ကိုယ့်စိတ်ကိုကိုယ် သိတဲ့အခါမှာ စိတ်ကိုပူလောင်စေတဲ့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ မာနတွေ၊ မနာလိုဝန်တိုတဲ့စိတ်တွေ ပါးသွားတဲ့အခါမှာ စိတ်က အင်မတန် ချမ်းသာလာတယ်။ ပေါ့ပါးလာတယ်။ ကိုယ်ကိုယ်ကိုလည်းပဲ ပိုပြီးတော့ ချစ်လာတယ်။ ကိုယ့်ကိုယ်ကို ပိုပြီးတော့လည်း လေးစားလာတယ်။ စိတ်ဓာတ်အင်အားတွေလည်း တက်လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မူတွေလည်း ပိုရှိလာတယ်။ အသိဉာဏ်လည်း တော်တော်မြင့်လာတယ်။ ကိုယ့်အသိဉာဏ်ကိုကိုယ် ယုံကြည်လာတယ်။ ကိုယ့်အသိဉာဏ်ကိုကိုယ် ယုံကြည်လာလို့ ကိုယ့်ကိုကိုယ် လေးစားမူ ပိုရှိလာပြန်တယ်။
အသိဉာဏ် မြင့်လာတော့ တစ်ခုခုကို စဉ်းစားလို့ရှိရင် ပိုပြီးတော့ မှန်မှန်ကန်ကန် စဉ်းစားနိုင်တယ်။ တစ်ခုခုကို ဆုံးဖြတ်မယ်ဆိုရင်လည်းပဲ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တယ်။ ပြီးတော့ ဘာလုပ်လုပ် စိတ်ပါလက်ပါ လုပ်တယ်။ မလုပ်ချင် လုပ်ချင်နဲ့ စိတ်မပါပဲလုပ်တာ နဲသွားတယ်။ စိတ်နှစ်ခုဖြစ်တာ နဲသွားတယ်။ ဘယ်လောက် ပင်ပန်း ပင်ပန်း လုပ်တယ်။ ပင်ပန်းမှာလည်း မကြောက်တော့ဘူး။
အဲဒါကြောင့် သမာဓိကောင်းလာရင် စိတ်တည်ငြိမ်လာရင် ဘာလုပ်လုပ် ပိုပြီးတော့ ထိရောက်တယ်။ ပိုပြီးတော့ အကျိုးရှိတယ်။ တည်ငြိမ်တဲ့စိတ်ဟာ ထက်နေတဲ့ ဓားနဲ့တူတယ်။
တရားသတိနဲ့နေတဲ့ အလေ့အကျင့် များတဲ့သူ၊ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်း သိတဲ့သူ၊ စေတနာမှန်တဲ့သူ၊ ရိုးသားတဲ့သူ၊ တကိုယ်ကောင်း မဆန်တဲ့သူဟာ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မှန်မှန်ကန်ကန် ချနိုင်တယ်။
သတိနဲ့နေတဲ့သူဟာ အရေးမကြီးတဲ့ ကိစ္စတွေမှာ ပတ်ဝန်းကျင်နဲ့ ပဋိပက္ခ မဖြစ်ဘူး။ အနိုင်လည်း မယူဘူး။ အရူံးလည်း မပေးဘူး။ ကိုယ့်စိတ်ဓာတ် အဆင့်အတန်း နိမ့်ကျသွားမယ့်ကိစ္စကို မလုပ်ဘူး။ သူများကို အနိုင်ရတာကို လွတ်လပ်တာလို့ မယူဆဘူး။ အနိုင်အရူံး မရှိတာကို အသိဉာဏ်ကို မြှင့်တင်တာ ပါပဲ။
လိုချင်နေတဲ့သဘောလေးတွေ သို့မဟုတ်ရင် စိတ်ဆိုးနေတဲ့ သဘောလေးတွေ သို့မဟုတ်ရင် သူ့အဆင့်အတန်း၊ ငါ့အဆင့်အတန်း၊ သူ့ဂုဏ်၊ ငါ့ဂုဏ်တွေ စဉ်းစားနေတယ်၊ အဲဒါလေးတွေကို ပြန်ကြည့်စမ်းပါ။ အဲဒီစိတ်က တကယ် လူကြီးဆန်သလား။ လူကြီးဆန်တယ်၊ Mature ဖြစ်တယ်ဆိုတာ အသက်နံပါတ်နဲ့ မဆိုင်ဘူး။ အသိဉာဏ်နဲ့ပဲဆိုင်တယ်။ သတိနဲ့ သိနေတာ များလေလေ လူကြီးဆန်လေလေ, ရင့်ကျက်လေလေ, မျှတလေလေ ဖြစ်လာမှာပါ။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်းပါ။ ငါ ကလေးဆန်ချင်သလား၊ လူကြီး ဆန်ချင်သလား။ အဖြေကတော့ လူကြီးဆန်ချင်တယ်လို့ပဲ ထွက်လာမှာပေါ့။ ဒါက ပိုပြီး ရင့်ကျက်တယ်၊ ပိုကောင်းတာကိုး။ လူကြီးဆန်ချင်တယ်ဆိုရင် သတိနဲ့ များများနေမှ ရမယ်။ သတိလွတ်တယ်ဆိုတာနဲ့ တစ်ပြိုင်နက် ကိလေသာတွေ ၀င်ပြီ။ ကိလေသာဝင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် အမျော်အမြင် မရှိတော့ဘူး၊ ရေရှည်ကို မမြင်တော့ဘူး၊ ကလေးဆန်သွားပြီ။
နေ့စဉ် အချိန်မရွေး၊ နေရာမရွေး သတိကပ်ပြီးတော့နေတဲ့ အလေ့အကျင့်ကို ကြိုးကြိုးစားစား စိတ်ပါလက်ပါလုပ်ကြည့်ပါ။ ၂-နှစ်၊ ၃-နှစ်လောက် လုပ်ကြည့်ရင်ပဲ စိတ်ဓာတ်ရော အသိဉာဏ်ပါ လေးနက်တဲ့သူ၊ ရင့်ကျက်တဲ့သူ၊ သဘောထား မှန်တဲ့သူ၊ သဘောထားကြီးတဲ့သူ ဖြစ်လာမယ်။ ဘ၀ကို အဓိပ္ပာယ်ရှိရှိ ကျေကျေနပ်နပ် နေနိုင်တဲ့သူဖြစ်လာမယ်။ သတိနဲ့နေတဲ့အကျင့် ရသွားရင် သတိမပါ ဉာဏ်မပါဘဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား နေတာမျိုး မနေနိုင်တော့ဘူး။
သတိနဲ့နေတဲ့အတွက်ကြောင့် အတ္တစွဲ၊ မာနစွဲ၊ ဒေါသနည်းသွားတယ်။ အတ္တ၊ မာန၊ ဒေါသ သည်းခံနိုင်တဲ့အတွက်ကြောင့် အမှားနည်းသွားတယ်။ သည်းမခံနိုင်ရင် အမှားများတာကို။ အမှားတစ်ခုခုမှားပြီးပြီဆိုရင် ဘယ့်နှယ်နေမလဲ၊ ဒီကိစ္စ တအုံးနွေးနွေးနဲ့ စဉ်းစားရပြီ။ ပို မပင်ပန်းဘူးလား။
ဒီလို သတိနဲ့နေသွားခြင်းအားဖြင့် ဘယ်လောက်အကျိုးများတယ် ဆိုတာကို အခြေခံကလေးက စပြီးတော့ ပြောချင်တာ။ ကြီးကြီးကျယ်ကျယ်အဆင့်ကို မရောက်သေးဘူး။ ဒါပေမဲ့ ဘ၀တစ်ခုလုံးဟာ ပိုပြီးတော့ အေးချမ်းမူ ရှိလာတယ်၊ ကြည်လင်မူ ရှိလာတယ်၊ ချမ်းသာလာတယ်၊ ကိုယ်ဆင်းရဲမူ၊ စိတ်ဆင်းရဲမူဟာ နည်းသွားတယ်။ အဲဒီလူဟာ တရားအားထုတ်တဲ့အခါမှာ ဘယ်လိုနေမလဲ။ စိတ်ကပိုပြီးတော့ ဖြောင့်တယ်၊ စိတ်ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ပဲ စိတ်ဖြောင့်ဖြောင့်နဲ့ပဲ သူ တရားအားထုတ်သွားနိုင်တယ်။ သူကြာလေ တိုးတက်လေ ဖြစ်လာတယ်။ သူ့ဘ၀ အခြေအနေဟာ အစစအရာရာ တိုးတက်ပြောင်းလဲလာတယ်။
သတိနဲ့ နေတဲ့သူဟာ လုပ်သင့်တာကို လုပ်တယ်၊ လုပ်သင့်တဲ့အချိန်မှာ လုပ်တယ်။ သူ့နေရာလေးနဲ့သူ အံဝင်ခွင်ကျ ဖြစ်တယ်။ ဘာလုပ်ရမယ်ဆိုတာလည်း ရှင်းရှင်းလေး သိနေတယ်။ အလုပ်လုပ်တဲ့အခါမှာ လောဘရဲ့၊ ဒေါသရဲ့၊ မာနရဲ့ လွှမ်းမိုးမူနဲ့ မလုပ်ဘူး။ မနာလိုဝန်တိုမူ၊ သံသယတွေရဲ့ လွှမ်းမိုးမူနဲ့ မလုပ်တော့ဘူး။ သတိလေးနဲ့ ဉာဏ်လေးနဲ့ သိပြီးတော့ ကြည့်ပြီးတော့ လုပ်တဲ့အတွက်ကြောင့် ကိုယ်လည်း အကျိုးရှိအောင်၊ သူတစ်ပါးလည်း အကျိုးရှိအောင် လုပ်တာပဲများတယ်၊ မှားရင်လည်းပဲ မတော်တဆ မှားသွားတာပဲ။ သူ့ဘ၀ဟာ ရိုးတယ်၊ ရှင်းတယ်။
ဒါကြောင့် သတိရှိခြင်းအားဖြင့် ဘ၀ဟာ ရှင်းလာတယ်၊ ရိုးလာတယ်။ လူတော်တော်များများရဲ့ ဘ၀ဟာ မရိုးဘူး၊ မရှင်းဘူး။ အများကြီး ရူပ်ထွေးနေတယ်။ ဘာဖြစ်လို့တုန်း။ စိတ်က ရူပ်ထွေးနေတာကိုး။ စိတ်ရူပ်ထွေးနေသမျှ ဘ၀လည်း ရူပ်ထွေးနေမှာပဲ။ စိတ်ရှင်းရင် ဘ၀လည်း ရှင်းတာပဲ။
သတိရှိနေလို့ရှိရင် ဘ၀က ရိုးရှင်းမယ်။ လွယ်ကူမယ်။ သတိမရှိလို့ရှိရင် ဘ၀ဟာ တကယ်ကို ၀န်ထုပ်ဝန်ပိုး အကြီးကြီး ဖြစ်လာမယ်။
လူတွေရဲ့ ဘ၀ကို ကြည့်လို့ရှိရင် သိပ်ရူပ်ထွေးပွေလီနေတာ တွေ့ရတယ်။ သူ့နေရာနဲ့သူ မဖြစ်ဘူး။ အားလုံးဟာ ပရမ်းပတာတွေ ဖြစ်နေတယ်။ တစ်ခုခု လုပ်စရာရှိလာရင်လည်းပဲ ဘာလုပ်ရမယ်ဆိုတာ မသိဘူး။ ထင်မိထင်ရာတွေ လုပ်တယ်။ ခဏခဏ မှားတယ်၊ အဲဒီအမှားတွေရဲ့ ဒဏ်ချက်ကိုလည်း ပြန်ပြန်ပြီးတော့ ခံရတာပဲ။
ဒီလို သတိနဲ့နေလာတဲ့အခါမှာ ဖြစ်ပေါ်လာသမျှ ပြဿနာကို မျှမျှတတ ဟိုဘက် သည်ဘက် မြင်တတ်တယ်။ ဘာလုပ်ရမယ်ဆိုတာလည်း အလိုလို သိသွားတယ်။ ဖြေရှင်းတဲ့ အခါမှာလည်း သတိနဲ့ဉာဏ်နဲ့ ကြည့်ပြီးတော့ ဖြေရှင်းတတ်တယ်။ အဲဒီလို ဖြေရှင်းတဲ့အခါမှာ အရာရာတိုင်းဟာ ပိုပြီးတော့ အဆင်ပြေသွားတယ်။ ဒါကြောင့် အရာရာတိုင်းဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်သွားတယ်။
သတိ အမြဲတမ်းကပ်ပြီးတော့ နေသွားတဲ့သူဟာ သူ့ဘ၀မှာ တွေ့ကြုံလာရတဲ့ အခက်အခဲတွေကို သတိနဲ့ကြည့်တဲ့ အခါမှာ ပိုပြီးတော့ အမြင်ရှင်းတယ်။ ကိုယ်လိုတဲ့ဘက်ကို မဆွဲဘူး။ ပုဂ္ဂိုလ်ရေးရူထောင့်ကနေ မကြည့်ဘဲနဲ့ သဘာဝကျကျ၊ အခြေခံကျကျ ခြုံပြီးတော့ ပြည့်ပြည့်စုံစုံ မြင်နိုင် သိနိုင်တဲ့ အသိဉာဏ်မျိုးကိုလည်း ရနိုင်တယ်။ အဲသလို အသိဉာဏ်မျိုးကို ရလာတဲ့သူက ဘ၀မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပိုပြီးတော့ သဘာဝကျကျ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်တယ်။ အဲသလို ဖြေရှင်းနိုင်ရင် ဘ၀မှာ ဒုက္ခတွေ အများကြီး နဲသွားနိုင်တယ်။ ဒီလိုလူဟာ ဦးဆောင်နိုင်တဲ့သူ ဖြစ်လာတယ်။
ဘ၀ကို စမ်းတ၀ါးဝါးနေကြတာ များပါတယ်။ ရမ်းပြီးတော့ လုပ်ကြတာတွေလည်း များတယ်။ မှန်းပြီးတော့ လုပ်ကြတာလည်း ရှိတယ်။ တစ်ခါတလေ ကိစ္စတစ်ခုကို လုပ်ချင်လွန်းလို့ လုပ်တယ်၊ လုပ်ပြီးလို့ တော်တော်ကြာတဲ့ အခါကျမှ မလုပ်ချင်တော့ဘူး။ တစ်ခုခုလိုချင်တယ်ဆိုပြီးတော့ ရအောင်လုပ်တယ်၊ ရပြီးကာမှ မလိုချင်တော့ပြန်ဘူး။ အဲ့ဒီလိုဖြစ်တာတွေက အင်မတန်များပါတယ်။ ကိုယ့်ဘ၀ကိုယ်ကြည့်ရင် တွေ့နိုင်ပါတယ်။
တရားအားထုတ်တဲ့လူကျတော့ ဒီလိုမဟုတ်တော့ဘူး။ ကိုယ် တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်စိတ်ကိုကိုယ် ပြန်ကြည့်တယ်။ ငါ ဒါကို ဘာဖြစ်လို့ လုပ်ချင်တာလဲ၊ တစ်ခုခု အကျိုးစီးပွား လိုချင်လို့လား၊ ဂုဏ် လိုချင်လို့လား၊ သူများ အထင်ကြီးတာ လိုချင်လို့လား၊ ကြွားချင်လို့လား၊ ရေရှည်လုပ်နိုင်မှာလား စတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မေးတယ်။ ကိုယ့်စိတ်ကိုကိုယ် ပြန်ကြည့်ရင် သိတယ်။ အဲဒီတော့ လုပ်သင့်တာဆိုရင် လုပ်တယ်၊ မလုပ်သင့်တာဆို မလုပ်ဖြစ်ဘူး။ ဖြစ်နိုင်တာကို လုပ်တယ်။ မဖြစ်နိုင်တာကို မလုပ်ဘူး။
တရားအားထုတ်တဲ့သူဟာ စိတ်ရှည်တယ်၊ ဇွဲကောင်းတယ်၊ လွယ်လွယ်နဲ့စိတ်မပျက်ဘူး။ ဒါ့ကြောင့် တကယ်တန်ဖိုးရှိတဲ့အလုပ်ကို ရေရှည်စီမံကိန်းနဲ့ လုပ်တယ်။ ဖြစ်တာများတယ်။ ဒါ့ကြောင့် အောင်မြင်မူလည်း ရတယ်။
လူတွေမှာ အင်မတန်ကြီးမားတဲ့ အစွမ်းသတ္တိတွေ အများကြီးရှိပါတယ်။ အဲဒီစွမ်းရည်သတ္တိတွေဟာ ကစဉ့်ကရဲ ဖြစ်နေတယ်။ တစ်ခုဆိုတစ်ခု လေးလေးနက်နက် ဦးတည်ချက်ထားပြီး တကယ်စွဲစွဲမြဲမြဲ လုပ်ကြည့်စမ်းပါ။ အများကြီး ဖြစ်မြောက်အောင်မြင်တာ တွေ့ရလိမ့်မယ်။
လူတွေနဲ့ တွေ့တဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် လွှမ်းမိုးတဲ့သဘောက ရှိနေတယ်။ သူက ကိုယ့်ကိုလွှမ်းမိုးမယ် သို့မဟုတ် ကိုယ်က သူ့ကို လွှမ်းမိုးမယ်။
သတိကောင်းနေရင် ကိုယ့်စိတ်ကိုကိုယ် သိနေရင် ဘယ်သူမှ ကိုယ့်ကို လွှမ်းမိုးလို့မရဘူး။ ကိုယ့်စိတ်က တည်ငြိမ် အေးချမ်းပြီး လေးနက်ခိုင်ခံ့နေတယ် ဆိုရင် တစ်ဖက်လူဟာ ရာထူးအားဖြင့် ကြီးချင်ကြီးမယ်၊ ဓနအားဖြင့် ကြီးချင်ကြီးမယ်။ ဒါပေမဲ့ သူက ကိုယ့်ကို လွှမ်းမိုးလို့ မရဘူး။ ဒါကြောင့် သူများလွှမ်းမိုးတာ မခံချင်ရင် တည်ကြည်ခံ့ညားမူ ရှိအောင် သတိနဲ့ နေရမယ်။
နေ့တိုင်း အချိန်တိုင်း စိတ်ကိုကြည့်ပြီးတော့ သိပြီးတော့ မကြာမကြာ ညှိပေးနေဖို့ လိုပါတယ်။ အခုခေတ် ဥပမာနဲ့ ပြောရရင် တချို့အိမ်တွေမှာ automatic voltage regulator ဆိုတာ သုံးတယ်။ အဲဒီစက်က လျှပ်စစ်မီးဗို့အားကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ များလာရင် လျှော့ပေးတယ်၊ နဲသွားရင် တိုးပေးတယ်။
အဲဒီ automatic voltage regulator လိုပဲ သတိဆိုတာလည်း စိတ်ကို ညှိပေးတယ်၊ ထိန်းပေးတယ်။ ခံစားမူတွေ၊ စိုးရိမ်တာတွေ၊ ကြောက်တာတွေ၊ အားငယ်တာတွေ လွန်မသွားအောင် ထိန်းပေးတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မူ တိုးလာအောင်၊ စိတ်အေးချမ်းမူ၊ တည်ငြိမ်မူ တိုးလာအောင် ပြဿနာတွေကို မှန်မှန်ကန်ကန် မြင်နိုင်တဲ့ ဉာဏ်အမြင်တိုးလာအောင်၊ လုပ်နိုင်သလောက်ကို လုပ်ပြီးတော့ ဖြစ်လာတဲ့ အခြေအနေကို ရင့်ကျက်တဲ့စိတ်နဲ့ လက်ခံနိုင်အောင် စိတ်အားကို မြှင့်ပေးတယ်။
စိတ်ကို ဒီလို သတိနဲ့ကြည့်ပြီး ညှိပေးတဲ့ အလေ့အကျင့် မရှိရင်၊ စိတ်အတက်အကျ များနေရင် ဘ၀မှာ နေရထိုင်ရတာ လုပ်ရကိုင်ရတာ အဆင်မပြေဘူး။ ဆက်ဆံရေးတွေလည်း ကမောက်ကမ ဖြစ်တတ်တယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး၊ စီးပွားရေး၊ အောင်မြင်ရေးတွေ အားလုံးထိခိုက်တယ်။
ဒါကြောင့် ကိုယ့်ဘ၀မှာ အစစအရာရာ အဆင်ပြေချင်ရင် ကိုယ့်စိတ်ကို သတိနဲ့ကြည့်ပြီး ညှိပေးတတ်တဲ့ ပညာကိုတတ်အောင်သင်ဖို့နဲ့ အမြဲတန်း သတိနဲ့နေဖို့ လိုတယ်။ အလေ့အကျင့်ရသွားရင် မခက်ဘူး။ ဒါတစ်ခုကို နိုင်နိုင်နင်းနင်း လုပ်နိုင်ရင် ဘ၀မှာတွေ့ရတဲ့ အခက်အခဲတွေဟာ ဉာဏ်ပါပါ ကစားရတဲ့ ကစားနည်းတစ်ခုလို ဖြစ်လာတယ်။ နားလည်နိုင်တဲ့ အရည်အချင်း၊ ကိုင်တွယ်နိုင်တဲ့ အရည်အချင်း၊ လက်ခံနိုင်တဲ့ အရည်အချင်းတွေ တိုးလာလို့ ဘ၀ကို အပေါ်စီးကကြည့်ပြီး ပိုင်ပိုင်နိုင်နိုင် နေသွားနိုင်တယ်။ expert in living “ဘ၀နေနည်း ကျွမ်းကျင်သူ” ဖြစ်လာပါလိမ့်မယ်။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment