မေး - ယခု အဘယ်စာကို သင်သနည်း။
ဖြေ - မင်္ဂလသုတ်ကို သင်ပါသည် ဘုရား။
မေး - မင်္ဂလသုတ်၌ အပြားဘယ်မျှ ရှိသနည်း။
ဖြေ - သုံးဆယ့်ရှစ်ပါး အပြားရှိပါသည် ဘုရား။
မေး - အဘယ်မါဌ်ကိုထောက်၍ သိရပါသနည်း။
ဖြေ - ဒေသနာ ပရိယောသာန နိဂုံး အဆုံး ဖြစ်သော “ဧတာဒိသာနိ အဋ္ဌတိံသ မင်္ဂလာနိ” ဟူသောပါဉ်ကို ထောက်၍ သိရပါသည် ဘုရား။
ဖြေ - ဆယ်ဂါထာဖြင့် ဟောတော်မူပါသည် ဘုရား။
မေး - ဟောတော်မူသော ဂါထာကား အဘယ်ဂါထာနည်း။
ဖြေ - အသေ၀နာစ-လည်း တစ်ဂါထာ၊ ပတိရူပ-လည်း တစ်ဂါထာ၊ ဗာဟုသစ္စဉ္စ-လည်း တစ်ဂါထာ၊ မာတာပိတု-လည်း တစ်ဂါထာ၊ ဒါနဉ္စ-လည်း တစ်ဂါထာ၊ အာရတီ-လည်း တစ်ဂါထာ၊ ဂါရဝေါစ-လည်း တစ်ဂါထာ၊ ခန္တီစ-လည်း တစ်ဂါထာ၊ တပေါစ-လည်း တစ်ဂါထာ၊ ဖုဋ္ဌဿ-လည်း တစ်ဂါထာ။ ဤဆယ်ဂါထာဖြင့် ဟောတော်မူပါသည် ဘုရား။
မေး - အဘယ်အရပ်မှာ ဟောသနည်း
ဖြေ - သာဝတ္ထိပြည်တွင် ဟောတော်မူပါသည် ဘုရား။
မေး - သာဝတ္ထိပြည်ဟု အဘယ်ကြောင့် တွင်သနည်း။ (ဆိုသနည်းဟုလည်း မေး)
ဖြေ - “သဗ္ဗံ ဓနမေတ္ထ အတ္ထီတိ”ဟု ပါဌ်ရှိသောကြောင့် ခပ်သိမ်းသော လောကီ စည်းစိမ်ချမ်းသာ ရတနာအပေါင်းတို့သည် လိုရာမတ ပြည့်စုံသောကြောင့် သာဝတ္ထိပြည်ဟုခေါ်ပါသည် ဘုရား။
မေး - သာဝတ္ထိပြည်တွင် အဘယ်အရပ်မှာ ဟောတော်မူသနည်း။
ဖြေ - ဇေတ၀န်ကျောင်းတော်၌ ဟောတော်မူပါသည် ဘုရား။
မေး - ဇေ၀တန် ကျောင်းတော်ဟု အဘယ်ကြောင့် ခေါ်သနည်း။
ဖြေ - ဇေတမင်းသား၏ ဥယျာဉ်မြေကို ငွေအသပြာ အတိခင်းပြီးလျှင် မြေဖိုးပေး၍ ဆောက်သောကြောင့် ဇေတ၀န်ကျောင်းတော်ဟု ဆိုပါသည် ဘုရား။
မေး - အဘယ်သူ ဆောက်သနည်း။
ဖြေ - အနာထပိဏ်သူဌေးဆောက်ပါသည် ဘုရား။
မေး - အနာထပိဏ်သူဌေးဟု အဘယ်ကြောင့် ခေါ်ပါသနည်း။
ဖြေ - အနာထာနံ ပိဏ္ဍံ ဒဒါ တီတိ အာထပိဏ္ဍိကော - ဟူသော ပါဌ်နှင့် အညီ ကိုးကွယ်ရာမရှိသော သူတို့ကို ထမင်းရေစာ ပေးတတ်သောကြောင့် အနာထပိဏ်သူဌေးဟု ခေါ်တွင်ပါသည် ဘုရား။
မေး - ငယ်မည်ကို အဘယ်သူ ခေါ်သနည်း။
ဖြေ - သုဒတ္တ ခေါ်ပါသည် ဘုရား။
မေး - ဇေတ၀န်ကျောင်းတော်သည် သာဝတ္ထိပြည်နှင့် နီးသလော ဝေးသလော၊ အရှေ့, အနောက်, တောင်, မြောက် စသည်တို့တွင် အဘယ်အရပ်မှာနည်း။
ဖြေ - ဘဂ၀ါ သာဝတ္ထိယံ သာဝတ္ထိနဂရဿ အ၀ိဒူရေ ဓနုပဉ္စသတမတ္ထေ ဒက္ခိဏပေဿ-ဟူသော သာဓကပါဌ် ရှိသောကြောင့် သာဝတ္ထိပြည်၏ တောင်အရပ်ဖြစ်သော ကုလလေးတာ အပြန်ငါးရာ အရပ်တွင် ဖြစ်ပါသည် ဘုရား။
မေး - ဇေတ၀န် ကျောင်းတော်သည် လေးထောင့်လော၊ စမ္ပာယ်ရုံလော၊ ဦးပြည်းလော။
ဖြေ - တိဘုမ္မိဟေတု ဂန္ဓကုဋီသု-ဟူ၍ သာဓကပါဌိ ရှိသောကြောင့် စုလစ်မွမ်းချွန်တို့ဖြင့် တင့်တယ် ဆန်းကြယ်စွာ တန်ဆာ ဆင်အပ်၍ ဘုံသုံးဆယ်ရှိသော ဇေတ၀န်ကျောင်းတော် ဖြစ်ပါသည် ဘုရား။
မေး - အဘယ်သူတောင်းပန်၍ ဟောတော်မူသနည်း။
ဖြေ - အမျိုးအမည် မထင်ရှားသော နတ်သားတောင်းပန်၍ ဟောတော်မူပါသည် ဘုရား။
မေး - အဘယ်ကြောင့် မထင်ရှားသော နတ်သားဟု ဆိုသနည်း။
ဖြေ - အထခေါ အညတရာ ဒေ၀တာ - ဟူသော ပါဌ်ကို ထောက်၍ ဆိုပါသည် ဘုရား။
မေး - မထင်ရှားသော နတ်သား အဘယ်သူ ဖြစ်သနည်း။
ဖြေ - ဣန္ဒသက္က သိကြားဟု ဆိုပါသည် ဘုရား။
မေး - အဘယ်အခါ တောင်းပန်သနည်း။
ဖြေ - သန်ခေါင်အခါ တောင်းပန်ပါသည် ဘုရား။
မေး - အဘယ်ကြောင့် သိရသနည်း။
ဖြေ - အဘိကန္တာယ ရတ္တိယာ - ဟူသော ပါဌိကို ထောက်၍ သိရပါသည် ဘုရား။
မေး - မထင်ရှားသော နတ်သားကို အဘယ်အကြောင်းကြောင့် သိကြားဟု ဆိုသနည်း။
ဖြေ - ဘုရားသခင်၏ ခြေတော်ရင်း၌ ညဉ့်ဦးယံကား စတုမဟာရာဇ် နတ်တို့သည် ဆည်းကပ်ဖူးမြော် ပူဇော်မြဲ အချိန်အခါ ဖြစ်ပါသည်။ သန်းခေါင်ယံ အာခါ၌ တာဝတိံသာ နတ်သိကြားတို့ ဆည်းကပ် ဖူးမြော်မြဲ အချိန်အခါ ဖြစ်ပါသည်။ မိုးသောက်ယံကား ဗြဟ္မာတို့ ဆည်းကပ်ဖူးမြော်သည့် အချိန်အခါ ဖြစ်ပါသည်။ ထိုအချိန်ကာလ သုံးပါးတွင် သန်ခေါင်ယံအချိန်ဖြစ်သောကြောင့် သိကြားဟု ဆိုပါသည် ဘုရား။
မေး - သိကြား တောင်းပန်ကြောင်းကို ဘယ်သူ ကြားသနည်း။
ဖြေ - အရှင်အာနန္ဒာ ကြားပါသည် ဘုရား။
မေး - အရှင်အာနန္ဒာ ကြားကြောင်းကို အဘယ်ကြောင့် သိရသနည်း။
ဖြေ - အာနန္ဒတ္ထေရေန သုတံ - ဟူသော ပါဌ်ကို ထောက်၍ သိရပါသည် ဘုရား။
မေး - အရှင်အာနန္ဒာ ကြားသော် ဘယ်သူ့ကို ပြောသနည်း။
ဖြေ - အရှင်မဟာ ကဿပမထေရ်ကို ပြောပါသည် ဘုရား။
မေး - ရှင်မဟာကဿပဟု အဘယ်ကြောင့် ခေါ်သနည်း။
ဖြေ - ကဿပ ကမ္မာဒီသု သံဝေဂံ ပဋိလဘိတွာန ပဗ္ဗဇန တောတိ ကဿပေါ - ဟူသော ၀ိဂြိုဟ်ပါဌိနှင့် အညီလယ်လုပ်ခြင်း အစရှိသော အမူတို့၌ ထိတ်လန့်ခြင်းတရားကိုရ၍ ရဟန်းပြုသောကြောင့် ကဿပဟုခေါ်ပါသည် ဘုရား။
မေး - ငယ်နာမည်ကို အဘယ်သူ ဆိုသနည်း။
ဖြေ - ရွှေအဆင်းကဲ့သို့ ကိုယ်သား ကိုယ်ရေတို့၏ တင့်တယ်ခြင်း ရှိသောကြောင့် ၀ိပ္ပလိ လုလင်ဟု ဆိုပါသည် ဘုရား။
မေး - မင်္ဂလာ သုံးဆယ့်ရှစ်ပါး ဆိုသော် အဘယ်သည်တို့နည်း။
ဖြေ - အသေ၀နာစ။ ပ။ ဧတံ မင်္ဂလ မုတ္တမံ ဟူသော ပဌမ ဒေသနာတော်၌ မင်္ဂလာသုံးပါး။ ။ ပတိရူပ။ ပ။ ဧတံ မင်္ဂလ မုတ္တမံ ဟူသော ဒုတိယဒေသနာတော်၌ မင်္ဂလာသုံးပါး။ ။ ဗဟုသဉ္စ။ ပ။ ဧတံ မင်္ဂလ မုတ္တမံဟူသော တတိယ ဒေသနာတော်၌ မင်္ဂလာလေးပါး။ မာတာ ပိတု။ ပ။ ဧတံ မင်္ဂလ မုတ္တမံ ဟူသော စတုတ္ထဒေသနာတော်၌ မင်္ဂလာသုံးပါး။ ဒါနဉ္စ။ ပ။ ဧတံ မင်္ဂလ မုတ္တမံ ဟူသော ပဉ္စမ ဒေသနာတော်၌ မင်္ဂလာလေးပါး။ အာရတီ။ ပ။ ဧတံ မင်္ဂလ မုတ္တမံ ဟူသော ဆဋ္ဌမ ဒေသနာတော်၌ မင်္ဂလာလေးပါး။ ဂါရဝေါစ။ ပ။ ဧတံ မင်္ဂလ မုတ္တမံ ဟူသော သတ္တမဒေသနာတော်၌ မင်္ဂလာငါးပါး။ ။ ခန္တီစ။ ပ။ ဧတံ မင်္ဂလ မုတ္တမံ ဟူသော အဋ္ဌမ ဒေသနာတော်၌ မင်္ဂလာလေးပါး။ တပေါစ။ ပ။ ဧတံ မင်္ဂလ မုတ္တမံ ဟူသော န၀မဒေသနာတော်၌ မင်္ဂလာလေးပါး။ ဖုဋ္ဌဿ။ ပ။ ဧတံ မင်္ဂလ မုတ္တမံဟူသော ဒသမဒေသနာတော်၌ မင်္ဂလာလေးပါး။ ဤသို့ အားဖြင့် မင်္ဂလာသုံးဆယ့်ရှစ်ပါး ရှိပါသည် ဘုရား။
မေး - အသေ၀နာ အစရှိသော ပထမဒေသနာတော်၌ မင်္ဂလာသုံးပါးဆိုသော် အဘယ်တို့နည်း။
မေး - အသေ၀နာ အစရှိသော ပထမဒေသနာတော်၌ မင်္ဂလာသုံးပါးဆိုသော် အဘယ်တို့နည်း။
ဖြေ - သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ ပညာရှိသော သူတို့ကို မှီဝဲဆည်းကပ် နှီးနှောရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ ဘုရား အစရှိသော ရတနာသုံးပါးတို့အား အရိုအသေ အလေးအမြတ် ပြုရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ ဤသို့ အားဖြင့် အသေ၀နာစ အစရှိသော ပထမ ဒေသနာတော်၌ မင်္ဂလာသုံးပါး ရှိပါသည် ဘုရား။
မေး - အသေ၀နာစ အစရှိသော ပထမ ဒေသနာတော်၌ မင်္ဂလာသုံးပါးကို သိရပါပြီ။ ပတိရူပ ဒေသ၀ါသောစ အစရှိသော ဒုတိယ ဒေသနာတော်၌ မင်္ဂလာသုံးပါးဆိုသော် အဘယ်တို့နည်း။
ဖြေ - တင့်အပ် လျှောက်ပတ်သော အရပ်၌ နေရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ ရှေးက ပြုခဲ့ဖူးသော ကောင်းမူရှိခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက် ရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ ဤသို့အားဖြင့် ပတိရူပဒေသ၀ါသောစ အစရှိသော ဒုတိယ ဒေသနာတော်၌ မင်္ဂလာသုံးပါးရှိပါသည် ဘုရား။
မေး - ပတိရူပ ဒေသ၀ါသောစ အစရှိသော ဒုတိယ ဒေသနာတော်၌ မင်္ဂလာသုံးပါးကို သိရပါပြီ။ ဗာဟဒုသစ္စဉ္စ အစရှိသော တတိယဒေသနာတော်၌ မင်္ဂလာလေးပါးဆိုသော် အဘယ်သည်တို့နည်း။
ဖြေ - ကျမ်းဂန်တရား အကြားအမြင်များရခြင်း သည်လည်း မင်္ဂလာ တစ်ပါး၊ အပြစ် ခပ်သိမ်း ကင်းသော နူတ်မှ အတတ်တို့ကို တတ်ရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ ကောင်းစွာ သိအပ်သော ၀ိနည်းတရားတို့ကို သင်ကြားရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ အင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားကို ပြောဆိုရခြင်းသည်လည်း မင်္ဂလာတစ်ပါး။ ဤသို့အားဖြင့် ဗာဟုသစ္စဉ္စ အစရှိသော တတိယဒေသနာတော်၌ မင်္ဂလာလေးပါး ရှိပါသည် ဘုရား။
မေး - ဗာဟုသစ္စဉ္စ အစရှိသော တတိယ ဒေသနာတော်၌ မင်္ဂလာတရား လေးပါးကို သိရပါပြီ။ မာတာပိတု အစရှိသော စတုတ္ထ ဒေသနာတော်၌ မင်္ဂလာ သုံးပါးဆိုသော် အဘယ်သည်တို့နည်း။
ဖြေ - အမိ၊ အဖ တို့ကို လုပ်ကျွေးမွေးမြူရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ သားမယားတို့အား ထောက်ပံ့ သင်္ဂြိုလ်ရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ အနှောင့်အယှက် မရှိသော လယ်လုပ်ခြင်း ကုန်သွယ်ခြင်း အမူတို့ကို ပြုလုပ်ခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ ဤသို့ အားဖြင့် မာတာပိတု အစရှိသော စတုတ္ထ ဒေသနာတော်၌ မင်္ဂလာတရား သုံးပါးဖြစ်ပါသည် ဘုရား။
မေး - မာတာပိတု အစရှိသော စတုတ္ထ ဒေသနာတော်၌ မင်္ဂလာ သုံးပါးကို သိရပါပြီ။ ဒါနဉ္စ အစရှိသော ပဉ္စမဒေသနာတော်၌ မင်္ဂလာတရား လေးပါးဆိုသော် အဘယ်သည်တို့နည်း။
ဖြေ - အလှူပေးခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ တရားကိုကျင့်ရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ အဆွေအမျိုးတို့အား သင်္ဂြိုလ်ထောက်ပံ့ရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ အပြစ်မရှိသော အကြင် အမူတို့ကို ပြုရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ ဤသို့အားဖြင့် ဒါနဉ္စ အစရှိသော ပဉ္စမ ဒေသနာတော်၌ မင်္ဂလာ တရားလေးပါး ဖြစ်ပါသည် ဘုရား။
မေး - ဒါနဉ္စ အစရှိသော ပဉ္စမ ဒေသနာတော်၌ မင်္ဂလာလေးပါးကို သိရပါပြီ။ အာရတီ အစရှိသော ဆဋ္ဌမ ဒေသနာတော်၌ မင်္ဂလာလေးပါးဆိုသော အဘယ်သည်တို့နည်း။
ဖြေ - မကောင်းမူကိုမပြုမူ၍ ဝေးစွာ ကြဉ်ရှောင်ရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ ကိုယ်၏ အသက် ငဲ့ကွက်ခြင်း တင်းသောစိတ်ဖြင့် ငါသည် မကောင်းမူကို မပြုပြီ။ ငါ၏ အသက် သေသော်လည်း သေပါစေ၊ သူ၏ အသက်ကို မသတ်မူ၍၊ သူ့ဥစ္စာကို ခိုးယူခြင်း အစရှိသော အမူကို မပြုပြီဟု အထူးသဖြင့် ကြဉ်ရှောင်ရခြင်းသည်လည်း မင်္ဂလာတစ်ပါး။
မေး - သုရာငါးပါးဆိုသော် အဘယ်နည်း။
ဖြေ - ပိဋ္ဌသုရာ မုံ့ညက်ဖြင့် ပြုသော သေ။ ပူဝသုရာ - မုန့်ဖြင့် ပြုသောသေ။ သြဒန သုရာ - ထမင်းဖြင့် ပြုသောသေ။ ကိဏ္ဏပက္ခိတ္တသုရာ - တဆေးထည့်၍ ပြုသောသေ။ သမ္ဘာရသံယုတ္တာ - များစွာသော အဆောက်အဦးတို့ဖြင့် ပြုသောသေ။ ဤသည်ကား သေငါးပါး ဖြစ်ပါသည် ဘုရား။
မေး - မေရယ ငါးပါးဆိုသည် အဘယ်နည်း။
ဖြေ - ပုပ္ဖါသဝေါ - အပွင့် အရည်တို့ဖြင့် ပြုသော အရက်။ ဖလာသဝေါ - သစ်မည်စည်သီး အစရှိသည် တို့ဖြင့် ပြုသော အရက်။ မဓွါသဝေါ - မုဒရက်သီး အစရှိသည်တို့ဖြင့် ပြုသော အရက်၊ ဂုဠာသဝေါ - ကြံရည်တို့ဖြင့် ပြုသော အရက်။ သမ္ဘာရသံယုတ္တာ - များစွာသော အဆောက်အဦးတို့ဖြင့် ပြုသော အရက်။ ဤသည်ကား မေရယ ငါးပါးဖြစ်ပါသည် ဘုရား။ ဆိုအပ်ခဲ့ပြီးသော ယစ်မျိုးငါးပါးကို သောက်စားခြင်းမှ စောင့်စည်းရခြင်းသည်လည်း မင်္ဂလာ တစ်ပါး။ ဒါန, သီလ, ဘာဝနာ, အပစာယန, ဝေယျာဝစ္စ, ပတ္တိဒါန, ပတ္တာနုမောဒန, ဓမ္မဿဝန, ဓမ္မဒေဿနာ, ဒိဋ္ဌိဇုကမ္မတည်းဟူသော ကုသိုလ်တရား ဆယ်ပါးတို့၌ မမေ့ မလျော့ရခြင်း သည်လည်း မင်္ဂလာ တစ်ပါး။ ဤသို့ အားဖြင့် အာရတီ အစရှိသော ဆဋ္ဌမ ဒေသနာတော်၌ မင်္ဂလာတရားလေးပါး ဖြစ်ပါသည် ဘုရား။
မေး - အာရတီ အစရှိသော ဆဋ္ဌမဒေသနာတော်၌ မင်္ဂလာ တရားလေးပါးကို သိရပါပြီ။ ဂါရဝေါ - အစရှိသော သတ္တမ ဒေသနာတော်၌ မင်္ဂလာတရားငါးပါး ဟူသော်ကား အဘယ်နည်း။
ဖြေ - ဇာတ်, ဂုဏ်ရှိသော သူတို့အား အရိုအသေ အလေးအမြတ်ပြုရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ ရရသမျှသော ပစ္စည်း အသုံးအဆောင်တို့ဖြင့် ရောင့်ရဲ လွယ်ရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ သူတစ်ပါး ကျေးဇူးကို သိရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ လျောက်ပတ်သော အခါ၌ တရားတော်ကို နာရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ ဤသို့အားဖြင့် သတ္တမဒေသနာတော်၌ မင်္ဂလာတရား ငါးပါးဖြစ်ပါသည် ဘုရား။
မေး - သတ္တမ ဒေသနာတော် ဖြစ်သော ဂါရဝေါစ၌ မင်္ဂလာတရား ငါးပါးကို သိရပါပြီ။ ခန္တီ အစရှိသော အဋ္ဌမ ဒေသနာတော်၌ မင်္ဂလာတရား လေးပါးဟူသော်ကား အဘယ်နည်း။
ဖြေ - ကိုယ့်အောက် ယုတ်သော သူတို့ကို သည်းခံရခြင်း သည်လည်း မင်္ဂလာ တစ်ပါး၊ သူတော်ကောင်းတို့ ဆိုလွယ်သော သူ၏ အဖြစ်သည်လည်း မင်္ဂလာ တစ်ပါး၊ ရဟန်း, ပုဏ္ဏား တို့အား ဖူးမြင်ရခြင်း သည်လည်း မင်္ဂလာ တစ်ပါး၊ လျောက်ပတ်သော အခါ၌ တရားစကားကို နှီးနှောပြောဆို ဆွေးနွေး မေးမြန်းရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ ဤသို့ အားဖြင့် အဋ္ဌမဒေသနာတော်ဖြစ်သော ခန္တီစ၌ မင်္ဂလာတရားလေးပါး ဖြစ်ပါသည် ဘုရား။
မေး - အဋ္ဌမ ဒေသနာတော်ဖြစ်သော ခန္တီစ-၌ မင်္ဂလာတရား လေးပါးကို သိရပါပြီ။ တပေါစ - အစရှိသော န၀မဒေသနာတော်၌ မင်္ဂလာတရား လေးပါးဟူသည်ကား အဘယ်သည်တို့နည်း။
ဖြေ - ခြိုးခြံစွာ ကျင့်ရခြင်းသည်လည်း မင်္ဂလာတစ်ပါး၊ မြတ်သော မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ် တရားတို့ကို ကျင့်ရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ အရိယသစ္စာ တရားမှန်တို့ကို သိမြင်ရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ အရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက် ပြုရခြင်းသည်လည်း မင်္ဂလာ တစ်ပါး၊ ဤသို့အားဖြင့် တပေါစ အစရှိသော န၀မ ဒေသနာတော်၌ မင်္ဂလာတရား လေးပါး ဖြစ်ပါသည်။
မေး - န၀မဒေသနာတော်ဖြစ်သော တပေါစ-၌ မင်္ဂလာတရား လေးပါးကို သိရပါပြီ။ ဖုဋ္ဌဿ - အစရှိသော ဒသမဒေသနာတော်၌ မင်္ဂလာတရား လေးပါးဟူသော်ကားအဘယ်သည်တို့နည်း။
ဖြေ - လာဘော, အလာဘော, ယသော, အယသော, နိန္ဒာ, ပသံသာ, သုခံ, ဒုက္ခံ, တည်းဟူသော လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့သော ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် တုန်လူပ်ခြင်း မရှိသော အဖြစ်သည်လည်း မင်္ဂလာ တစ်ပါး။ ထိုလောကဓံတရား ရှစ်ပါးတို့ကို တွေ့သောအခါ စိုးရိမ်ခြင်းမရှိ သည်လည်း မင်္ဂလာ တစ်ပါး၊ ကိလေသာ ရမ္မက် ဟူသော အညစ်အကြေး မတင် သန့်ရှင်းစင်ကြယ်သော အဖြစ်သည်လည်း မင်္ဂလာ တစ်ပါး၊ ကြောက်မက်ခြင်းကင်းသော အဖြစ်သည်လည်း မင်္ဂလာ တစ်ပါး၊ ဤသို့အားဖြင့် ဒသမဒေသနာတော်၌ မင်္ဂလာတရား လေးပါး ဖြစ်ပါသည် ဘုရား။
မေး - မင်္ဂလာ တရားတော်ကို အရှင်အာနန္ဒာ မထေရ်သည် အရှင်မဟာကဿပ မထေရ်အား ပြောသည်ဆိုသော် အဘယ်အရပ်မှာ ပြောသနည်း။
ဖြေ - ရာဇဂြိုဟ်ပြည်မှာ ပြောပါသည်။
မေး - ရာဇဂြိုလ်ပြည်ဟု အဘယ်ကြောင့် ခေါ်ပါသနည်း။
ဖြေ - စကြ၀တေး အစရှိသော ဘုန်းကြီးသော မင်းတို့သည် သိမ်းယူရာ ဖြစ်သောကြောင့် ရာဇဂြိုဟ်ဟု ခေါ်တွင်ပါသည် ဘုရား။
မေး - ရာဇဂြိုဟ်ပြည် မြို့တွင်း မှာလော၊ မြို့ပြင်မှာလော။ အရှေ့, အနောက်, တောင်, မြောက်, စသော အရပ်တွင် ဘယ်အရမ်မှာ ပြောသနည်း။
ဖြေ - ရာဇဂြိုဟ်ပြည် မြို့ပြင်, မြောက်ဘက်အရပ်, ဝေဘာရတောင်ဝှမ်း စရည်းပင်ပေါက်သော ကျောက်ဂူလိုဏ်ဝ၌ နတ်တို့ဘုံဆောင် ဘုံဗိမာန်နှင့်တူသော ရတနာမျိုးတို့ဖြင့် တန်ဆာဆင်အပ်သော ချောမောပြေပြစ် ဆန်းကြယ်လှစွာသော ရတနာသဘင်မဏ္ဍပ်မှ ဣန္ဒနီလာ မသာရဂလ်, မနောမယ အစရှိသော ရတနာမျိုးတို့ဖြင့် စီမံအပ်သော တွေတွေဒီးဒီး ရွှေချောင်းစီးသကဲ့သို့ လျှံညီတောက်ပသော ပလ္လင်ထက်၌ အဖိုးအတိုင်းမသိ ထိုက်သော ခင်နှီး နေရာ ပေါ်တွင် ဆင်စွယ်စီသော ယပ်ကို ကိုင်၍ အရှေ့စူးစူးသို့ မျက်နှာပြုလျက် နေတော်မူပြီးလျှင် ပထမ သင်္ဂါယနာကို အမှူးပြု၍ ဆောင်ရွက်တော်မူသော အရှင် မဟာကဿပ ရဟန္တာကြီးက မေးတော်မူလျှင် အရှင်အာနန္ဒာဖြေလျှောက်ပါသည် ဘုရား။ နတ်သားတောင်းပန်၍ ဟောတော်မူသောအခါ ကုဋေ ရှစ်သန်းမျှလောက်ကုန်သော နတ်သားတို့သည် ရဟန္တာဖြစ်ကြ၏ ဆိုပါသည်။ သောတာပန်, သကဒါဂါမ် အနာဂါမ် ဖြစ်သူ အနန္တ ဆိုပါသည် ဘုရား။
မင်္ဂလာခွဲ အမေးအဖြေ ဤတွင်ပြီး၏။
သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment