လူတွေဟာ သနားစရာ အင်မတန်ကောင်းတယ်။ စိတ်ကူးယဉ်ပြဿနာတွေနဲ့ ဒုက္ခရောက်နေကြတယ်။ ကိုယ့်စိတ်က ဖန်တီးထားတဲ့ ပြဿနာကို စိတ်ကဖန်တီးထားတာလို့ အမှန်အတိုင်း မသိတော့ ပျောက်အောင် ဘယ်လိုမှ လုပ်လို့မရနိုင်ဘူး။ သူ့စိတ်ထဲမှာတော့ သူ့ပြဿနာတွေဟာ ပြဿနာ အစစ်တွေချည်းပဲလို့ ထင်မှာပဲ။
လူ့ဘ၀မှာ တွေ့ကြုံနေရတဲ့ ပြဿနာ တော်တော်များများဟာ စိတ်က ဖန်တီးထားတာပါ။ စိတ်က မရှိတာကို အရှိဖြစ်အောင် လုပ်တတ်တယ်။ တကယ်ရှိတာ မဟုတ်ဘူး။ ပြောရရင် ယုံနိုင်စရာ မရှိဘူး။
စိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ်ပြဿနာတွေပါလို့ သိပြီးတော့ သူတို့ကို လက်လွှတ်လိုက်လို့ရှိရင် ပြဿနာအစစ်တွေကို ဖြေရှင်းဖို့ရာ အချိန်ပိုပေးနိုင်တယ်။ ပြဿနာ အစစ်ဆိုတာ တကယ်ပြောရရင် ၁၀% တောင် ရှိချင်မှရှိမယ်။ စိတ်ကူးယဉ်ပြဿနာတွေက ၉၀% လောက်ရှိတယ်။ အဲဒီစိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ် ပြဿနာတွေပဲလို့ သိပြီးတော့ လက်လွှတ်လိုက်လို့ရှိရင် ၉၀% လောက်သက်သာသွားတယ်။ ဒါကြောင့် စိတ်ကို သေသေချာချာ ကြည့်ပြီးတော့ သိဖို့ အားပေးတာ တိုက်တွန်းတာပါ။
လူ့အသိုင်းအ၀ိုင်းအပေါ်မှာ စေတနာ ထားတယ်၊ မေတ္တာ ထားတယ်၊ ကောင်းစေချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို ပိုပြီးတော့ ကောင်းတဲ့လူဖြစ်အောင် ကြိုးစားပါ။ သတိနဲ့နေတဲ့ အလေ့အကျင့်ကို လုပ်ပါ။ အဲသလိုဆိုရင် ကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်ရာလည်း ရောက်တယ်၊ လောကကြီးကို ကောင်းအောင် လုပ်ရာလည်း ရောက်သွားတယ်။ ပြီးတော့ မြတ်စွာဘုရားကိုလည်းပဲ အကောင်းဆုံးနည်းနဲ့ ကျေးဇူးဆပ်ရာ ရောက်သွားပြီ။
လောကကြီးကို တကယ်ကောင်းစေချင်တယ်ဆိုရင် သတိနဲ့နေတဲ့ အလေ့အကျင့် လုပ်ပါ။ သတိနဲ့နေလာရင် ကိုယ့်ကိုယ်ကို အများကြီး သိလာလိမ့်မယ်။ ကိုယ့်စိတ်ကို အများကြီး သိလာမှသာ သူတစ်ပါးစိတ်ထဲ ဘယ်လို ခံစားနေရသလဲဆိုတာ နဲနဲသိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော၊ အများအကျိုးပါ မထိခိုက်အောင် လုပ်နိုင်တယ်။ ဒါ့အပြင် ကိုယ့်အကျိုးရော အများအကျိုးရော ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် အကျိုးကို ဆောင်ရွက်နိုင်တယ်။ ဒါ့ကြောင့် အများအကျိုးဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ, သမာဓိ, ဉာဏ်ပညာ ရှိဖို့လိုတယ်။
သတိ သမာဓိ ရှိတဲ့လူ၊ သက္ကာဒိဋ္ဌိ အားနည်းတဲ့ သူဟာ ကိစ္စတစ်ခု ဖြစ်မြောက်သွားဖို့ပဲ ဦးစားပေးတယ်။ “ငါလုပ်လို့ပဲဖြစ်ဖြစ်၊ သူများလုပ်လို့ပဲဖြစ်ဖြစ်၊ ကောင်းတဲ့ကိစ္စတစ်ခုဖြစ်သွားရင် အများချမ်းသာတယ်။ ငါ မလုပ်ရလည်း ကိစ္စမရှိဘူး”လို့ ဆိုပြီး အေးအေးချမ်းချမ်း နေနိုင်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ လောကရဲ့ အကျိုးကို အကြီးအကျယ် ဆောင်ရွက်နိုင်တယ်။
အတ္တက ဘယ်တော့မှ သူ့မှာ ပြည့်စုံတယ်လို့ မရှိဘူး။ အတ္တဟာ အားငယ်နေတယ်။ ဒါကြောင့် အားကိုးစရာကို ရှာတယ်။ ငွေကို အားကိုးတယ်။ ဂုဏ်ကို အားကိုးတယ်။ ဒါပေမဲ့ ဘယ်လောက်ရရ အားငယ်တုန်းပဲ။ ပြည့်စုံပြီလို့ မခံစားရဘူး။ အားငယ်စိတ်ကြောင့် မပြည့်စုံတာ၊ လိုချင်တာ။ တကယ်အသုံးလိုလို့ လိုချင်တာ မဟုတ်ဘူး။
အတ္တရဲ့သဘာဝမှာ ပြည့်စုံခြင်းဆိုတာ ဘယ်တော့မှ မရှိဘူး။ အတ္တရဲ့သဘာဝဟာ အမြဲတန်း ချို့တဲ့နေပါတယ်။ ထူးဆန်းတာက လိုချင်တာ များများရလေ ပိုပြီး မပြည့်စုံလေ ဖြစ်လာတယ်။ အတ္တဟာ တစ်ကိုယ်ကောင်းဆန်တဲ့ သဘောဖြစ်လို့ သူ့အလိုပြည့်ဖို့ တစ်ခုကိုပဲ သူ စဉ်းစားတယ်။
အတ္တဟာ ငြီးငွေ့သွားတယ်။ မေတ္တာဟာ မငြီးငွေ့ဘူး။ အတ္တက တစ်ခုခုကို တန်ဖိုးထားတယ်ဆိုတာ ခဏပဲ။ သူချစ်တယ်ဆိုတာ အမှန်တော့ သူ့ကိုယ်ကျိုးအတွက်ပဲ။
အတ္တက ဖျက်ဆီးချင်တဲ့သဘော ရှိတယ်။ သူ့ရုပ် တည်ရာ မြဲဖို့ သူတစ်ပါးကို နေရာဖယ်ခိုင်းချင်တယ်။ အတ္တမရှိရင် ဘယ်သူ့ကိုမှ မဖျက်ဆီးချင်ဘူး။ အတ္တမရှိရင် အရာရာတိုင်းကို ပိုပြီးတော့ တန်ဖိုးထားတယ်၊ ပိုပြိး သနားတတ်တယ်။ ပိုပြီးချစ်တယ်။ ပိုပြီး လေးစားတယ်။
အတ္တရဲ့သဘာဝကို သေသေချာချာ စဉ်းစားပါ။ အတ္တမှာ လုံခြုံမူဆိုတာ ဘယ်တော့မှ မရှိဘူး၊ စိတ်မချဘူး။ အမြဲတန်း စိုးရိမ်နေတယ်။ အမြဲတန်း ကြောက်နေတယ်။ အကြောက်ပြေဖို့ကို နည်းအမျိုးမျိုးနဲ့ ကြိုးစားတယ်။ ပိုက်ဆံရှိရင် အားရှိတယ်၊ အာဏာရှိရင် အားရှိတယ်။ အဲဒီလို တွေးတယ်။ လူတွေကို ငါ ချုပ်ကိုင်ထားလို့ရရင် ငါခိုင်းသလိုလုပ်ရင် ငါနည်းနည်း လုံခြုံမူရှိမယ်၊ စိတ်အေးရမယ်။ ဒါကြောင့် ငါခိုင်းတာကို လုပ်မယ့်သူတွေ များအောင်လုပ်မှ ဖြစ်မယ်။ ငါ ခိုင်းသလို မလုပ်တဲ့သူတွေကို ဖယ်မှဖြစ်မယ်။
အတ္တဟာ တစ်ဖက်သားကို ချုပ်ချယ်ချင်တယ်။ သူတစ်ပါးကို ချုပ်ကိုင်ထားပြီးတော့ ကိုယ့်ဘ၀ ရပ်တည်မူကို ရှာချင်တယ်။ ကိုယ့်အတွက် အဆင်ပြေဖို့ သူများကို အသုံးချလိုက်တယ်။ အတ္တဟာ သူတစ်ပါးကို ဘယ်တော့မှ လွတ်လပ်မူ မပေးဘူး။ သူကိုယ်တိုင်ကော လွတ်လပ်သလား။ သူကိုယ်တိုင်လည်း ဘယ်တော့မှ မလွတ်လပ်ဘူး။
ဒီအတ္တရဲ့သဘာဝကို ပိုသိလာတော့ မြတ်စွာဘုရားကို ပိုပြီးတော့ ကျေးဇူးတင်တယ်။ အနတ္တသဘာဝကို နားလည်နိုင်အောင် သဘောပေါက်နိုင်အောင် ဟောခဲ့တယ်။ တရားအားထုတ်ပြီးတော့ ကိုယ်ပိုင်ဉာဏ်နဲ့မြင်နိုင်အောင် နည်းလမ်းတွေ ပေးခဲ့တယ်။ ဘုရားပေးတဲ့နည်းအတိုင်း အားထုတ်လို့ အနတ္တကို သိလာတဲ့အခါမှာ အနတ္တဟာ ဘယ်လောက် အေးချမ်းသလဲ၊ လွတ်လပ်သလဲဆိုတာ သိလာတယ်။ အနတ္တစိတ်ဟာ ဘယ်လောက်ပြည့်စုံသလဲဆိုတာ သိလာတယ်။ အနတ္တစိတ်နဲ့ နေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ မချုပ်ချယ်ချင်ဘူး။ ဘယ်သူကမှလည်း ချုပ်ချယ်လို့ မရဘူး။
လူတွေဟာ ကိုယ့်အကြောင်းကိုယ် မသိဆုံးပဲ။ ပြင်ပအကြောင်းတွေသိတာ အင်မတန်များတယ်။ လူတွေကတော့ ကိုယ့်အကြောင်းကိုယ် သိတယ်လို့ ထင်မှာပဲ။ တစ်ကယ်တော့ မသိဖူး။ အထင်ပဲ။ “ငါ့စိတ်” “ငါ့စိတ်” လို့သာပြောနေတာ တကယ်တော့ ငါ့စိတ်အကြောင်း ငါမသိဘူး။ သိတယ်လို့ ထင်နေတာပဲ။ ဒီစိတ်က တွန်းပေးသမျှ ခိုင်းသမျှ အားလုံးကို လျှောက်လုပ်နေတယ်။
စိတ်အကြောင်းကို တကယ်သိသွားရင် စိတ်က ခိုင်မာရင့်ကျက်လာမယ်၊ အေးချမ်းလာမယ်၊ တည်ငြိမ်လာမယ်။ အရာရာတိုင်းကို စိတ်က လွှမ်းမိုးတယ်။ စိတ်ကို တကယ်သိသွား ရင် အဲဒီစိတ်က လွှမ်းမိုးတာ၊ ချုပ်ချယ်တာ၊ နှိပ်စက်တာ မခံရတော့ဘူး။ ကိုယ့်ကို အနှိပ်စက်ဆုံးဟာ သူတစ်ပါးမဟုတ်ဘူး၊ ကိုယ့်စိတ်ပဲ။ ဒါကြောင့် သူ့အကြောင်းကို မသိရင်ခက်မယ်။
ကိုယ့်စိတ်မှာ ဖြစ်သမျှကို သတိထားပြီး ကြည့်နေရင် ကိုယ့်စိတ်ကို ရှင်းပြီးသား ဖြစ်သွားတယ်။ အရေးကြီးတာက နေ့စဉ်နေ့စဉ် ကိုယ့်စိတ်ရဲ့တံခါးဝမှာ သတိဆိုတဲ့ အစောင့်လေးရှိဖို့ လိုတယ်။
ရုပ်ပိုင်းဆိုင်ရာ အိုးအိမ်မရှိတဲ့သူတွေဟာ ဘယ်လိုနေကြရသလဲ။ ဟိုနေ ဒီနေ အတည်တကျမရှိဘူး။ ဘယ်နေရာမှ သူ့အိမ်သူ့ရာလို့ ပြောလို့မရဘူး။ ခြေသလုံးအိမ်တိုင် ဖြစ်နေတယ်။ ဂုဏ်သိက္ခာ မဲ့တယ်။ သတိမရှိတဲ့စိတ်ကလည်း ထို့အတူပဲ။ ဟိုရောက်ဒီရောက်နဲ့ ဂုဏ်သိက္ခာ မရှိဘူး။ မကောင်းတဲ့အာရုံ၊ လောဘ၊ ဒေါသ၊ မာန စတဲ့ အကုသိုလ် အန္တရာယ်တွေ များတယ်။
သတိဆိုတဲ့အိမ်မှာ တကယ်နေလိုက်ပြီဆိုင် လုံခြုံတယ်၊ စိတ်ချရတယ်။ အန္တရာယ်ကင်းတယ်၊ တည်ကြည်ခံ့ညားမူ ရှိတယ်။ သတိဟာ စိတ်အတွက် အိမ်ပဲ။ သတိနဲ့ မနေတဲ့ လူရဲ့စိတ်မှာ အိမ်မရှိဘူး။ ရောက်ရာပေါက်ရာ လျှောက်သွားနေတာပဲ။ ပေ, တေ, လေ နေတဲ့ စိတ်ပဲ။
စိတ်ကိုကြည်လင်အောင်၊ တည်ငြိမ်အောင်၊ အတွေးမျိုးစုံနဲ့ ရူပ်ထွေးမနေအောင် ညှိတတ်ဖို့ လိုမယ်။ (mentaltuning) လုပ်တယ်ဆိုတာ စိတ်ကို ကြည်အောင် လုပ်တာ၊ အတွေးမျိုးစုံရောပြီး ရူပ်မနေအောင် လုပ်တာကို ပြောတာ၊ မဆိုင်တဲ့ ကိစ္စတွေတွေးပြီး စိတ်ရူပ်ထွေးနေရင် အခုလုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံး အကြံဉာဏ်တွေ စိတ်ကူးတွေ မထွက်နိုင်တော့ဘူး။
စိတ်ကိုသိနေတဲ့အလေ့အကျင့် အတွေးတွေကို သိနေတဲ့ အလေ့အကျင့်ကို သေသေချာချာ လေ့ကျင့်ထားရင် စိတ်ထဲမှာ အတွေးတွေ ရူပ်လာတဲ့အခါ အဲ့ဒါကို သိမယ် သေသေချာချာသိရင် ရှင်းလို့ရတယ်။ စိတ်ရှင်းရှင်းနဲ့ နေတတ်ရင်၊ လုပ်သင့်တာတွေ ပိုလုပ်နိုင်တယ်၊ မလုပ်သင့်တာတွေကို မလုပ်တော့ဘူး၊ မတွေးသင့်တာတွေကိုလည်း မတွေးတော့ဘူး။ အဲဒီလို နေနိုင်ရင် ကိုယ့်ဘ၀မှာ အဆင်ပြေတာတွေ များလာမယ်။ ကိုယ့်ဘ၀ဟာ ကိုယ့်လက်ထဲမှာ ပဲရှိနေပါလိမ့်မယ်။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment