမယ်။ ပတ်ဝန်းကျင်ကလည်း ငါ့ကို လေးစားရမယ်။ အဲဒါ မရလို့ မဖြစ်ဘူး၊ လူတွေကြားထဲမှာနေရတာ ငါ့ကိုလူတွေက စည်းကမ်းရှိတဲ့သူ၊ အသိဉာဏ် ရှိတဲ့သူ၊ ရိုးသားတဲ့သူ၊ အစွမ်းအစရှိတဲ့သူ၊ သတ္တိရှိတဲ့သူလို့ လက်ခံမှဖြစ်မှာ။ စည်းကမ်းမရှိဘူး၊ မရိုးသားဘူး၊ အစွမ်းအစမရှိဘူး၊ သတ္တိမရှိဘူးလို့ ထင်နေရင် ငါဘာလုပ်လို့ရတော့မှာလဲ။ ဘာမှလုပ်လို့ မရတော့ဖူး။ အဲဒါကြောင့် ကိုယ်ကို သူတစ်ပါးက ယုံကြည်ရမယ်၊ လေးစားရမယ်၊ အားကိုးနိုင်လောက်တဲ့သူ ဖြစ်ရမယ်။
ငါဟာ တာဝန်ယူနိုင်တဲ့သူ ဖြစ်ရမယ်။ ငါဟာ ဉာဏ်ရှိတဲ့သူ ဖြစ်ရမယ်။ ဒါကြောင့် ရနိုင်သလောက် ပညာကို ကိုယ့်ဟာကိုယ် ရှာမယ်။ လုပ်နိုင်သလောက် အလုပ်ကို ကိုယ့်ဟာကိုယ် လုပ်မယ်။ ကိုယ့်အားကိုယ်ကိုးတဲ့သူ ဖြစ်ရမယ်။ နောင်တစ်နေ့ကျရင် ကိုယ့်အားကိုကိုးရုံတင် မကဘူး၊ သူများကပါ ကိုယ့်ကို အားကိုးရမည့်သူ ဖြစ်ရမယ်။
ငါဟာ အခုအချိန်မှာ တပည့်နောက်လိုက် ဖြစ်နေတယ်။ တချိန်ကျရင် ငါဟာ ဦးဆောင်သူ ဖြစ်ဦးမှာပဲ။ ဒါ့ကြောင့် ကိုယ့်မှာရှိတဲ့ ကောင်းတဲ့ အရည်အချင်းတွေ၊ အစွမ်းအစတွေကို မြင့်နိုင်သလောက် မြင့်အောင် မြှင့်ရမယ်။ ဒါမှလည်း ငါ့ကိုယ်ကိုငါ လေးစားလို့ရမယ်။
အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ ဒီထက်ပိုကောင်းအောင် လုပ်လို့ရပါရက်နဲ့ ဒီထက်ပိုကောင်းအောင် ငါကြိုးစားပြီး မလုပ်လို့ရှိရင်ရော ငါ့ကိုယ်ငါဘယ်လိုမြင်မလဲ၊ အထင်သေးမယ်။ ငါ့ကိုယ်ငါ အထင်သေးတာကို လက်မခံနိုင်ဘူး။ ဒါကြောင့် တစ်ခုခုလုပ်တဲ့အခါ အတတ်နိုင်ဆုံး ကောင်းအောင် ကြိုးစားပြီး လုပ်မယ်။ ဒီထက်ကောင်းနိုင်သေးတယ်ဆိုရင် ဒီထက် ကောင်းအောင် ကြိုးစားဦးမှာပဲ။ ဒီလိုကြိုးစားနေရတာ အဓိပ္ပာယ်ရှိတယ်။ အဲသလို ကြိုးစားနေမှလည်းပဲ ကိုယ့်ကိုယ်ကို ပိုလေးစားတယ်။
အချိန်တွေ အလကားဖြုန်းလို့ မဖြစ်ဘူး။ အချိန်ဖြုန်းမိရင် ကိုယ့်ကိုယ်ကို မလေးစားနိုင်ဘူး။ အချိန်ဟာတန်ဖိုးရှိတယ်။ အချိန်ရှိသမျှ တန်ဖိုးရှိတာတစ်ခုခု လုပ်နေရမှာပဲ။ အဲသလိုလုပ်နေရင်းနဲ့လည်း ပျော်နေချင်တယ်။
တကယ်စိတ်ထားကောင်းတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်။ တည်ငြိမ် အေးချမ်းပြီး ဘာကိုမှ မကြောက်တဲ့သူ ဖြစ်ချင်တယ်။ သူများ အထင်မကြီးမှာ မကြောက်ဘူး၊ အထင်သေးမှာ မကြောက်ဘူး။ သေမှာလည်း မကြောက်တဲ့သူ ဖြစ်ချင်တယ်။
“ငါ” ဆိုတဲ့ အစွဲကနေ လုံးလုံးလွတ်နေတဲ့ စိတ်နဲ့နေချင်တယ်။ မြင့်မြတ်တဲ့ စိတ်ထားနဲ့ လေးနက်မှန်ကန်တဲ့ အသိဉာဏ် အမြင့်ဆုံးကို သိချင်တယ်။ ဖြစ်နိုင်သမျှ အကောင်းဆုံး ဖြစ်ချင်တယ်။
ကိုယ့်စိတ်ထဲမှာ “အကောင်းဆုံးလူတစ်ယောက် ဖြစ်ချင်တယ်”လို့ ပြောနေတာကို သတိထားသင့်တယ်။
“ငါတန်ဖိုး အထားဆုံးအရာဟာ ငါ့စိတ်ပဲ၊ ငါ့စိတ်ကို ယုတ်နိမ့်သွားစေမယ့် အတွေးတွေ၊ သဘောထားတွေကို အမြစ်တွယ်ခွင့် မပေးဘူး။ မကောင်းတဲ့အတွေးတွေ သဘောထားတွေကို သိ သိပြီး ပယ်မယ်။” လို့ ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် တစ်နေ့တခြား စိတ်ထား မြင့်မားတဲ့သူ ဖြစ်လာမယ်။ ဒီတစ်ခုကို ထိထိရောက်ရောက် လုပ်လိုက်ရင် ကိုယ့်ဘ၀တစ်ခုလုံး အရည်အသွေး တိုးတက်လာမယ်။ ဘ၀ရဲ့ အရည်အသွေးဟာ စိတ်ရဲ့ အရည်အသွေးပေါ်မှာ မူတည်တယ်။
ခရီးမိုင်တစ်ထောင်ပဲဖြစ်ဖြစ် သွားရင်တော့ ခြေတစ်လှမ်းနဲ့ စ,ရတာပဲ။ ဒီတစ်လှမ်းကိုမှ မလှမ်းရသေးဘူး မဖြစ်နိုင်ဘူး။ တစ်လှမ်း လှမ်းတယ်။ နောက် တစ်လှမ်း လှမ်းတယ်။ ဒီလိုပဲ သွားရတာပဲ။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment