“ပရိတ်တော်” ဟူသော စကားမှာ ပရိတ္တ ဟူသော ပါဠိမှ ဆင်းသက်လာခြင်းဖြစ်သည်။
ပရိတ္တ၏ အနက်မှာ အရံအတားကို ဆိုလိုကြောင်း ပရိတ်တော်ကျမ်းများ၌ အတိအကျ ဖော်ညွှန်းထားပေသည်။ ယင်းကဲ့သို့ အဓိပ္ပာယ်ဖွင့်ပေးထားသဖြင့် ပရိတ်ရွတ်ဖတ်ကြသူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် မမြင်ရသော ဘေးအန္တရာယ် အသွယ်သွယ်တို့သည် မပေါ်ပေါက် မကျရောက်စေရန် ကြိုတင်ကာဆီးလျက် “ဘေးကြီးမရောက် လွင့်ပြယ်ပျောက်၍ ကြီးမြောက်သိဒ္ဓိ တန်ခိုးရှိစေသော” အကျိုးအမြတ် ဖြစ်ထွန်းစေသည်ကို “ပရိတ်တော်”ဟု ခေါ်ဆို သတ်မှတ် ရွတ်ဖတ်ခဲ့သည်ဟူ၍ အနှစ်သာရအားဖြင့် ပြန်ဆိုရပေမည်။

ထို့ကြောင့် ပရိတ်တော်များကို ရှေ့ပညာရှိ ဆရာကြီးများက ဥုံ-ရှေ့ကခံကာ “မန္တန်တော်မြတ်များ” ဟုခေါ်ဝေါ်ရွတ်ဆို သုံးစွဲခဲ့ကြသလို အချို့ပညာရှင်များကလည်း သြောင်းတပ်ကာ လောကီသိဒ္ဓိ အမျိုးမျိုးကို ဖွင့်နှိုးပေါက်မြာက်စေရန် စီရင်သုံးစွဲခဲ့ကြပေသည်။
မည်သို့ပင်ဖြစ်စေ ပရိတ်တော်ဟု ခေါ်ခေါ်၊ ဂါထာတော်ဟု ခေါ်ခေါ်၊ မန္တန်တော်ဟု ခေါ်ခေါ် ယင်းပါဠ်တော်များမှာ မြတ်စွာဘုရား၏ ပိဋက ဒေသနာတော်များ ဖြစ်သဖြင့် မွန်မြတ်လှသည်၊ တန်ဖိုးရှိလှသည်ဖြစ်ရာ -
ဗုဒ္ဓပရိတ်တော် မန္တန်တော်များ အကြောင်း သိအောင် နားလည်အောင် ဖတ်ခြင်း၊ မှတ်ခြင်း၊ ရွတ်အံခြင်းဖြင့်လည်းကောင်း၊ ရွတ်ရာ၊ ဖတ်ရာ၊ ပွားများရာ၌ ကြည်ညိုသဒ္ဓါ ပီတိဖြာသော စိတ်ဖြင့်လည်းကောင်း ရွတ်ဖတ်ပါလျှင် ဗုဒ္ဒ္ဓ၏ အလိုတော်ကျ မင်္ဂလာတရားတော်နှင့် ကိုက်ညီသောသူဖြစ်ကြောင်း ဂုဏ်ယူနိုင်ပါသည်။
ထိုနည်းတူစွာ စနစ်တကျ ရွတ်ဖတ်ပွားများသူတို့၏ ပရိတ်တော်၊ မန္တန်တော် အသံကို မိမိက ယုံယုံကြည်ကြည် လေးလေးစားစားဖြင့် သဒ္ဓါတရား ရှေ့ထားကာ နာကြားပါလျှင်လည်း ဗုဒ္ဓအလိုတော်ကျ မင်္ဂလာတရားနှင့် ကိုက်ညီသောသူ ဖြစ်ကြောင်း ဂုဏ်ယူနိုင်ပါလိမ့်မည်။
ဗုဒ္ဓသာသနာ အဓွန့်ရှည်ကာ ကမ္ဘာသို့ ပျံ့နှံ့စေလိုသော ဗုဒ္ဒဘာသာဝင် အကြင်သူတော်စင် အပေါင်းတို့သည် မိမိတို့ နှလုံးသည်းပွတ်၌ အလေးအနက်ပင် သက်ဝင်ယုံကြည် နေကြရန်လည်း အထူးလိုအပ်လှပါသည်။ ယုံကြည်ချက်ဟူသည် အရာရာတိုင်း၌ ပင်မအားပေး တန်ခိုးကြီးပင်ဖြစ်သည်။
သို့ရာတွင် ဗုဒ္ဓသာသနာ ဗုဒ္ဓဘာသိတ ဒေသနာတော်များကို ဇွတ်မှိတ်၍ ယုံကြည်ရန် မတိုက်တွန်း။ လက်တွေ့ ကျင့်သုံးခြင်းဖြင့် ဘယ်လို အကျိုးဖြစ်ထွန်းစေသည်ကို တိတိကျကျ ညွှန်ကြား၍ သာလျှင် ယုံကြည်အားထားရမည် ဖြစ်ပါသည်။
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
No comments:
Post a Comment