Tuesday, 18 December 2012

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (၄)

တရားအားထုတ်ပြီးတော့ သတိ, သမာဓိတွေ ပိုကောင်းလာတဲ့လူဟာ (quality) အရည်အသွေးဆိုတဲ့ သဘာဝကို ပိုနားလည်လာတယ်။ ဘယ်ဟာလုပ်လုပ် အရည်အသွေး ပိုမြင့်တာကို လုပ်တယ်။ စာအုပ်ဖတ်မယ်ဆိုရင် ကြုံရာစာအုပ် မဖတ်ဘူး။ လူလူချင်းဆက်ဆံရေးမှာ ဘယ်သူနဲ့ ဆက်ဆံရင် ပညာရသလဲ ဆိုတာကို စဉ်းစားပြီးမှ အဲ့ဒီလူတွေဆီကနေ ပညာများများ ရအောင် ဆက်ဆံတယ်။ ကိုယ်ကလည်း ပေးရမယ်ဆို ပေးတယ်။ အသွားအပြန် ရှိတယ်။

အကယ်၍ television ကြည့်တယ် ဆိုရင်တောင်မှ ဘယ်အပိုင်းလေးဟာ မှတ်သားစရာ နည်းယူစရာ ကောင်းတာလေးတွေပါသလဲ အဲဒီအပိုင်းလေးတော့ ရွေးပြီး ကြည့်တယ်။ ကျန်တဲ့အပိုင်းတော့ မကြည့်ဘူး။


သတိရှိတဲ့သူ၊ ဉာဏ်ရှိတဲ့သူ၊ စိတ်ဓာတ်အင်အား ကြီးတဲ့လူဟာ အတိုင်းအရှည်ကို သိတယ်။ ဒီလောက်ဆိုရင် သင့်တော်တယ်ဆိုတာကို သိတယ်။ ဒီသင့်တော်တဲ့ အတိုင်းအရှည် ထဲကနေ လွန်မသွားဘူး။ စကားပြောတာတောင်မှ တစ်နေကုန် တစ်နေခန်းတော့ ပြောမှာမဟုတ်ဘူး။ အချိန် အကန့်အသတ်လေးနဲ့ ပြောမယ်။ စာဖတ်တာလည်းပဲ အချိန်အကန့်အသတ်လေးနဲ့ ဖတ်မယ်။ ဘာပဲလုပ်လုပ် အကန့်အသတ်လေးတစ်ခုထားပြီး လုပ်မယ်။ အဲဒီလိုလူရဲ့ ဘ၀အရည်အသွေးဟာ ကြာလေ တက်လေ ဖြစ်လာတယ်။

ဒါ့ကြောင့် တရားကိုအားထုတ်လို့ သတိသမာဓိကောင်းလာလို့ရှိရင် အကောင်းအဆိုး အမှားအမှန်ကို ခွဲခြားနိုင်လာတယ်။ တန်ဖိုးရှိတယ် မရှိဘူးဆိုတာ ပိုပြီးတော့ မြင်လာတယ်။ တန်ဖိုးရှိတာကို ပိုလုပ်ချင်တယ်။ တန်ဖိုးရှိတာကို လုပ်ရလို့ ကျေနပ်မူကိုလည်း သိပ်သဘောကျတယ်။

ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာ သူများမဟုတ်ပါဘူး၊ ကိုယ့်စိတ်ပါ၊ ကိုယ့်အတွေးပါ။ ကိုယ့်သဘောထား မှားနေလို့၊ ကိုယ့်အတွေးအခေါ်တွေ မှားနေလို့၊ ကိုယ့်စိတ်ကို ကိုယ်နားမလည်လို့၊ ကိုယ့်စိတ်ကိုကိုယ် တည်ငြိမ်အောင်၊ အေးချမ်းအောင် မထားတတ်လို့ အဲဒီစိတ်က အတွေးတွေ အမျိုးမျိုးတွေးပြီးတော့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။ တရားအားထုတ်ပြီးတော့ နေရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ ဖြစ်နေတယ်။

ကိုယ့်စိတ်က ကိုယ့်ကို မကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က ရန်သူပဲ။ ကိုယ့်စိတ်က ကိုယ့်ကို ကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က မိတ်ဆွေပဲ။

ကိုယ့်စိတ်ကို ကိုယ့်မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပြီဆိုရင် အဲ့ဒီလူမှာ အင်မတန်မြင့်မားတဲ့ စိတ်ဓာတ်အရည်အသွေးတွေ ရှိလာလိမ့်မယ်။ ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ တကယ်ဖြစ်သွားပြီဆိုရင် အဲဒီလူဟာ စိတ်ချမ်းသားကိုယ်ချမ်းသာ နေသွားလို့ရပြီ။ ကုန်ကုန်ပြောရမယ်ဆိုရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ ရာခိုင်နူန်းပြည့် တကယ်ဖြစ်မယ်ဆိုရင် တရားကိစ္စ လမ်းဆုံးတဲ့ထိအောင် ရောက်နိုင်ပါတယ်။

“Everything that crosses the mind, wears and tears the mind”

စိတ်ထဲကို ဖြတ်သန်းသွားတဲ့ အရာမှန်သမျှဟာ စိတ်ကို ပင်ပန်းနွမ်းနယ် စေတယ်။

လူတွေဟာ အတွေးများလွန်းလို့ စိတ်ဓာတ် energy စိတ်ဓာတ်အင်အားတွေ အများကြီး ကုန်ဆုံးသွားတာ။ အတွေးအတောထဲမှာ ငေးမောပြီးတော့ မနေပဲနဲ့ ဖြစ်နိုင်သလောက်၊ ရနိုင်သလောက် ပစ္စုပ္ပန်တည့်တည်မှာ သတိကပ်ပြီး နေမယ်ဆိုရင် စိတ်ပင်ပန်းမူ မရှိတော့ဘူး။ စိတ် ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ တစ်နေ့တာ ကုန်သွားမယ်။

သင့်အတွေးတွေက သင့်ကို ပိုပြီးတော့ ကောင်းတဲ့ လူတစ်ယောက် ဖြစ်လာအောင်လည်း လုပ်လို့ရတယ်။ သင့်ကို ပျက်စီးသွားအောင်လည်း လုပ်လို့ရတယ်၊ စိတ်ချမ်းသာအောင် အားတက်နေအောင်လည်း လုပ်နိုင်တယ်၊ စိတ်ဆင်းရဲအောင် စိတ်ဓာတ်ကျအောင်လည်း လုပ်နိုင်တယ်။

လူတွေကတော့ ထင်တာပေါ့။ အဆင်မပြေမူတွေ များနေလို့ စိတ်ဆင်းရဲတာပါလို့။ အဲဒီအဆင်မပြေမူက ဘယ်အချိန်ကျမှ အကုန်လုံး ပျောက်သွားမှာလဲ။ ဘ၀ရှိသေး သရွေ့ကတော့ ဘယ်တော့မှ အကုန်လုံး ပျောက်မသွားနိုင်ဘူး။ အနဲနဲ့ အများတော့ ရှိဦးမှာပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့ တရားအားထုတ်ပြီးတော့ ကြည်လင်အောင် သန့်ရှင်းအောင် အေးချမ်းအောင် မြင့်မြတ်အောင် ထားတတ်လာပြီး စိတ်က ကောင်းတာလုပ်ဖို့ပဲ အတွေးများလာတဲ့အခါမှာ ဘ၀မှာ အခက်အခဲတွေ, ဒုက္ခတွေ, ပြဿနာတွေဟာ တဖြေးဖြေး နဲသွားတယ်။

တွေ့တဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ် (process) ကို သေသေချာချာ စိတ်ဝင်စားပြီးတော့ ကြည့်ပါ။ လောကမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဟာ အတွေးပဲ။ အတွေးဟာ အင်မတန် နက်နဲကျယ်ပြန့်တယ်။ တစ်လောကလုံး ဒီလောက်ဆန်းပြားနေတာ အတွေးကြောင့်ပဲ။

တွေးတဲ့အခါမှာ အတွေးနဲ့အတူ စိတ်ထဲမှာ ဘယ်လို ခံစားမူတွေ ဖြစ်လာသလဲဆိုတာ သိအောင်လုပ်ပါ။

ဒီကိလေသာတွေ ဖြစ်လာတဲ့အခါ ချက်ချင်းကြီး ဖျောက်ပစ်ဖို့ မကြိုးစားပါနဲ့။ သူတို့ရဲ့ သဘောသဘာဝတွေကို စိတ်ဝင်စားပြီးတော့ သေသေချာချာကြည့်ပါ။ သူတို့နဲ့ အတူတူပါလာတဲ့ ဆင်းရဲတဲ့သဘော ပင်ပန်းတဲ့သဘောကိုလည်း တွေ့ရလိမ့်မယ်။ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောကို မြင်ပါများလာရင် ကိလေသာတွေကို မွေးမထားတော့ဘူး။

သူ့ရဲ့သဘောသဘာဝတွေကို သိရင်းသိရင်းနဲ့ ဉာဏ်ရင့်ကျက်လာပြီး တဖြည်းဖြည်း သူ့ဟာသူ အားနဲသွားတာပါပဲ။ အဲဒီတော့ သူ့ရဲ့သဘောသဘာဝတွေကို သိဖို့က အင်မတန် အရေးကြီးပါတယ်။

နာမည်တွေ ခဏဖယ်ထားပြီးတော့ အာရုံပေါ်မှာ ခံစားပြီး သိလို့ရတာ ၀င်လာတဲ့လေဟာ အေးနေတယ်။ ပြန်ထွက်သွားတဲ့လေဟာ နွေးနေတယ်။ မတူတာလေးကို မတူမှန်း သိဖို့လိုတယ်။ မတူမှန်းကို သိနေလို့ရှိရင် သတိပိုကောင်းလာတယ်။ သမာဓိ ပိုကောင်းလာတယ်။

အာရုံကို ထိထိမိမိသိသွားတဲ့အခါမှာ အာရုံပေါ်မှာ ပိုပြီးတော့ စိတ်ဝင်စားမူ ရှိတယ်။ အာရုံကို သေသေချာချာ မသိတဲ့အချိန်မှာ စိတ်ရဲ့သဘာဝဟာ တခြား အာရုံ တစ်ခုခုကို ရှာချင်တယ်။ ဒီအာရုံကို စိတ်မ၀င်စားတော့ဘူး၊ ဘာမှမထူးပါဘူးလို့ ထင်လာတယ်။ တကယ်ထိထိမိမိလုပ်ရင် ရက်ပိုင်းအတွင်း ထူးပါတယ်။

သမာဓိကောင်းလို့ အရှိန်နဲနဲ ရသွားပြီဆိုရင် စိတ်က သူ့ဟာသူပဲ ဒီအာရုံထဲမှာ နေပြီးတော့ အလိုက်သင့်လေး၊ ပုံမှန်လေး သူ့ဟာသူ အားထုတ်သွားနေတယ်။ စိတ်ထဲမှာလည်း တင်းမနေတော့ဘူး။ လျော့သွားတယ်။ လျော့သွားတယ်ဆိုတာက ၀ီရိယ လျော့သွားတယ်လို့ မဆိုလိုဘူးနော်။ Tension တင်းမာမူ လျော့သွားတာ။ ခန္ဓာကိုယ်မှာလည်း Tension မရှိတော့ဘူး။ စိတ်မှာလည်း Tension မရှိတော့ဘူး။ ခန္ဓာကိုယ်ကလည်း Relax ဖြစ်နေတယ်။ စိတ်ကလည်း Relax ဖြစ်သွားတယ်။ အဲဒါကိုပဲ ကာယမုဒုတာ၊ စိတ္တမုဒုတာလို့ ခေါ်တာပဲ။ ကိုယ်၏နူးညံ့ခြင်း၊ စိတ်၏နူးညံ့ခြင်းဆိုတာ ဖြစ်သွားတယ်။

အသည်လို သမာဓိ တော်တော်လေး ကောင်းလာတဲ့ အခါမှာ သက်သောင့်သက်သာဖြစ်သွားတော့ အင်မတန် ချမ်းသာလာတယ်။ ပိုပြီးပျော်လာတယ်။ အဲဒီအချိန်မှာ ငြိမ်းချမ်းပြီးနေတယ်။ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ - ကိုယ်စိတ် နှစ်ပါးလုံးရဲ့ ငြိမ်းအေးခြင်းတဲ့။ စိတ်ထဲမှာ အေးနေတယ်။

“အရင်တုန်းက စိတ်ဆင်းရဲစရာတစ်ခုခု ရှိလာပြီဆိုရင် သူများကိုပဲ အပြစ်တင်တယ်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် ငါ့မှာ စိတ်ဆင်းရဲရတယ်လို့ ဒီလို အပြစ်တင်တယ်”တဲ့။ “ဒီလိုတရားအားထုတ်လို့ စိတ်ချမ်းသာနေတဲ့ အခါကျတော့ ဒီစိတ်ကို ကြည့်တဲ့အခါ ပြင်ပက ဘာကြီးဖြစ်နေဖြစ်နေ ကိုယ့်စိတ်ကိုကိုယ် ထားတတ်ရင် ချမ်းသာနေတာပဲဆိုတာ တွေ့ရတယ်” တဲ့။ “အရင်တုန်းက စိတ်ချမ်းသာမူဟာ အပြင်မှာ ရှိတယ်လို့ ထင်တယ်။ အခုတော့ စိတ်ချမ်းသာမူဟာ စိတ်ထဲမှာပဲ ရှိတယ်ဆိုတာကို သိလာတယ်”တဲ့။

အိပ်ပျော်သွားလို့ ဘာမှမသိတော့လို့ စိတ်ကို အနားပေးလိုက်တဲ့နည်းက သတိမပါဘူး၊ ပညာမပါဘူး။ အိပ်မပျော်ဘဲနဲ့ကို ကိုယ့်ခန္ဓာမှာ ဖြစ်နေတဲ့ ရိုးရိုးအာရုံတစ်ခုအပေါ်မှာ စိတ်ကလေးကို ကပ်ထားပြီးတော့ ဘာမှမတွေးဘဲနဲ့ သိနေတဲ့အချိန်မှာ စိတ်အနားရတာက ပိုပြီးတော့ နက်နဲတယ်။ အဲဒီလို စိတ်ကို ထားနိုင်လို့ရှိရင် စိတ်ရဲ့အင်အားကလည်း ပိုပြီးတော့ ကြီးမားလာပါတယ်။ 

ဆရာတော်ဦးဇောတိက

No comments:

Post a Comment