Friday, 15 February 2013

စားကောင်းရာ အပင်မှန်သမျှ တောစိုးပင်သို့ အလေ့မကျ

(က) တော၌ အလေပကျ ပေါက်ရောက်လေ့ရှိသော တောရိုင်းပင်တို့သည် ယာသမားကို မစောင့်မျှော်တတ်၊ လယ်သမား၏ အပြုအစု အယူအယကိုလည်း ငံ့၍ မနေတတ်၊ သူ့မြေနှင့် သူ့မျိုး၊ သူ့မိုးနှင့် သူ့ရေ လိုက်ဖက်တွေ့သော် ယနေ့မိုးကျ နက်ဖြန် အညှောက်ထကြတော့သည်သာ။ ထိုအညှောက် နေရှိန်ပူပြင်းလေ တိုးထွက်လေသာ။


(ခ) လူတို့ကိုလည်းကောင်း လူကို မှီခိုနေသော နွား ကျွဲ စသည် ၀န်ဆောင်များနှင့် အခြံအရံများတို့ကိုလည်းကောင်း အသက်ကို စောင့်ရှောက်ခြင်း၊ အားဟူသော အထောက်အပံ့ကို ပေးခြင်း၊ စသည့် ကျေးဇူးပြု ဆန် စပါး၊ ပဲ၊ ပြောင်းစသော စားကောင်းရာ အပင်မျိုးတို့သည်ကား ယာရှင် လယ်ရှင်တို့၏ အိမ်မှာသာ ညအိပ် နားကြ၏။ ယာရှင်လယ်ရှင်တို့က ဗူး၊ ပလိုင်း၊ တောင်း စသည်တို့ဖြင့် သယ်ဆောင်ပေးမှသာ ထိုလယ် ထိုယာ ရှိရာတို့သို့ လိုက်ပါလာကြ၏။ တစ်ဖန် ယာရှင် လယ်ရှင်တို့က မြေကို ရွေးချယ်ကာ နေရာချထားပေးခြင်း၊ ၀ပ်ကျင်းဝပ်လျက်က သန္ဓေပေး မွေးဖွားနိုင်ရန် ထွန်ယက်ပေးရခြင်းတို့ဖြင့် ရှေ့ပြေး စီမံပေးရသေး၏။

ထို့နောက် မျိုးကျဲချပေးရ၏။ သို့တိုင် ပေါက်သည်လည်းရှိ၊ မပေါက်သည်လည်း ရှိသေး၏။ တစ်ဖန် ပေါက်လာသမျှ အပင်တို့ကိုလည်း ကြားဝင်ပေါင်းမြတ်များ ရှင်းလင်းပေးရကာ လေ၀င်လေထွက် မျှတပါစေတော့၊ မြေငွေ့ နေရှိန် မျှတပါစေတော့ဖြင့် ယုယပေးရ၏။

သို့သော် ရှင်သည်လည်း ရှိ၊ သေသည်လည်း ရှိသေး၏။ တစ်ဖန် ရှင်ပင်မှ သန်ပင်သို့ ဆက်လက်ထွက်သာစေရန်လည်း မြေတောင်မြှောက်ပေးရသေး၏။ မြေသြဇာကျွေးသင့်က ကျွေးမွေးပေးရသေး၏။ ပိုးကျနာ ရွက်ခြောက်နာ စသည့်ရောဂါများ စွဲကပ်လာပါကလည်း ဆိုင်ရာ ပိုးသတ်ဆေးလည်း ကျွေးမွေးပေးရပါသေး၏။

သို့သော် တက်ပင်လည်း ရှိ၏။ ပျက်ပင်လည်း ရှိပါသေး၏။ တစ်ဖန် ထိုတက်ပင်များကိုပင် အရွက်စာအဖြစ်က အရွက်ဖားဖားဝေနေစေရန်။ အပွင့်စားဖြစ်က အပွင့်ကားကား ဝေနေစေရန်။ အသီးစားမျိုး ဖြစ်ကလည်း အသီးထွားထွာား နှံဖျားညွတ်ညွတ် ဆွတ်ချင့်စရာ ဖြစ်လာရန် မြေ မျိုး ရေ မိုးသဘာဝအလိုက် အားစိုက်ပေးရပါသေး၏။

သို့တစေလည်း ထင်သလောက် မထွက် ထွက်သလောက်မတင်၊ အဖိတ်အစင်များလည်း ရှိပါသေး၏။ အဘယ်ကြောင့်ဆိုသော် လူတို့ အသုံးပြုသော သီးပင်စားပင်မှန်သမျှတို့သည် ယဉ်ခြင်း၊ နူးညံ့ခြင်းလျှင် ဗီဇသတ္တိ ရှိသောကြောင့်ပင်တည်း။

သည်ဥပမာတူသာလျှင် -

သံသရာအစ ဘ၀ဟူ၍ ခြေချမိစဉ်အခါမှစ၍ အလေ့အထ သဘာဝဖြင့် နိုးထလာကြသော စရိုက်ဆိုးများကား ရိပ်ဖမ်း၊ သံဖမ်းဖြင့်ပင် ဖြစ်ထွန်းလွယ်၏။ လူရွှင်တော်ပါးစပ်တွင်းမှ မဖွယ်သောမျက်လုံး။ ထိုလူရွှင်တော် စကားမဆုံးမီ သြဘာလက်ခုပ် ပေးနိုင်သည်ကိုကြည့် သိနိုင်ပါ၏။ မေထုံ ပြုကျင့်ပုံ သဘာဝ၊ မည်သည့်ဆရာကမျှ သင်ပုန်းကြီးပေါ် ပုံစံချ ရေးပြစရာ မလိုအပ်တော့ပြီကို ကြည့်သိနိုင်လောက်၏။ တစ်ဖန် ကာလသားတို့ လူကြီးများကွယ်ရာအတွင်း မဟုတ်ခင်း၊ ခင်းလိုကြသဖြင့် အချက်ပေးသော လေတချွန်၊ ချောင်းတဟန့်ပေးရုံမျှဖြင့် အကင်းညှာပါးသည်ကို ကြည့်သိနိုင်လောက်ကြ၏။

(က) တစ်ဖန် လူသားတိုင်း ရမ္မက်ဆူရန်ကား တစ်ချက်အမြှူခံရုံဖြင့် ပြီး၏။

(ခ) လူသားတိုင်း ဒေါမာန်ထရန်ကား တစ်ချက်ဟန်ပြရုံဖြင့် ပြီး၏။

(ဂ) လူသားတိုင်း ငေးကြည့်ရန်ကား အဆန်းဉာဏ် တစ်ချက်သုံးရုံမျှဖြင့် ကိစ္စပြီးစီး၏။

ထို အကုသိုလ်ကံမြောက် တရားတို့သည် မွေးရာပါ ပစ္စည်းများလည်း ဖြစ်ကြ၏။ ဘ၀များစွာ သံသရာများစွာ ကမ္ဘာ့ကမ္ဘာတို့က အလေ့ကျပေါက်အဖြစ် တောချဉ်ပေါင်၊ အင်ကြင်းများပမာ အလိုလိုပါလာကြသောကြောင့်လည်း ဖြစ်၏။ ရိုင်းသဖြင့် ထန်ခြင်း၊ တက်ကြွလွယ်ခြင်း၊ ရိုးတွင်းခြင်ဆီအထိ အမြစ်တွယ်နေခြင်းများကြောင့်လည်း ဖြစ်၏။ သို့ကြောင့် ကျူတောပမာ အမြစ်ကထွက်၍ အတက်ပေါက်လေ့ ရှိ၏။ အာရုံပုံဖမ်း ပြင်ပအာရုံကြမ်းများ၏ ဖုံးလွှမ်းရာ တောအုပ်ပမာလည်း ဖြစ်၏။ မြင်မြင်ချင်း မေ့တေ့မိလျှင် ခွာမရသော ဆွဲအားလည်း ရှိ၏။

ကောင်းသော စရိုက်သဘာဝ အရသာအမြိုက်တို့ကား လူတစ်ဘ၀၊ တစ်သက်တာသော်မှ ကြိုကြားကြိုကြားသာ ဖြစ်ခွင့်သာခြင်း၊ နှလုံးသွေးမလူပ်၊ ဘ၀င်လေ မလူပ်မှ သရုပ်ပေါ်လွင်ခြင်း၊ စိတ်တွင်းမျှသာ အေးငြိမ်းခြင်း၊ တစ်ဦးတည်းတည်း ကျင့်ပြီး တစ်ဦးတည်းတည်းသာ ကောင်းသဖြင့် အများနှင့် ပေါင်းဖက်ခွင့်မရခြင်း စသည်များကြောင့် သာမန်လူပြိန်းများ၌ ဆွဲအားကားမရှိ၊ တွန်းအားပမာသာ ရှိ၏။ အတွင်းသိ သိသူတို့အတွက်ကား တစ်ချက်အတွေ့၊ မေ့မရအောင် ဆွဲအားကောင်းလှ၏။

သို့ကြောင့် ထို ကောင်းစရိုက်မျိုးတို့ ပြုကျင့်တတ်ရန်မှာ တမင်ပြုကျင့်မှလည်း ရ၏။ စိုက်လိုက်မတ်တတ် ဇွဲသန်ဉာဏ်ပါမှလည်း ဖြစ်ထွန်းတတ်၏။ ပတ်ဝန်းကျင် မိဘနှင့် ဆရာကောင်း ပေါင်းသင်းပေးမှလည်း အရေးလှတတ်၏။

(က) ယာသမားသည် ယခုနှစ် မိုးခေါင်သဖြင့် သီးနှံစုံ အကုန်မရခဲ့။ သို့တစေလည်း နောင်နှစ် မရ၍ မလုပ်တော့ဟူ၍ မရှိခဲ့ချေ။

(ခ) လယ်သမားသည် ယခုနှစ် နှံပိုးကျသဖြင့် စပါးမဖြစ်ထွန်း၊ သို့တစေလည်း နောင်နှစ် မရ၍ မလုပ်ေ်တာ့ဟူ၍ မရှိခဲ့ချေ။

ထို ယာသမား၊ လယ်သမားသည် ယခုနှစ်၏ အတွေ့အကြုံကိုလည်း ပြန်လည် သုံးသပ်၏။ မိမိ၏ ဆန္ဒစောခြင်း၊ သို့မဟုတ် မိမိ၏ ၀ီရိယ ပေါ့လျော့သွား၍ ရသင့်ရာ မရသည့်အပြစ်ကိုလည်း စိစစ်၏။ တစ်ဖန် နောင်၌ မိုးကလာလျှင် မည်သို့မည်ပုံ လုပ်မည်ဟူသော ကြိုတင်စီမံချက်ကိုလည်း စဉ်းစားထား၏။

ထို လယ်ယာရှင် ထိုနောင်နှစ် အကယ်တိတိ မိမိမျှော်မှန်းသည့်အတိုင်း ဖြစ်မလာသော်မှလည်း မလုပ်တော့ဟူ၍ကား ဆုံးဖြတ်ချက် ချထားရိုးထုံးစံ မရှိချေ။

(၁) ဤလယ်၊ ဤယာသည် ငါနှင့်တကွ ငါ့မိသားစု၏ ၀မ်းစာထားရာ ကျီတည်း။

(၂) ဤလယ်၊ ဤယာသည် ငါနှင့် ငါ့မိသားစု ၀တ်ဆင်ရန် အထည်သေတ္တာတည်း။

(၃) ဤလယ်၊ ဤယာသည် ငါ ငါ့မိသားစု၏ နေအိမ်နှင့် အသုံးအဆောင်တည်း။

ဤသို့လျှင် ဤလယ်ယာသည် မိမိဥစ္စာသိုက်ဟူ၍ အမှန်သိ သိလေသော ထိုလယ်ယာရှင်သည် မရလေလေ တိုးလုပ်လေသာရှိသည့်ပမာ အမှားတွေ့လေလေ အမှန်ရှေ့ရူလေပမာ စရိုက်ဟောင်းမှ စရိုက်ကောင်း ပြောင်းလဲလိုသော သူသည်လည်း မေ့သဖြင့် ဖြစ်ရသော စရိုက်ဆိုးကို မမေ့ဖြင့် အစားထိုး၍ စရိုက်ကောင်း ပြောင်းလဲပေးရာ၌ ဆန္ဒဇွဲနှင့် စိတ်ဝင်စားမူ မတွန့်ကြပါမှ အရသာကြပေလိမ့်မည်။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment