Sunday, 2 December 2012

ဝက်သတ်သမားစုန္ဒ

မြတ်စွာဘုရား လက်ထက်တော်တွင် စုန္ဒအမည်ရှိသော ၀က်သတ်သမား တစ်ယောက်သည် တောရွာဇနပုဒ်တို့သို့ လှည်းဖြင့် လှည့်လည်၍ စပါးတို့ကို တင်သွင်းပြီးလျှင် စပါးတစ်ကွမ်းစာ နှစ်ကွမ်းစာပေး၍ ၀က်ငယ်ကလေးများကို ၀ယ်ပြီးလျှင် လှည်းနှင့် အပြည့်တင်ယူခဲ့၍ အိမ်တွင် ခြံခတ်၍ မွေးထားလေသည်။ ၎င်း၏ အိမ်နောက်ဖေးတွင် ၀က်တို့သည် ချုံနွယ်ပိတ်ပေါင်းတို့ကိုလည်းကောင်း၊ မစင်ကျင်ကြီးစသည်တို့ကိုလည်းကောင်း ရှာဖွေ စားသောက်ခြင်းဖြင့် ကြီးလာရလေသည်။


ဝက်တစ်ကောင်ကို သတ်လိုလျှင် သုဿာန်သို့ ထွက်သွားပြီး ခြေလေးဖက်စလုံး မလူပ်နိုင်အောင် ကြိုးတို့ဖြင့် အခိုင်အခံ့တုတ်ပြီးလျှင် ထိုဝက်အား အသားများများ တိုးစေ သောဌာ လေးထောင့်ရှိသော ၃+၂ လက်မပိုင်းဖြင့် ရိုက်နှက်၍ ၀က်၏ အသားများ ဖူးရောင်လာသည်ကိုသိလျှင် ကြေးဖလားကြီးဖြင့် အလွန်ဆူနေသော ရေနွေးကို ပါးစပ်ထဲသို့ လောင်းချလိုက်သောအခါ ရေပူရေနွေးသည် ၀မ်းတွင်းမှ အညစ်အကြေးကိုယူ၍ အောက် ဒွါရမှအပြင်သို့ ထွက်ကျလေသည်။ အညစ်အကြေး မကုန်သေး၍ ရေမကြည်လင်သေးလျှင် ရေနွေးကို ခံတွင်းမှ ထပ်၍ သွင်းလေသည်။ လောင်းထည့်သော ရေနွေးကို ကြည်ကြည်လင်လင် ထွက်လာပါမှ အပြင်ဘက် ကျောက်ကုန်းသို့ လောင်း၍ မည်းညစ်သော အရေခွံကို ခွာပစ်၍ ထိုနောက်မှ မြက်ခြောက်မီးဖြင့် မြိုက်၍ အလွန်ထက်သောဓားဖြင့် ဦးခေါင်းကို ဖြတ်လေသည်။

ဦးခေါင်းဖြတ်လိုက်သဖြင့် ထွက်ကျသော သွေးတို့ကို ခွက်တစ်ခုဖြင့်ခံ၍ ထိုသွေးဖြင့်နယ်၍ ကောင်းမွန်စွာ ချက်ပြုတ်ပြီးလျှင် ဇနီးသားသမီးတို့နှင့် ပျော်ရွှင်စွာ အတူတကွ စားသောက်လေသည်။ ကြွင်းကျန်သော အသားတို့ကို အခြားသူများအား ရောင်းလေသည်။ ဤသို့သော နည်းဖြင့် ၀က်တို့ကို သတ်၍ အသက်မွေးလာခဲ့သည်မှာ ၅၅ နှစ်ရှိပေပြီ။

မြတ်စွာဘုရား အမြဲ သီတင်းသုံးနေသော ဝေဠုဝန်ကျောင်းတော်သို့လည်း တစ်ခေါက်တစ်ခါမျှ အဖူးအမြော်မသွားပေ။ ပန်းတစ်ဆုပ်သော်လည်းကောင်း၊ ဆွမ်းတစ်ဇွန်းသော်လည်းကောင်း အခြားသော အလှူဒါန တစ်ခုခုပြုဖူးသည်ပင် မရှိချေ။

များမကြာမီ ၎င်း၌ ရောဂါတစ်ခု စွဲကပ်လာလေသည်။ ဆေးဝါးကုသ၍လည်း မရတော့ချေ။ ထိုသူ အသက်မသေသေးမီပင်လျှင် အ၀ီစိမှ ငရဲမီးအပူသည် တက်၍ လာလေသည်။ အလွန်ပူလောင်စွာနှင့် အိမ်၏အလယ်တွင် ၀က်ကဲ့သို့ ပြင်းစွာ အော်မြည်တမ်းလျက် ဒူးခေါင်းတို့ဖြင့် လေးဖက်ထောက်ပြီးလျှင် အရှေ့ဘက်နံရံမှသည် အနောက်ဘက်နံရံသို့၊ အနောက်ဘက်နံရံမှသည် အရှေ့ဘက်နံရံသို့ အော်ကာ ဟစ်ကာ လှည့်လည်၍ ပြေးသွားလေသည်။

အိမ်ရှိလူတို့လည်း စုန္ဒကို မြဲစွာ ချုပ်ကိုင်၍ ပါးစပ်ကို ပိတ်ထားကြကုန်သည်။

(ကမ္မ ၀ိပါကာ နာမနသက္ကာ ကေနစိ ပဋိဗာ-ဟိတုံ)

“မိမိပြုလုပ်သော ကံမှ အကျိုးပေးသာလျှင် မည်သူ တစ်စုံတစ်ယောက်မျှ တားဆီးနိုင်ခြင်း မရှိချေ”

ယင်းသို့ အော်ဟစ်ပြေးသွား ထိုမှဤမှ လှည့်လည်၍ နေသည်မှာ ၎င်းအိမ်နှင့် ပတ်ဝန်းကျင် ၇အိမ်ရှိ လူတို့သည် ကောင်းစွာ မအိပ်ရကုန်၊ သေမည့်ဘေး ခြိမ်းခြောက်လာသည်ရှိသော် အားကိုးအားထားရာ ကုသိုလ်ကောင်းမူတစ်ခုခုကိုမျှ ပြုလုပ်ထားခြင်းမရှိသူတို့အား တွေ့မြင်လာသော် မိမိပြုခဲ့သည့် အကုသိုလ် ကမ္မနိမိတ်သည် ကောင်းစွာ ထင်လာသည်ဖြစ်၍ အပြင်းအထန် လူလဲအော်ဟစ်လေသည်။ အိမ်တွင်းမှ လူတို့သည်လည်း ဖမ်းရ ဆီးရသည်မှာ ပင်ပန်းလှပြီဖြစ်၍ တစ်ယောက်တည်း ထားခဲ့၍ တံခါးမှ ထွက်ကြပြီးလျှင် အပြင်ဘက်မှ တံခါးပိတ်၍ စောင့်နေ ကြလေသည်။ စုန္ဒလည်း ထိုမှဤမှ အောက်ဟစ်လှည့်လည် ပြေးလွှာ၍ ၇-ရက်အလွန်မြောက် ၈-ရက်ရောက်သောနေ့၌ သေလေသောအခါ အ၀ီစိငရဲ၌ သွားဖြစ်ကြောင်း (ဓမ္မပဒဋ္ဌကထာ ပ-၈၁) အရ ပြန်ဆိုလိုက်သည်။

အာရုံငါးပါး ကာမတရားနှင့် ပတ်သက်၍ မကောင်းသဖြင့် အသက်မွေးခြင်းပြုလုပ်သော အလုပ်(အကုသိုလ်ကံ) သည် မိမိအနေဖြင့် ပြုနေကျလုပ်နေကျဖြစ်၍ ထူးထူးခြားခြား ဘာမျှမဖြစ်စေကာမူ သေခါနီး အချိန်ဝယ် ထူးခြားလာတော့သည်။ အဘယ်ကြောင့်ဟူမူ ထိုမကောင်းမူသည် မိမိပြုခဲ့သည့်အတိုင်း ထိုပြုသည် အားလျော်သော အကျိုးပေမည့် (၀ိပါက) နိမိတ်များ ထင်လာမြင်လားသောအခါ လန့်လာသည်၊ ကြောက်လာသည်၊ ယူကျုံးမရ ဖြစ်လာသည်။ ဤဘ၀မျက်နှာလွဲ၍ ထိုအကျိုးပေးမည့်ဘ၀သို့ မျက်နှာမူရတော့သောကြောင့် မသွားချင်၊ မဖြစ်ချင်၍ မရလေရကား ယခုဘ၀ ကာမကြောင့် ပြုရလုပ်ရသမျှ ထိုကာမမှ ပေးသည့် အပြစ်ဒဏ်ကို ခံရမည်ဖြစ်၍ ထိုကာမသည် အပါယ်လေးပါးသို့လည်း ဆောင်ပို့တတ်သည်အဖြစ်ကို ကောင်းစွာ သံဝေဂဖြစ်စေဖို့ ဟောတော်မူခြင်း ဖြစ်လေသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment