Sunday, 2 December 2012

အပါယ်ဘုံသို့-ကာမပို့

(၁၂)
ပါဠိတော်

“ပုနစ ပရံ ဘိက္ခဝေ ကာမဟေတု ကာမနိဒါနံ ကာမာဓိကရဏံ ကာမာန မေ၀ ဟေတု ကာယေန ဒုစ္စရိတံ။ လ။ အယမ္ပိ ဘိက္ခဝေ ကာမာနံ အာဒိနဝေါ သမ္ပရာယိကော ဒုက္ခက္ခန္ဓော ကမဟေတု ကာမ နိဒါနံ ကာမာဓိကရဏံ ကာမာနမေ၀ ဟေတု”


မြန်မာပြန်
“ရဟန်းတို့ - တစ်ဖန် ထို့ပြင်လည်း ကာမဂုဏ် အထောက်အပံ့ ကာမဂုဏ်အရင်းခံကာမ၏ တည်ရာ ကာမဂုဏ်တို့ကြောင့်သာလျှင် ကိုယ်၊ နူတ်၊ စိတ်တို့ဖြင့် မကောင်းသော အကျင့်ကို ပြုလုပ်ပြီးလျှင် ထိုသူတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသော ကာလ၌ ချမ်းသာကင်းသော မကောင်းမူကို ပြုသောသူတို့၏ လားရာဖြစ်သော ငရဲသို့ ကျရောက်ကြလေကုန်၏။ ရဟန်းတို့-ဤသည်လည်း ကာမဂုဏ် အထောက်အပံ့ ကာမဂုဏ်အရင်းခံကာမ၏ တည်ရာ ကာမဂုဏ်တို့ကြောင့်သာလျှင်ဖြစ်သော နောင်တမလွန်ဆင်းရဲအစု ဖြစ်သော ကာမဂုဏ်တို့၏ အပြစ်ပေတည်း”

အဓိပ္ပာယ်ရှင်းလင်းချက်
“ကာမဟူသော တရားသည် ယခုလက်ရှိ ပစ္စုပ္ပန်ဘ၀တွင်သာ ဆင်းရဲဖြစ်သည်သာမက နောင်တမလွန် ဘ၀တွင်လည်း ယခုပစ္စက္ခဘ၀တွင် ကာမဂုဏ်အရင်းခံကြောင့် သေပြီးကာလ တမလွန်ဘ၀၌လည်း ဒုက္ခ ကောင်းကောင်းပေးပုံကို ဆက်လက်၍ ဟောတော်မူသည်။

သတ္တ၀ါ၏ အသက်ကို သတ်ခြင်း၊

ပိုင်ရှင်သည် ကိုယ်ဖြင့် နူတ်ဖြင့်မပေးအပ်သော တစ်ပါးသူ၏ ဥစ္စာကိုယူခြင်း၊

မသွားလာ မလွန်ကျူးထိုက်သော သူ့အိမ်ရာကို လွန်ကျူးခြင်း၊

ဟူသော ကာယဒုစ္စရိုက် ၃-ပါး။

သူတစ်ပါးအကျိုးကို ထိခိုက် ပျက်စီးစေမူရှေးရူ၍ မဟုတ်မမှန် စကားပြောခြင်း၊

သူနှစ်ဦး ကွဲပြားအောင် ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုခြင်း၊

ရုန့်ရင်းကြမ်းတမ်းသော ဆဲဆိုရေရွတ်ခြင်း၊

မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော အပြိန်အဖျင်း စကားကို ပြောဆိုခြင်း၊

ဟူသော ၀စီဒုစ္စရိုက် ၄-ပါး။

ဝန်တိုခြင်း၊

သူတစ်ပါးပစ္စည်ကို ပျက်စီးရန်ကြံခြင်း၊

ဆယ်ပါးသော အယူမှားကိုယူခြင်း၊

ဟူသော မနောဒုစ္စရိုက် ၃-ပါး။ 
ဤဒုစ္စရိုက်ဆယ်ပါးကို ပြုလုပ်ကျူးလွန်ခြင်းသည် မုဆိုးတံငါလုပ်ခြင်း၊ ကာယ-၀စီဒုစ္စရိုက် ၇-ပါးနှင့် ရင်းနှီး၍ မိစ္ဆာအာဇီဝဖြင့် စီးပွားရှာခြင်းစသည်လည်း မိမိတို့၏ စား၊ ၀တ်၊ နေ ဟူသော ကာမအာရုံ ကာမဂုဏ်ကြောင့်သာလျှင် ဖြစ်ကြောင်း မည်သူမျှ ငြင်း၍ မရပေ။ အကြောင်းပြစရာတွေ များလှချေ၏။ သို့ရာတွင် ထင်ရှားသော ၀တ္ထု သက်သေများ ပြပါအုံးမည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment