Monday, 17 December 2012

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (၁)

ကိုယ့်စိတ်ကိုကိုယ် သိတယ်ဆိုတာ ကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းတွေထွက်လာဖို့ အဓိကအကြောင်းဖြစ်တယ်။ ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင် ပိုကောင်းတဲ့ တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး။

လူနဲ့တိရိစ္ဆာန် ခြားနားမူဖြစ်တဲ့ မိမိစိတ်ကိုမိမိ သိခြင်းဆိုတဲ့ စွမ်းရည်ဟာ အတိုင်းအတာ ကန့်သတ်ချက် မရှိဘူး။ လူကို လူပီသအောင်လုပ်ပေးတဲ့ စွမ်းအားသတ္တိ ဖြစ်ရုံတင် မကပါဘူး။ သာမန်လူထက် ပိုလွန်တဲ့၊ ထူးကဲတဲ့၊ မြင့်မြတ်တဲ့ လူသားတစ်ဦးဖြစ်အောင် လုပ်ပေးနိုင်တယ်။


လူတိုင်းမှာ တကယ်မလုပ်မဖြစ်တဲ့အလုပ် တစ်ခုပဲ ရှိတယ်။ ကိုယ့်အကြောင့် ကိုယ် သိဖို့ပဲ။ ကိုယ့်အကြောင်းကိုကိုယ် အမှန်အတိုင်း သိရတာ မသက်သာပါဘူး။

ကိုယ့်စိတ်ကိုကိုယ် သိလာတဲ့အခါမှာ အင်မတန်ကြီးမားတဲ့ အင်အားတစ်ခုကို တွေ့ရတယ်။ အားငယ်စိတ် ကြောက်စိတ် မရှိတော့ဘူး။ ချီးမွမ်းတာ, ကဲ့ရဲ့တာကို မကြောက်တော့ဘူး။ ဆင်းရဲတာ ပင်ပန်းတာကို မကြောက်တော့ဘူး။ ဘာကိုမှ မကြောက်တဲ့စိတ်ကို ရတယ်။

ကိုယ့်စိတ်ကိုယ်ကိုယ် သိနေတဲ့သူဟာ အကျိုးမရှိတာကို လုပ်ချင်တဲ့စိတ်ကို ဦးစားမပေးတော့ဘူး။ အကျိုးရှိတာကို ဦးစားပေးတယ်။ လုပ်သင့်တာတွေကို ပိုလုပ်ဖြစ်တယ်။ ဒါကြောင့် ကိုယ့်ဘ၀ဟာ ပိုပြီး အဆင်ပြေလာတယ်။

ကုသိုလ်ကောင်းမူတွေ အမျိုးမျိုးရှိတဲ့အထဲက တကယ်အကျိုးအများဆုံး၊ အင်အားအကြီးဆုံး ကုသိုလ်ဟာ မမေ့မလျော့ သတိနဲ့နေတာ။

ကိုယ့်စိတ်ကိုကိုယ် အမှန်အတိုင်းမသိရင် ကိုယ့်စိတ်က ဂယောက်ဂယက် ဖြစ်နေရင် ကိုယ့်မှာ ဘာ Power မှ မရှိဘူးလို့ ပြောလို့ရတယ်။ မောဟကြီးတဲ့သူရဲ့ စိတ်မှာ Power မရှိဘူး။ သတိကြီးတဲ့သူ၊ သမာဓိကြီးတဲ့သူ၊ ဉာဏ်ပညာကြီးတဲ့သူရဲ့ စိတ်မှာ Power ရှိတယ်။

“အပ္ပမာဒေါ အမတံ ပဒံ” ဆိုတာ။ အပ္ပမာဒေါ - မမေ့မလျော့ခြင်းသည်၊ အမတံ - မသေခြင်း၏ (တစ်နည်းအားဖြင့်) နိဗ္ဗာန်၏၊ ပဒံ - အကြောင်းပင်တည်း။

“ပမာဒေါ မစ္စုနော ပဒံ” ဆိုတာ။ ပမာဒေါ - မမေ့မလျော့ခြင်းသည်၊ မစ္စုနော - သေခြင်း၏၊ ပဒံ - အကြောင်းပင်တည်း။

“အပ္ပမတ္တာ နမီယန္တိ” - မမေ့မလျော့သူတို့သည် မသေကုန်။

“ယေ ပမတ္တာ ယထာမတာ” - မေ့လျော့သူတို့သည် သေသူတို့နှင့် တူကုန်၏။

သတိမပါ ဉာဏ်မပါဘဲနဲ့ ဟိုတွေးဒီတွေးနဲ့ မေ့တိမေ့လျော့နေတဲ့သူဟာ အဲဒီအချိန်ဟာ သူ့အတွက် သေသွားတဲ့ အချိန်ပဲ။ ကိုယ့်ဘ၀မှာ နေနေရတဲ့အချိန်နဲ့ သေနေရတဲ့အချိန် ဘယ်ဟာက များနေလဲဆိုတာ တော်တော် စဉ်းစားသင့်တယ်။ ဒါ့ကြောင့် တကယ်နေလိုက်ရတဲ့အချိန်၊ တန်ဖိုးရှိရှိ နေလိုက်ရတဲ့အချိန်၊ သတိနဲ့ ဉာဏ်နဲ့ သေသေချာချာ နေလိုက်ရတဲ့ အချိန်တွေ များအောင် ကြိုးစားမှသာ တကယ်အသက်ရှင်တဲ့သူလို့ ဆိုနိုင်မယ်။

သတိနဲ့နေတဲ့အကျင့်ကို များများလုပ်လာတဲ့အခါကျမှ မေ့တိမေ့လျော့နဲ့ နေခြင်းသည် တကယ် အသက်မ၀င်ဘူးဆိုတာ သိလာတယ်။ သတိနဲ့နေတာ အင်မတန် အသက်ဝင်တယ်။ ကိုယ့်ဟာကိုယ် တကယ် ခံစားလို့ရတယ်နော်။ သတိမြဲအောင် ကြိုးစားပြီးတော့ နေသွားလို့ရှိရင် “သတိမြဲလာလေလေ အသက်ဝင်လေလေ” ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ပိုသိလေလေ ဖြစ်လာတယ်။

မေ့တိမေ့လျော့ သတိလက်လွတ်နေတယ်ဆိုတာ မကောင်းပါဘူး။ ဘာပဲလုပ်လုပ် ဘာပဲတွေးတွေး အချိန်မရွေး အခါမရွေး သတိနဲ့နေရတာ အကောင်းဆုံးပဲ။

တစ်နေ့တာလုံး သတိကပ်ပြီးတော့ နေတဲ့သူဟာ ကြည်လင်တယ်၊ အေးချမ်းတယ်၊ နူးညံ့တယ်၊ တည်ကြည်ခံ့ညားတယ်။ မျက်နှာအမူအရာ၊ ပြောတာဆိုတာကို ကြည့်ရင်လည်း သတိနဲ့နေတဲ့သူဟာ အပိုအလိုမရှိ ပြောတယ်။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိတယ်။

သတိရှိနေခြင်းသည်ပင်လျှင် စိတ်ဓာတ်နဲ့အသိဉာဏ်ကို မြှင့်ပေးထားတာနဲ့ တူတယ်။ မေ့တိမေ့လျော့နေတာဟာ ကိုယ့်ရဲ့ စိတ်အဆင့်အတန်းကို ကျသွားအောင် ဘ၀အဆင့်အတန်းကို ကျသွားအောင် ခွင့်ပြုထားတာနဲ့ တူတယ်။

လူတစ်ယောက်ရဲ့ စိတ်နေသဘောထား, အကျင့်သီလ, အသိဉာဏ်, လုပ်ရည်ကိုင်ရည် စသည်ဖြင့် အားလုံး အဆင့်မြင့်မားလာဖို့အရေးမှာ အခြေခံအကျဆုံးအချက်ဟာ သတိပဲ။

စိတ်ထားတွေ၊ အသိဉာဏ်တွေ၊ လုပ်ရည်ကိုင်ရည်တွေ၊ လူမူရေး, စီးပွားရေးတွေပါ တဖြည်းဖြည်း တိုးတက်လာချင်ရင် တတ်နိုင်သလောက် ကိုယ့်စိတ်ကို သိပြီးနေပါ။

ပစ္စည်းကောင်းတွေ သုံးနိုင်ရုံနဲ့ အဆင့်အတန်းမြင့်တဲ့သူ မဖြစ်သေးဘူး။ စိတ်နေသဘောထား အဆင့်အတန်းမြင့်မှ အဆင့်အတန်း မြင့်တဲ့သူလို့ ဆိုနိုင်တယ်။ နေပုံထိုင်ပုံ ပြောပုံဆိုပုံ အဆင့်အတန်းမြင့်မှ အဆင့်အတန်းမြင့်တဲ့သူ ဖြစ်တယ်။

Self-perfection is culture ဆိုတာ မိမိကိုယ်ကို ကောင်းသည်ထက် ကောင်းအောင် ချို့ယွင်းချက်ကင်းအောင် လုပ်တာ ယဉ်ကျေးမူပါ။

Self-perfection ဆိုတာ ရုပ်ရည်ကို perfect ဖြစ်အောင် လုပ်တာကို ပြောတာမဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကို ချို့ယွင်းချက်ကင်းအောင် perfect ဖြစ်အောင် ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါဖြင့်ရင် perfect ဖြစ်အောင်၊ ကြာလေ ပိုကောင်းလေဖြစ်အောင် ဘယ်ဟာကို လုပ်ရင်ရမှာလဲဆိုတော့ စိတ်ပဲရတယ်။ ဘုရားဟောတဲ့ ကိလေသာတွေ လုံးဝကင်းတဲ့ ထိအောင် တရားအားထုတ်ဖို့ဆိုတာဟာ Self-perfection ပဲ။ ဒါကြောင့် ရဟန္တာဖြစ်သွားရင် စိတ်က perfect ပဲ။ ချို့ယွင်းချက် ကင်းသွားတယ်။ အဲ့သလိုဆိုရင် အဲဒီရူထောင့်ကနေ ကြည့်တော့ ဘုရားဟောတဲ့ တရားတော်တွေက အမြင့်ဆုံး ယဉ်ကျေးမူ ဖြစ်သွားတယ်။

ကိုယ့်ဘ၀ကို တကယ်ပိုကောင်းအောင် လုပ်တဲ့အခါမှာ သေချာတဲ့နေရာက စပါ။ စိတ်ထားကောင်းအောင် အရင်လုပ်ပါ။ တည်ငြိမ်အေးချမ်းအောင်, ရိုးသားဖြောင့်မတ်အောင်, ကိုယ်ချင်းစာတတ်အောင်, ကူညီတတ်အောင်, မနာလိုဝန်တိုစိတ် နဲအောင်, မုဒိတာများအောင်, တစ်ကိုယ်ကောင်း မဆန်အောင်, ခွင့်လွှတ်တတ်အောင်, အကောင်းမြင်တတ်အောင် နေ့စဉ် စိတ်ကို သတိနဲ့ စောင့်ကြည့်ရင်း လေ့ကျင့်ယူပါ။

ဝမ်းနဲ့ဝမ်းသာ များလွန်တဲ့သူဟာ ဘ၀လမ်းကြောင်း မဖြောင့်ဘူး။ ၀မ်းနဲ့ဝမ်းသာဖြစ်တိုင်း ဘ၀လမ်းကြောင်း ကွေ့ကောက်သွားတယ်။

ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့ ၀မ်းနဲ, ၀မ်းသာ ဖြစ်တာတွေ၊ ကျေနပ်တာ, မကျေနပ်တာ ဖြစ်တာတွေ အဖြစ်နဲအောင် နေနိုင်တဲ့သူရဲ့စိတ်ဟာ ကြည်လင်အေးချမ်းမူ ပိုရှိတယ်။ ကြည်လင်အေးချမ်းတဲ့စိတ်နဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ဖြောင့်ဖြောင့် သွားလို့ရတယ်။

သတိနဲ့နေတဲ့ အလေ့အကျင့်ကို စွဲစွဲမြဲမြဲ နေ့စဉ်တစ်နေ့လုံး သတိရတိုင်း လေ့ကျင့်လာတဲ့သူဟာ တဖြည်းဖြည်းနဲ့ မြင်ရတဲ့အခါမှာ ဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ ကြားရတဲ့အခါမှာ ဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ ခံစားမူအမျိုးမျိုးနဲ့ မြင်တာ ကြားတာအပေါ်မှာ သဘောထားအမျိုးမျိုး ဖြစ်နေတာကို ပိုပြီး အသေးစိတ် မြင်လာတယ်၊ သိလာတယ်။ လိုချင်နေတဲ့ စိတ်အမျိုးမျိုး၊ လိုချင်တာ မရမှာ စိုးရိမ်တဲ့ စိတ်အမျိုးမျိုး၊ လိုချင်တာရတဲ့အခါ ဖြစ်တဲ့ ပျော်ရွှင်မူ၊ ကျေနပ်မူ၊ မာနစတဲ့ စိတ်ရဲ့ သဘာဝတွေကိုလည်း ပိုသိလာတယ်။ အဲဒီအခါမှာ ဖြစ်သမျှကို ဘေးကနေ ပွဲကြည့်ပရိသတ်လို့ သဘောထားမျိုးနဲ့ အေးအေးဆေးဆေး ကြည့်နိုင်တယ်။

အဲဒီလို ပွဲကြည့်ပရိသတ်လို ဘာမှဝင်မစွက်ဘဲ အေးအေးဆေးဆေးကြည့်နိုင်တဲ့ အရည်အချင်းဟာ အင်မတန် အရေးကြီးတဲ့ တန်ဖိုးရှိတဲ့ အရည်အချင်းဖြစ်တယ်။ အဲဒီလို ကြည့်နိုင်လေလေ အမြင်ရှင်းလေလေပဲ။ အမြင်ရှင်းလေလေ အသိဉာဏ် အဆင့်အတန်း မြင့်မားလေလေပဲ။ အသိဉာဏ်အဆင့်အတန်း မြင့်မားလေလေ စိတ်မှာ လွတ်လပ်မူ ပိုရှိလေလေ ဖြစ်မယ်။

ကိုယ့်စိတ်ထားတွေကို ပိုပြီးတော့ တည်ငြိမ်အောင်၊ အေးချမ်းအောင်၊ ချမ်းသာအောင်၊ တကယ် အဆင့်အတန်းမြင့်တဲ့ အသိဉာဏ်တွေ၊ စိတ်ထားတွေရအောင် လုပ်ချင်တယ်ဆိုရင် သတိနဲ့နေတဲ့ အကျင့်ကို လုပ်မှဖြစ်မယ်။

အဲဒီလို သတိနဲ့နေတဲ့အကျင့်ကို လုပ်လေလေ ကိုယ့်ရဲ့ philosophy of life ဘ၀အမြင်၊ ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့ သဘောထားတွေက ပိုပြီးတော့ ပီပြင်လေ ဖြစ်လာတယ်။ ငါ ဘာအတွက် အသက်ရှိနေတာလဲ ဆိုတာ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိလာတယ်။ ငါ ဘာအတွက် အသက်ရှင်နေတာလဲဆိုတာကို သေသေချာချာသိလာရတာဟာ တော်တော်စိတ်ချမ်းသာစရာ ကောင်းတယ်။

ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ ပိုပြီး သဘောထားမှန်အောင် ပြင်နိုင်တာဟာ လူသားရဲ့ထူးခြားတဲ့ အရည်အချင်း၊ စွမ်းရည်သတ္တိ၊ (power) ဖြစ်တယ်။

တိရိစ္ဆာန်တွေဟာ ကိုယ့်စိတ်ကိုကိုယ် ပြန်မကြည့်နိုင်ဘူး၊ မသိနိုင်ဘူး။ ဒါကြောင့် ပြင်လည်း မပြင်နိုင်ဘူး။ သူတို့ဟာ ဗီဇစိတ်ရဲ့ ကန့်သတ်မူထဲက ထွက်လို့မရဘူး။ သူတို့စိတ်ကိုသူတို့ ပိုကောင်းအောင် လုပ်လို့မရဘူး။ လူသာလျှင် ထူးထူးခြားခြား ကိုယ့်စိတ်ကိုကိုယ် သိပြီး ပြင်နိုင်တဲ့သတ္တ၀ါ ဖြစ်တယ်။ ဒါကြောင့် ဒီအရည်အချင်းကို ထိထိရောက်ရောက် သုံးရမယ်။ ဒီအရည်အချင်းကို ထိထိရောက်ရောက် သုံးနိုင်ရင် လူတစ်ယောက်အနေနဲ့ ဖြစ်နိုင်တဲ့ အဆင့်မြင့်မားတဲ့ လူသားဖြစ်လာပါလိမ့်မယ်။

ဆရာတော်ဦးဇောတိက

No comments:

Post a Comment