မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရာဇဂြိုလ်ပြည်၌ အမျိုးသမီး လေးယောက်တို့သည် မိမိတို့၏ လင်ယောက်ျားများ အပေါ်၌ မာနထားကာ “ကျုပ်တို့မိန်းမတွေလဲ ပစ္စည်းဥစ္စာရှာရင် ယောက်ျား တွေထက်ပင် ရနိုင်ကြောင်း” ပြော၍ မိန်းမလေးယောက် အညီအမျှ ငွေရင်းမ,တည်ပြီးလျှင် ထောပတ်၊ ပျားရည်၊ ဆီ၊ စပါး၊ စသော ကုန်မျိုးစုံ အရောင်းအ၀ယ် လုပ်ကြလေသည်။
နောက်များမကြာမီ အမြတ်အစွန်း ရလာကြသောအခါ တပ်မက်သော လောဘတဏှာသည် အားကြီးလာရကား မတရားသဖြင့် လောဘတဏှာသည် အားကြီးလာရကား မတရားသဖြင့် အလေးအတင်းတောင်း မမှန်မကန်ခြင်းဖြင့် ခိုးဝှက် ရောင်းချကြလေသည်။ သို့နှင့် ပစ္စည်းချမ်းသာသော အဖြစ်သို့ ရောက်ကြပြီး၍ မကြာမီပင် ၎င်းတို့ သေသွားကြသောအခါ မြို့ရိုးကျုံး၏ အညစ်အကြေးစသည် ရှာဖွေစားရသော (ဝေမာနိက) ပြိတ္တာမများ ဖြစ်ကြလေသည်။
တစ်နေ့သ၌ သူတို့လည်း မြို့တွင်းသို့ ၀င်ရောက်၍ ရှာဖွေစားသောက်ကြလျက် ညအချိန်တွင် သူတို့ မသေမီ နေသွားသောလမ်း၊ သူတို့၏ အိမ်အနီးသို့ ရောက်ကြသောအခါ သူတို့၏ လင်သားတို့သည် သူတို့ မတရားသဖြင့် ရှာဖွေစုဆောင်းထားခဲ့သော ဥစ္စာပစ္စည်းတို့ကို သုံးစွဲလျက် ပျော်ပျော်ပါးပါး စားသောက်နေထိုင်ကြသည်ကို မြင်ရသောအခါ ရင်တွင်း၌ မချိမဆံ့ ရင်ဘတ်စည်တီး၍ ငိုကြသည်မှာ...
“မယံ ဘောဂေ သံဟရိမှာ၊ သမေန ၀ိသမေနစ၊ တေ အညေပရိဘုဉ္စန္တိ၊ မယံ ဒုက္ခဿ ဘာဂိနီ”
ဟု အော်ဟစ် မြည်တမ်းကြလေရာ လူတို့သည် ကြောက်လန့်ကြကုန်လျက် နံနက်မိုးလင်းလျှင် ဘုရားအမှူးရှိသော သံဃာတော်တို့အား ပင့်ဖိတ်၍ ဆွမ်းကပ် လှူဒါန်းကြပြီးသော “မနေ့ညက မကောင်းဆိုးဝါးများ အသံနက်ကြီးနှင့် အော်ဟစ်သံကို ကြားကြရပါသည် ဘုရား”ဟု လျှောက်ထားကြသော အခါ မြတ်စွာဘုရားက...
“ဒါယကာတို့... ဤသို့ အော်ခြင်းအကြောင်းကြောင့် သင်တို့အား မည်သည့်အန္တရာယ်မျှ မရှိပေ၊ ဤအရပ်မှ ဖြစ်သော ပြိတ္တာမလေးယောက်တို့၏ အသံဖြစ်သည်၊ သူတို့ဆိုလိုသော အဓိပ္ပာယ်မှာ...
မယံ၊ ငါတို့သည်။ သမေနစ၊ ဖြောင့်မတ်မှန်ကန်သဖြင့်လည်းကောင်း။ ၀ိသမေနစ၊ မဖြောင့်မတ် မမှန်ကန်ခြင်းဖြင့်လည်းကောင်း။ ဘောဂေ၊ ဥစ္စာ ပစ္စည်းတို့ကို။ သံဟရိမှာ၊ ရောင်းဝယ် ရှာဖွေစုဆောင်းခဲ့ရပေ၏။ တေ၊ ထိုငါတို့ ရှာဖွေစုဆောင်းခဲ့သော ဥစ္စာပစ္စည်းတို့ကို (ဣဒါနိ၊ ဤယခုအခါ၌)။ အညေ၊ ငါတို့မှ တစ်ပါးကုန်သော သူတို့သည်။ ပရိဘုဉ္စန္တိ၊ သုံးဆောင်ခံစားကြလေကုန်ပြီ။ မယံ၊ ငါတို့သည်။ ဒုက္ခဿဘာဂိနီ၊ ဆင်းရဲအဖို့ အစုသာ ရရှိကြပါကုန်၏”
ဟု မြတ်စွာဘုရားသည် ရွှေဉာဏ်တော်ဖြင့် ၎င်းမိန်းမလေးယောက်တို့၏ အကြောင်းစုံကို ဟောတော်မူလေရာ နာကြားကြရသော သူတို့မှာ လွန်စွာ သံဝေဂရကြလျက်ရှိစဉ် (ဥပရိသစ္စာနိပကာသေတိ) တရားအဆုံးတွင် ဤခန္ဓာသည် ဒုက္ခသစ္စာ ဆင်းရဲစွာလျက် ထိုခန္ဓာ၏ ဒုက္ခကို မသိမူကြောင့် မတရားသဖြင့် မကောင်းသဖြင့် (အကုသိုလ်နှင့်) ရင်းနှီး၍ ခန္ဓာကျွေးသူတို့မှာ ဆင်းရဲအကြောင်းကို လုပ်သဖြင့် ဆင်းရဲရကြောင်း သစ္စာကို ဟောတော်မူလေလျှင် များစွာသော သူတို့ သောတာပန် ဖြစ်ကြလေသည်။
(ပေတ၀တ္ထုအဋ္ဌကထာ - ၂၆၁)။
ဤ၀တ္ထု၌ စီးပွားဥစ္စာ ရှာဖွေကြသောသူတို့သည် ဤကိစ္စမျိုး ကင်းသောသူ ရှားလိမ့်မည်ထင်သည်၊ တစ်နည်းနည်းနှင့် မဖြောင့် မမှန်သောကိစ္စများ ပါတတ်လေသည်။ ထုံးစံလို-လုပ်ရိုးလုပ်စဉ်လို သဘောထားကြသော်လည်း အမှန်မှာ မိမိတို့၏ အာရုံငါးခု ကာမမူအတွက်သာ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ မိမိပြုသော အမူသည် မိမိအတွက်သာဖြစ်၍ ထိုရှာဖွေစုဆောင်းထားရှိသည့် မတရားပစ္စည်းတို့သည် ဓမ္မတာလမ်းစဉ်အတိုင်း ထိုက်သူတို့ ခံစားရမည်သာတည်း။
မိမိသည် ဤသို့သော မိမိမပိုင်သည့် ပစ္စည်းဟုသိလျက် မိမိသည် အချိန်မရွေး သေတတ်သည့် ခန္ဓာကို ရရှိထားသူဟု အမှန်တကယ် သိနေပါက ထိုအမူမျိုးကို ပြုဝံ့ပါဦးမည်လော။ မကောင်းသဖြင့် မိမိပြုထားသော ကံသည် တမလွန်တွင် မိမိသာ ထိုပြိတ္တာမ လေးဦးကဲ့သို့ ဖြစ်လိမ့်မည်ကို သတိရကာ ကာမဂုဏ်အတက်နှင့် မိမိဘ၀ ဆူံးရူံးမူမဖြစ်ရန် အထူးသတိပြုသင့်ပေသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment