Thursday, 10 January 2013

အင်္ဂုလိမာလသုတ်တော်ဝတ္ထုဖြစ်စဉ် ပါဠိတော် အနက် အကျိုးသွား

အင်္ဂုလိမာလသုတ်တော် ၀တ္ထုဖြစ်စဉ်
သာဝတ္တိပြည် ပေဿနဒီကောသလမင်းကြီး၏ အတိုင်ပင်ခံပညာရှိ ပုရောဟိတ်ကြီး၏ဇနီး ပုဏ္ဏေးမကြီး မန္တာနီတွင် သားတစ်ယောက် ဖွားမြင်ရာ ဖွားမြင်သည့်အချိန်တွင် တစ်ပြည်လုံးရှိ လက်နက်များ အရောင်တ၀င်းဝင်း ထွက်လာသဖြင့် မွေးဖွားသော သား၏ နက္ခတ်ကြောင့် ဖြစ်ကြောင်း သံတော်ဦးတင်၍ ၄င်းသားကို သုတ်သင် ဖျောက်ဖျက် ပစ်ပါမည်ဟု သံတော်ဦးတင် လျှောက်လေသည်။


မင်းကြီးက “တိုင်းပြည်ကို လုယူမည့် သူပုန် ဖြစ်မည်လား” မေးရာ ပုရောဟိတ်မင်းကြီးက ထီးနန်းကို လုယူမည့်သူ မဟုတ်ပါ၊ တောတွင်းလူဆိုသာဖြစ်ပါမည် ပြောသဖြင့် မင်းကြီးက “ဇီဝိတဒါန အသက်ရှင်ပါစေ၊ မသေပါစေနှင့်” ဟု မိန့်ကြားသဖြင့် “ဟိံသက” အမည်ပေး၍ ဆက်လက် မွေးမြူထား လေသည်။

အရွယ်ရောက်သော တက္ကသိုလ် ဒိသာပါမောက္ခဆရာကြီးထံ ပညာသင် စေလွှတ်ထား၏။ တပည့်ပေါင်းများစွာ ရှိသည့်အနက် ဟိံသကာမှာ ဖျတ်လက် သွက်လက်သဖြင့် ဆရာကတော်ကြီး လက်စွဲပြုစေခိုင်းလေ့ရှိ၏။ ဆရာကတော်ကြီးက အရေးပေးသည်ကို မနာလိုသော တပည့်များသည် ဆရာကတော်ကြီးပေါ်၌ ဟိံသကမှာ မရိုးသားကြောင်း ဆရာကြီးအား ကုန်းချောစကား ဆိုကြလေတော့ သည်။

ဆရာကြီးသည် အထင်လွဲသွားကာ ဟိံသကာအား ပညာစုံပြီဖြစ်၍ ပညာကြေးကန်တော့ရန် “လူ့ လက်ညိုး တစ်ထောင် ဖြတ်ယူခဲ့” ဟု အနုနည်းဖြင့် သေလမ်းသို့ ညွှန့်ကြားလိုက်လေသည်။

ဟိံသကသည်လည်း ဆရာကြီးအပေါ်၌ အလွန်ကြည်ညိုလေးစားစွာဖြင့် သြ၀ါဒအတိုင်း သာဝတ္ထိပြည် အနီး ဇာလိယ တောတန်းထဲတွင်နေကာ ဓားတစ်ချောင်းဖြင့် လာလာသမျှသော လူများကို သတ်၍ လက်ညိုးဖြတ်ကာ ကြိုးနှင့်သီပြီး လည်ပင်းမှာ ဆွဲထားလေတော့သည်။

ထိုအချိန်မှစ၍ ဟိံသကာ အမည်မှ အင်္ဂုလိမာလ-ဟု အမည်တွင်ကာ ဘုရင်မင်းမြတ်ကိုယ်တိုင် ထွက်၍ နှိမ်နှင်း ရန်ကြံသည်အထိ ရာဇ၀တ်ကေင်ကြီး တစ်ဦးသဖွယ် ကြီးကျယ်လာလေတော့သည်။

ကောသလမင်းကြီးကိုယ်တိုင် စစ်တပ်နှင့်ထွက်၍ လက်ရဖမ်းမည်ဟု သိသောနေ့တွင် မန္တာနီပုဏ္ဏေးမကြီးသည် သားအပေါ်၌ ချစ်ခြင်းမေတ္တာ ကရုဏာဖြင့် ဇာလိက တောတန်းသို့ အပြေးလှမ်းလာကာ သားကိုတော်ရာ လွတ်ရာသို့ ရှောင်ရှားရန် ဟစ်အော် သတိပေးလေတော့သည်။

အင်္ဂုလိမာလအဖို့မှာလည်း တစ်ထောင်ပြည့်ရန် လက်တစ်ချောင်းသာ လိုသောနေ့မှ မွေးသမိခင် ကျေးဇူးရှင် ကိုယ်တိုင် လာရောက်သတိပေးလေရာ ဘုရင်ကိုယ်တိုင် လူဆိုးဖမ်းထွက်မည့်နေ့ဖြစ်၍ ဤတောတန်းများ၌ ဖြတ်သန်းမည့် အခြားသူ မရှိဘဲ တစ်ဦးတည်းသော လာသူမှာလည်း မိခင်ရင်း ဖြစ်နေတော့ရာ…ယနေ့ လက်ညိုးတစ်ထောင်ပြည့်ပါက ဆရာ့ထံပြန်၍ ကန်တော့လိုသော အင်္ဂုလိမာလမှာ “မာတာပိတု ဂုဏော အနန္တော” ဟု သဘောသက်ဝင် မဆင်ခြင်နိုင်ဘဲ မိခင်လက်ညိုးကို ဖြတ်ရန် ကြံစည်ကာ ဓားဆွဲ၍ လိုက်လေတော့သည်။

သတ္တ၀ါဝေနေများ ဗိုလ်ခြေကို ကရုဏာတော် အနန္တဖြင့် ဒီဗ္ဗစက္ခုဥာဏ်တော်မြတ်ဖြင့် ကြည့်ရူ ကယ်တင်ရန် ဆုံးဖြတ်တော်မူသော မြတ်စွာဘုရားသခင်သည် မိခင်နှင့်သားအကြား ဘွားခနဲဝင်၍ မိခင်ကို ကွယ်လိုက်လေတော့သည်။

အပြေးလျင်သော သားသမင်ကိုပင် အစဉ်အမြဲ ရအောင်ဖမ်းယူနိုင်သော အင်္ဂုလိမာလမှာ ဘုရားရှင်ကို လိုက်၍ မမီနိုင်သည့်အဆုံး “ရဟန်းကြီး၊ ရပ်လော့” ဟု လူဆိုးပီပီ အမိန့်ပေးလလေတော့သည်။

ဗုဒ္ဓဘုရားရှင်က “အင်္ဂုလိမာလ၊ ငါကား ရပ်နေ၏၊ သင်သာ မရပ်သေးပါတကား” ဟုမိန့်ရာ အင်္ဂုလိမာလက “ရဟန်းကြီး၊ အဘယ်ကြောင့် မုသားပြောသနည်း” ဟု ထပ်ဆင့် မေးသဖြင့် ဘုရားရှင်က သံသရာအမိုက်ဇာတ်ကို အမြစ်မဖြတ်ဘဲ တ၀ဲလည်လည် မရပ်မနား ပြေးလွှားနေခြင်း အဓိပ္ပာယ်ကို အလွယ်နှင့် နားလည်ရန် စောသဖြင့် ပါရမီရင့်ပြီးဖြစ်သူ အင်္ဂုလိမာလမှာ တစ်ထိုင်တည်းဖြင့် “ဧဟိ ဘိက္ခု” ရဟန်း ဖြစ်လေတော့သည်။

လူဆိုးဖမ်းထွက်လာသော ကောသလမင်းကြီးမှာ ဘုရားကျောင်းတော်တွင် ရဟန်းဖြစ်နေသော အင်္ဂုလိမာလ အားကန်တော့၍သာ နန်းတော်သို့ ပြန်ရရှာလေသည်။

ရဟန်းမြတ် ဣနြေ္ဒနှင့် ပြည့်စုံစွာ ဆွမ်းခံထွက်လာသော အင်္ဂုလိမာလကို မြို့တွင်းမှ လက်ညိုးဖြတ်ခံရသူများက တုတ်၊ အုတ်၊ ကျောက်များဖြင့် ပစ်ခတ်သည့်တွက် ဒဏ်ရာများရသော်လည်း သည်းခံ၍သာ သီတင်းသုံးနေရရှာသည်ကို မြတ်စွာဘုရားက ခေါ်တော်မူ၍ မီးမဖွားနိုင်သူတို့အား သစ္စာပြုပြီး မီးဖွားစေသော ဂါထာမန္တန်တော်ကို သင်ကြားပေးတော်မူ၏။

အင်္ဂုလိမာလ ရဟန္တာမြတ်၏ ကျေးဇူးတော်ကြောင့် မီးဖွားနိုင်သူတို့ လွယ်ကူစွာ မီးဖွားနိုင်သည်မှစ၍ ကြည်ညိုသူ ပေါများခြင်း ရယူနိုင်သော ရဟန္တာထေရ်မြတ် တစ်ပါး ဖြစ်သွားသည့် အခါကစ၍ အင်္ဂုလိမာလသုတ်တော်ကို ရွတ်ဆို ပွားများခဲ့ကြပါသည်။

အင်္ဂုလိမာလသုတ်ပါဠိ
၁၃၂။ ပရိတ္တံ ယံ ဘဏန္တဿ၊ 

နိသိန္နဋ္ဌာန ဓောဝနံ။
ဥဒကမ္ပိ ၀ိနာသေတိ၊ 

သဗ္ဗမေ၀ ပရိဿယံ။

၁၃၃။ သောတ္ထိနာ ဂဗ္ဘ ၀ုဋ္ဌာနံ၊ 

ယဉ္စ သာဓေတိဟင်္ခဏေ။
ထေရဿင်္ဂုလိမာလဿ၊ 

လောကနာထေန ဘာသိတံ။
ကပဋ္ဌာယိံ မဟာ တေဇံ၊ 

ပရိတ္တံ တံ ဘဏာမ ဟေ။

၁၃၄။ ယတော ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သဉ္စိစ္စိ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ။

အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။


၉-အင်္ဂုလိမာလသုတ် အနက်
၁၃၂။ ယံပရိတ္တံ၊ အကြင်အင်္ဂုလိမာလ ပရိတ်တော်ကို။ ဘဏန္တဿ၊ ရွတ်သောထေရ်၏။ နိသိန္နဋ္ဌာနဓောဝနံ၊ နေရာ အရပ်ကိုဆေးသော။ ဥဒကမ္ပိ၊ ရေမျှသည်လည်း။ သဗ္ဗံ၊ ခပ်သိမ်းသော။ ပရိဿယံ၊ ဘေးရန်ကို။ ၀ိနာသေတိဧ၀၊ ပျောက်စေတတ်သလျှင်ကတည်း။

၁၃၃။ ယံ၊ အကြင်အင်္ဂုလိမာလပရိတ်သည်။ သောတ္ထိနာ၊ ချမ်းသာသဖြင့်။ ဂဗ္ဘစုဋ္ဌာနဉ္စ၊ ကိုယ်ဝန်ဖွားခြင်းကိုလည်း။ တင်္ခဏေ၊ ထိုခဏ၌။ သာဓေတိ၊ ဖြစ်စေတတ်၏။ အင်္ဂုလိမာလဿ၊ အင်္ဂုလိမာလ အမည်ရှိသော။ ထေရဿ၊ မထေရ်အား။ လောကနာထေန၊ မြတ်စွာဘုရားလည်း။ ဘာသိတံ၊ ဟောတော်မူအပ်သော။ ကပ္ပဋ္ဌာယိံ၊ အာယုကပ် ပတ်လုံးတည်ထသော။ မဟာတေဇံ၊ ကြီးသော တန်ခိုးလည်း ရှိထသော။ တံပရိတ္တံ၊ ထိုအင်္ဂုလိမာလပရိတ်တော်ကို။ ဟေ၊ အရှင်သူတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်အံ့။

၁၃၄။ ဘ၀ိနိ၊ နှမ၊ အဟံ၊ ငါသည်။ ယတော အကြင်အခါမှ။ ပဋ္ဌာယ၊ စ၍။ အရိယာယ၊ မြတ်သော။ ဇာတိယာ၊ အဖြစ်ဖြင့်။ ဇာတော၊ ဖြစ်၏။ တတော၊ ထိုအခါမှစ၍။ သဉ္စိစ္စ၊ သေစေလိုသော စေတနာရှိသည် ဖြစ်၍။ ပါဏံ၊ အသက်ရှိသော သတ္တ၀ါကို။ ဇီဝိတာ၊ အသက်မှ။ ဝေရောပေတာဣတိ၊ ချဖူး၏ဟူ၍။ နာတိဇာနာမိ၊ ငါမသိ။ တေနသစ္စေန၊ ထိုမှန်သောစကားဖြင့်။ တေ၊ သင့်အား။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဂဗ္ဘဿ၊ ၀မ်း၌ရှိသော သတ္တ၀ါအား။ သောတိံ္တ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

အင်္ဂုလိမာလသုတ္တံ၊ အင်္ဂုလိမာလသုတ် ပရိတ်တော်သည်။

နိဋ္ဌိတံ၊ ပြီးပြီ။
 

အင်္ဂုလိမာလသုတ်တော် ရွတ်ဖတ်ခြင်း၏အကျိုး
မီးဖွားခက်ခဲသော သန္ဓေဆောင် ကိုယ်ဝန်သည်များ ဤပရိတ်တော် မန္တန်ရေ တိုက်ပေးပါက ကျန်းမာချမ်းသာစွာ အလွယ်တကူ ဖွားမြင်နိုင်ပါသည်။ ကိုယ်ဝန်နူတ်ပိုက်ရှိသူများ အမြဲတစေ ရွတ်ဖတ်ပါက ခက်ခဲမရှိ ချောမောစွာ ဖွားမြင်နိုင်၏။

လူသာမက အိမ်မွှေး တိရစ္ဆာန်များ မွေးဖွားရ ခက်လျှင်လည်း ဤပရိတ်မန္တန်ရေဖြင့်ပင် ဖျန်းပက်တိုက်ပေးပါက လွယ်ကူစွာ ဖွားမြင်ရသော အကျိုးကျေးဇူး ရရှိစေနိုင်ပါသည်။


အထက်ဖော်ပြပါ ရတနသုတ်တော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


ကိုးကား

သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင့် အန္တရာယ်ကင်း ဂါထာပေါင်းချုပ်စာအုပ်

No comments:

Post a Comment