ထိုဝက်သမားနည်းတူ တစ်မျိုးရှိပေသေးသည်။ “ကာမ၀တ္ထု ကာမမူကြောင့် ရှာဖွေပြုလုပ်ရသော ငါသည် ထိုအမူ-ထိုအပြစ်တို့ကို ငါပင်ယူ၍ သွားရမှာပါတကား”ဟု သိသူ အလွန်နည်းလှသည်။ မသိသူကား အလွန်ပင်များ၏။ ထိုသူတို့ အထဲတွင် သာဝတ္ထိပြည်သား နွားသတ်သမားလည်း အပါအ၀င်ဖြစ်၏။
ထိုနွားသတ်သမားသည် နွားတို့ကိုသတ်၍ အကောင်းဆုံးသော အသားတို့ကို ယူပြီးလျှင် ကောင်းမွန်စွာ ချက်ပြုတ်စေ၍ ဇနီး-သားသမီးတို့နှင့် အတူတကွ စားသောက်လေ့ရှိသည်။ ကြွင်းသော အသားတို့ကိုလည်း အဖိုးငွေနှင့် ရောင်း၍ အသက်မွေးသည်။ ယင်းသို့ နွားသတ်သောအလုပ် လုပ်လာသည်မှာ ယခု ၅၅-နှစ်မျှ ရှိပေပြီ။
မြတ်စွာဘုရားအားလည်းကောင်း၊ သံဃာတော်များအားလည်းကောင်း တစ်ခါမျှယာဂုတစ်ဇွန်း၊ ဆွမ်းတစ်ဇွန်း လောင်းလှူဖူးသည်မရှိချေ။ ၎င်း၏အဖို့ကား နွားသားဟင်းမပါလျှင် ထမင်းစားလေ့မရှိ။
တစ်နေ့သောအခါ နွားကိုသတ်၍ ရောင်းချပြီးသည်နှင့် မိမိအတွက် ဖယ်ထားသော အကောင်းဆုံးအသားကို မယားအား ပေး၍ ချက်ထားခိုင်းပြီးလျှင် မြစ်ဆိပ်သို့ ရေချိုးရန် သွားလေသည်။ ထိုအချိန်တွင် ထိုနွားသတ်သမား၏ အလွန်ရင်းနှီးသော မိတ်ဆွေတစ်ယောက်သည် အိမ်သို့ရောက်လာကာ နွားသတ်သမား၏ မယားအား “အမဲသားကျန်လျှင် နည်းနည်းမျှ ရောင်းပါ”ဟု ဆိုလေသော် ထိုမိန်းမက “အမဲသားမရှိတော့ပါ၊ သူစားဖို့ထားတဲ့ ဒီအမဲသားကလွဲလို့ ရောင်းဖို့မရှိတော့ပါ”ဟု ပြောသည်တွင် မိတ်ဆွေက “အဲဒီ အမဲသားပဲပေးပါ၊ အိမ်မှာ ဧည့်သည်ရောက်နေလို့ပါ”ဟု ပြောပြောဆိုဆိုနှင့်ပင် အမဲသားကို အတင်းဆွဲယူ၍ သွားလေသည်။
နွားသတ်သမားလည်း ရေချိုးရာမှ ပြန်လာလျှင် ထမင်းစားရန် ထမင်းပွဲကို ကြည့်လိုက်သောအခါ အမဲသားဟင်းကို မမြင်သဖြင့်...
“အမဲသားဟင်း ဘယ်မှာလဲ”
“မရှိတော့ပါ”
“ချက်ထားဖို့ ငါပေးခဲ့သည် မဟုတ်လား”
ဟု ပြောသောအခါ ၎င်း၏ မယားက သင်၏မိတ်ဆွေ အတင်းအကျပ်ယူသွားကြောင်းကို အစုံအလင်ပြောပြသော အခါ နွားသတ်သမားသည် “ငါအမဲသား မပါဘဲ ထမင်းမစားနိုင်ကြောင်း သင်သိပါလျက် ပေးလိုက်ရမလား” စသည်ဖြင့် အမျိုးမျိုး ဆူပူရေရွတ်လျက် ဓားကိုယူ၍ အိမ်နောက်တွင်ထားသော နွားခြံသို့ သွားပြီးလျှင် နွားတစ်ကောင်အား ဆွဲ၍ နွား၏ ပါစပ်တွင်းသို့ လက်နှင့် နိုက်လျက် လျှာကို ဆွဲထုတ်လိုက်ပြီး ဓားနှင့် အရင်းမှ ဖြတ်၍ ယူလာပြီးလျှင် မီးကျီးမီးခဲတွင် ကင်လျက် ကျက်သောအခါ ထမင်းပန်ကန်တွင်တင်၍ ထမင်းတစ်လုတ်စားကာ နွားလျှာကို တစ်ကိုက်ကိုက်လျက် စားသောခဏ၌ပင်လျှင် နွားသတ်သမား၏ လျှာသည် ပြတ်၍ ထမင်းပန်ကန်၌ ကျလေသည်။
နွားသတ်သမားသည်လည်း ထိုနွားကဲ့သို့ပင် ခံတွင်းမှ သွေးတို့သည် ခံတွင်းနှင့် အပြည့်ကျဆင်းလျက် အိမ်အတွင်းသို့ ၀င်၍ လေးဘက်ထောက်ကာ ထိုမှ-ဤမှ အော်ဟစ်ပြေးသွားလေသည်။ ထိုသို့ ပြေးသွားလျက်ပင် နွားလည်းသေ၍ နွားသတ် သမားလည်း အော်ရင်း-ဟစ်ရင်း သေပြီးလျှင် အ၀ီစိငရဲသို့ ကျလေသည်။
ဤသည်ကား ရသအာရုံ ကာမဂုဏ်ကြောင့် ပစ္စုပ္ပန်ဘ၀မှာလည်း မချမ်းသာ၊ တမလွန်နောက်ဘ၀တွင်လည်း အ၀ီစိငရဲသို့ပင် ကျသွားနိုင်လောက်အောင် ဒုက္ခပေးသော အကုသိုလ်မူဖြစ်၏။
(ဓမ္မပဒဋ္ဌကထာ-၂၁၃)။
ယင်းကဲ့သို့ ကာမဂုဏ်အာရုံတို့အတွက် မကောင်းသော အသက်မွေးမူနှင့် ရင်းနှီး၍ မိမိဖို့ချည်း ထင်မှတ်သော်လည်း
“ပရလောကံ ဂစ္ဆန္တံ ပုတ္တဓီတရောဝါ ဘာတရောဂါ ဘောဂါဝါ နာနုဂစ္ဆန္တိ၊ သရီရမ္ပိ အတ္တနာ သဒ္ဓိံန ဂစ္ဆတိ”
“တမလွန်လောကသို့ သွားရောက်ကြကုန်သော သားသမီးတို့သည်လည်းကောင်း၊ ညီအစ်ကို မောင်နှမ စသည်တို့သည်လည်းကောင်း၊ ဥစ္စာပစ္စည်းတို့သည်လည်းကောင်း အတူမလိုက်ကုန်၊ မိမိခန္ဓာကိုယ် သည်လည်း မိမိနှင့် အတူမလိုက်” ဟူ၍လည်းကောင်း။
“အတ္တာဂေဟေ နိဝတ္တန္တိ”
“ပစ္စည်းဥစ္စာဟူသည် ပစ္စည်းရှင်သေသောအခါ အိမ်မှာပင် နေရစ်သည်” ဟူ၍လည်းကောင်း။
“ဥစ္စာစု ထိုက်သူဖို့၊ ခန္ဓာမွေး မြေကျွေးဖို့” ဟူ၍လည်းကောင်း။
ဥစ္စာပစ္စည်းနှင့် ပတ်သက်၍ မကောင်းသဖြင့် ရှာဖွေသူတို့အတွက် သတိပေးသော စကားများ ရှိခဲ့သည်တွင် စိန္တကျော်သူ ဦးသြ၏ သြ၀ါဒထူးပျို့သည်လည်း အလွန်မှတ်ဖို့ ကောင်းသောကြောင့် “ရယ်ခြင်းသုံးပါး” အပိုဒ်ကို ကူးထည့်လိုက်အံ့။
“သုံးပါးတသီး၊ ရယ်ခြင်းကြီးကား၊ ဇနီးအိမ်ရှင်၊ မိမိလင်လည်း၊ ချစ်ခင်သောအား၊ သမီးသားကို၊ ပိုက်ဖျားအားရမ်း၊ ချီရူတ်နမ်းသော်၊ မယ်ဝမ်းကမွေး၊ သူများသွေးကို၊ အလေးတမြတ်၊ သင့်သားမှတ်၍၊ လှည့်ပတ်ဖက်ချီ၊ နမ်းလေပြီဟု၊ မထီမလေး၊ အသွမ်းသွေး၍၊ အဝေးမျက်ကွယ်၊ မယားရယ်၏။ ငါ့လယ်ငါ့ယာ၊ ငါ့မြေတာဟု၊ ဥစ္စာခင်မင်၊ ဆိုပြန်လျှင်လည်း အရှင်မဲ့ပါ၊ ငါတို့မှာကား၊ ကမ္ဘာမကျေ၊ မချင်းနေ၏။ အောက်သွေးယွင်းယို၊ သင်တို့ကိုယ်မှ၊ လိုမပိုင်ဘဲ၊ ဖွယ်သရဲဟု၊ ကျိန်ဆဲသောနှယ်၊ မြေကရယ်၏။ ငါ့ဝယ်ငါ့ရွှေ၊ ငါ့ကြေးငွေဟု၊ စိတ်စေကြည်သာ၊ ဆိုပြန်ပါလည်း၊ ကြမ္မာဆော်တိုက်၊ ကောင်းတော်ခိုက်ကို၊ ဧည့်ဆိုက်မျှသာ၊ တည်းခိုပါရှင့်။ ငါးဖြာရန်သူ၊ ယူလှည့်တို့ပါ၊ သေမင်းခွာလည်း၊ သင့်ရာအလျောက်၊ တို့ရောက်သည်ပင်၊ တို့အရှင်လျှင်၊ ဖြစ်ချင်လွန်းလှ၊ လွန်မင်းစွဟု၊ ဒေါသချီချယ်၊ ရွှေငွေရယ်သည်။ သုံးသွယ်ရယ်ဆေး ပျက်သွမ်းသွေး”
(သြ၀ါဒထူးပျို့ - ၁၅)
ယင်းသို့လျှင် “မိမိတို့နောက်သို့ ပစ္စည်းဥစ္စာရတနာတို့သည် မလိုက်မပါပါဘဲ ဧည့်သည်အနေမျှသာ ဖြစ်ကြောင်း ရန်သူမျိုး ငါးပါးယူခဲ့သော် ငါတို့ပါသွားမည်၊ သင်တို့ကို သေမင်းခေါ်လျှင် သင်တို့သာ ပါသွားမည်။ ငါတို့ကား မပါ၊ သင့်သည့်နေရာတို့သို့ ငါတို့ ရောက်မည်၊ ငါ့ရွှေငါ့ငွေနှင့် ငါတို့ရဲ့ အရှင်သခင် ဖြစ်ချင်လွန်းသူတို့”ဟု ရွှေငွေက ရယ်သည် ဟူ၏။
“ပစ္စည်းသင်္ခါရ - လူသင်္ခါရ”ဟု ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ပြောနေကြသည်၊ ဤပစ္စည်းသင်္ခါရဖြစ်သကဲ့သို့ လူလည်း သင်္ခါရဟု သိခဲ့သော် အဘယ်ကြောင့် အကုသိုလ်နှင့် လူက ရင်းနှီး၍ သင်္ခါရ ပစ္စည်းကို ရှာဖွေသနည်း၊ လက်တွေ့တွင် များစွာ ကွာခြားပြီး လောကတွင် စား၊ ၀တ်၊ နေမူ ကာမအကြောင်းစုကြောင့် မတရား ပစ္စည်းရှာသူတို့၏ ယူကျုံးမရသော ဖြစ်ရပ်တစ်ခုကို ပြပါအုံးမည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက - မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment