လောက၌ အသွင်မတူ အိမ်သူဖြစ်ရိုး မရှိချေ။
(က) ထို အသွင်မတူမူသည် ပြင်ပသတ္တိမျှ အသွင်မတူခဲ့သော် အတူပေါင်း၍လည်း ရ၏။ တကျက်ကျက်လည်း ဖြစ်တတ်သေး၏။ ဓလေ့စရိုက်မျှ အသွင်မတူသော အိမ်ထောင်သည် လင်မယားစုံတွဲမျိုးပမာ ဖြစ်၏။
(ခ) အတွင်းရှိ သဘာဝကျောရိုးကပင် မူကွဲနေသော်ကား မျက်နှာချင်း ဆိုင်၍ပင် မရချေပြီ။ လက်နက်ကိုင်ဓားမြနှင့် ရဲစုံတွဲ၊ လက်နက်ကိုင် သူပုန်နှင့် တပ်မတော်စုံတွဲများ ပမာတည်း။
ဤ၌လည်း မောဟနှင့် သတိစုံတွဲကား ကျောရိုးအတွင်းပိုင်း သဘာဝချင်း မတူသော စုံတွဲဖြစ်ရကား မည်သည့် ကာလမျှ အတူတွဲ၍ မရစကောင်းပြီ။ မေ့နေလျှင် အမှတ်မရ၊ သတိရနေသော် မေ့မဖြစ်အားဖြင့် အရှေ့နှင့်အနောက်အလားလည်းကောင်း၊ အမှောင်နှင့် အလင်းပမာလည်းကောင်း တွဲဖက်၍မရသော ဆန့်ကျင်ဘက်များ ဖြစ်ကြ၏။
မောဟသည် တွေဝေခြင်း၊ မိန်းမောခြင်းလျှင် သူ့သဘာဝ ရှိ၏။ သတိသည်ကား အမှတ်ရခြင်း၊ အောက်မေ့ဆင်ခြင်ခြင်းလျှင် သူ့သဘာဝရှိ၏။ အိပ်စက်လိုသူနှင့် ခရီးသွားလိုသူ အလိုချင်းမတူညီကြပုံမျိုး ဖြစ်၏။
ထိုတွင် မောဟ၏ သဘာဝသတ္တိသည် ဖြစ်ခဲ့ပြီးကိုလည်း ဖုံးဖိပေးထားတတ်၏။ ဖြစ်ရန်ရှိသည်များကိုလည်း လှမ်းမမြင်သာရန် ကာဆီးပေးထားတတ်၏။ လက်ရှိ၏ အတွင်းသဘော သတ္တိမှန်သမျှကိုလည်း အမှန်သိဖြင့် မရိပ်မိစေရန် ကာကွယ်ပေးထားသေး၏။ လင်ကွယ်ရာ အပြစ်အနာအဆာရှိသော မာယာရှင် မိန်းကလေးတစ်ဦး၏ လှည့်စားဖုံးဖိထားပုံပမာ ဆိုရ၏။
ထိုမောဟမှ ယှက်နွယ်လာသော ဥဒ္ဒစ္စမောဟ စိတ်ကို ပျံ့လွင့်စေသောအားဖြင့် အမှန်အသိမပေးခြင်း၊ ၀ိစိကိစ္ဆာ မောဟစိတ်ကို ဇဝေဇ၀ါဖြစ်စေသောအားဖြင့် အမှန်အသိမပေးခြင်း ထိုနှစ်မျိုးတို့ကလည်း ပင်ကိုဖြစ်သော အသိစိတ်ကို မိမိဘ၀ ဖြစ်စဉ်ကြီးနှင့် မိမိခန္ဓာ၏ အကြောင်းကို အမှန်လျှင် အမှန်အတိုင်း ကောင်းကောင်းကြီး အသိမပေးလိုကြရကား စိတ်အစဉ်ကို ခန္ဓာအပြင်သို့ တွဲခေါ်သွားခြင်း၊ ခန္ဓာခွင် ကပ်ပြန်ပါသော်ကော ဖော်တစ်ဝက်၊ ဖုံးတစ်ဝက် မြှုပ်ကွယ်ထား ကစားပေးခြင်းများဖြင့် လှည့်စားပေးတတ်လှ၏။ လင်ကွယ်ရာ အပြစ်အနာအဆာရှိသော မာယာရှဓင် မိန်းကလေး မိမိ၏ အိမ်တွင်းရေးကိစ္စ လင်မရိပ်မိစေရန် ပြင်ပရှိ ပွဲလမ်းရှိရာသို့ ဆွဲခေါ်သွားခြင်း၊ လင်က မယုံသဖြင့် စစ်ဆေးကလည်း မိမိရရ အဖြေမပေးခြင်းမျိုးပမာ ရှိ၏။
(က) စင်စစ်မောဟ၏ မူလသတ္တိသဘောသည် မည်သည့်အာရုံကိုမျှ မ၀င်စားတော့သော ပဋိသန္ဓေ နေခဲ့ရစဉ်ကာလတုန်းက သဘာဝအတိုင်းလည်ေးကာင်း၊ တိရစ္ဆာန်ဖြစ်စေ၊ အာရုံမရခင်က အခြေအနေအတိုင်းလည်းကောင်း၊ ဖြစ်ပေါ်လေ့ရှိရာ ဘ၀င်လေလည်း မလူပ်ရှား နှလုံးသွေးလည်း ထက်အောက်မလား၊ စိတ်လည်း မကစားနိုင်တော့ပြီ။
ထိုစဉ်ကာလ ဖြစ်ပေါ်နေသော နှလုံးသွေးနှင့်တကွ ခန္ဓာခွင် တစ်ပြင်လုံးရှိ လည်ပတ်နေရသော သွေးများသည်ကား ပျစ်ချွဲနေပြီး ရေစီးရပ်သွားသော မြောင်းတွင်းရှိ ရွှံ့နှစ်ရေ၊ ဗွက်ပုပ်ရေများပမာ မွဲညစ်နေတတ်ရကား ထို မောဟပိုင်ရှင်၏ သွင်းပြင်မူရာ လက္ခဏာမှာလည်း အိပ်ရေးမ၀၊ အိပ်ရာထစသူတစ်ယောက်၏ မျက်နှာကဲ့သို့ သုန်သုန်မူန်မူန်ဖြင့် မွဲညစ်နေတတ်၏။ ကိုယ်သည် လေးလံထိုင်းမိုင်းနေတတ်၏။ လန်းဆန်းခြင်း၊ တက်ကြွခြင်း အလျင်းမရှိပြီ။
တစ်ဖန် ထိုမောဟ၏ အခြံရံဖြစ်သော စိတ်ပျံ့၊ စိတ်တွေ့မူ လက်ခွဲသတ္တိသဘောသည်လည်း အာရုံကိုကား ဖမ်းယူဝင်စားကြည့်၏။ သို့တစေလည်း လက်မိလက်ရ ပိုင်နိုင်စွာ မ၀င်စားနိုင်ရကား ကြောက်ရွံ့ ထိတ်လန့်စွာ နေလာခဲ့ကြရသော တိရစ္ဆာန်ဘ၀အလားလည်းကောင်း၊ ဉာဏ်မမီသော ကိစ္စရပ်တစ်ခုကို တွေးယူခံစားကြည့်နေသော ပညာမဲ့သူတစ်ဦးပမာလည်းကောင်း၊ ဖြစ်ပေါ်လေ့ရှိရာ ဘ၀င်လေသည် မလူပ်တစ်ချက် လူပ်တစ်ချက် နှလုံးသွေးလည်း သွက်တစ်ချက်၊ ငြိမ်တစ်ချက်၊ စိတ်လည်း မသိတစ်ချက် သိတစ်ချက်မျှသာ ရှိတော့၏။
ထိုစဉ်ကာလ ဖြစ်ပေါ်နေသော နှလုံးသွေးနှင့်တကွ ခန္ဓာခွင်တစ်ပြင်လုံးရှိ လည်ပတ်နေရသော သွေးများသည်လည်း အပြစ်အချွဲလည်း မကွဲတတ်၊ စီးကြောင်းလည်း မပြတ် ဖြစ်နေချေရာ ကြက်၊ ၀က်၊ ဘဲ၊ နွားတို့၏ အသားများကို ဆေးကြောထားသော ရေများပမာ နောက်ကျိနီကြောင် ဖြူရောင်တစ်ပိုင်းတို့ဖြင့် မသန့်ဖြစ်နေတတ်လှချေ၏။ ထို စိတ်ပျံစိတ်တွေပိုင်ရှင်၏ သွင်ပြင်မူရာလက္ခဏာမှာလည်း အပျံ့သမား၌ ထိတ်ပျာသော အသွင်ကို ဆောင်နေပြီး အတွေးသမား၌ မတင်မကျအသွင်ကို ဆောင်နေတတ်၏။ ကိုယ်သည်လည်း မျှေဓ်ာငေး ငေးနေတတ်ခြင်းကြောင့်လည်းကောင်း၊ ငိုင်ငေး ငေးနေတတ်ခြင်းကြောင့်လည်းကောင်း ထိုင်မလို ထမလို ဖြစ်နေတတ်၏။ ၎င်းသည်လည်း လန်းဆန်းခြင်း၊ တက်ကြွခြင်း ကင်းဝေးနေချေပြီ။
(ခ) သတိ၏ သဘာဝသတ္တိကား ထိုမောဟနှင့် ဆန့်ကျင်ဘကတည်း။ အာရုံများကို ၀င်လာသမျှ အသိအမှတ်ပြုပေးခြင်း၊ အကောင်းအဆိုး၊ အကြောင်းအကျိုး ခွဲခြမ်းကာ ပင်ကိုစိတ် ဆုံးဖြတ်ချက် ချသာစေရန် ကြံစည်အောက်မေ့ပေးခြင်းတို့ဖြင့် မှတ်ချက် ချချပေးနေတတ်ချေရာ ဖြစ်ခဲ့ပြီးကိစ္စ၊ ပြီးပြီးသမျှတို့၏ အကြောင်းချင်းတကိုလည်း ဖော်ထုတ်ပေးလေ့ ရှိ၏။ ဖြစ်ရန်ရှိသည်များကိုလည်း ရှောင်ရန်၊ ဆောင်ရန်အတွက် ချိန်ဆပေးလေ့ ရှဓိ၏။ ဖြစ်ဆဲရှိ အရာအားလုံးကိုလည်း အရှိကို အရှိအတိုင်းလျှင် ပင်ကိုစိတ်ကြံတိုင်းလျှင် သိနိုင်စေရန် အတွင်းသားအဆိုက် နိုက်၍၊ နိုက်၍လည်း အမှတ်ပေးလေ့ ရှိ၏။ လင်နှင့် စိတ်တူသဘောတူ ဦးထမ်းပဲ့ထမ်း မယားအလိမ္မာပမာ ရှိ၏။
စင်စစ် သတိ၏ မူလသတ္တိသဘောသည် တွေ့ထိလာသမျှ အာရုံစုံတို့ကို ပြင်ပတံခါးပေါက်မှ ဆီးကြိုဧည့်ခံခြင်း၊ အတွင်းဖျာပေါ်မှ ဆွေးနွေး ဝေဖန်ခြင်းတို့ဖြင့် ပြုကျင့်လေ့ရှိရာ လူလားမြောက်တစ်ဦး၏ သဘာဝအတိုင်းလည်းကောင်း၊ အသိဆင်ခြင်ဉာဏ်ရှိ ပညာရှင်တစ်ဦး၏ သဘာဝအတိုင်းလည်းကောင်း အရာရာ မှတ်ချက်ပါနေသည်သာ ဖြစ်တော့၏။
ထိုစဉ်ကာလ ဖြစ်ပေါ်နေသော နှလုံးသွေးနှင့်တကွ ခန္ဓာပြင်တစ်ခွင်လုံး လည်ပတ်နေရသော သွေးတို့သည် ရွှင်သွက်နေပြီး ပတ္တမြားခဲပမာ အရည်လဲ့ တောက်ပနေရကား ထိုသတိပိုင်ရှင်၏ သွင်ပြင်မူရာ လက္ခဏာမှဓာလည်း ရောင်းစဉ်ဝယ်စဉ်ကာလအမြတ်အစွန်းရ စီးပွားရေးသမားတစ်ဦး၏ မျက်နှာကဲ့သို့ ကြည်လင်တောက်ပနေတတ်လှ၏။ ကိုယ်သည်လည်း ပေါ့ပါးသွက်လက်၏။ ပျင်းရိထိုင်းမိုင်းခြင်း အလျင်းမရှိပြီ။
အထက်ပါ မောဟနှင့် သတိတို့၏ သဘာဝဖြစ်စဉ်နှင့် ယှဉ်တွဲလေ့လာကြည့်လျှင် ဆန့်ကျင်ဘက်အားဖြင့် အသွင်မတူသည်ကို သဘောပေါက်နိုင်ပါသည်။ တိရစ္ဆာန်ဘ၀များစွာတို့က ပါလာသော သဘာဝနှင့် လူ့ဘ၀ လူအသိသိ၇န် အားထုတ်သော ကာလကျမှ ပေါ်ပေါက်ခွင့်ရသော သဘာဝတရားနှဓစ်ပါး ဖြစ်ခြင်းကြောင့်လည်း သဘောပေါက်နိုင်ပါသည်။ တစ်ဖန် မောဟဘက်က ဖုံးအုပ်မူ ထုထည် ကြီးမား၍ သတိဘက်က ထိုးဖောက်မူအား နည်းနေရခြင်းသည်လည်း တိရစ္ဆာန်အဖြစ်မှ ဘ၀စတင်ခဲ့ရခြင်း၊ ထို တိရစ္ဆာန်ဘ၀ အဖြစ်များခဲ့ရခြင်းများကြောင့် ဆိုသည်ကိုလည်း ထပ်ဆင့်၍ သဘောပေါက်နိုင်ပါသည်။
တစ်ဖန်လည်း မောဟနှင့် သတိဆိုသော ထိုတရားနှစ်ပါးတို့တွင် တိရစ္ဆာန်ကောင် အားလုံးတို့နှင့် အာရုံကို ခင်မင်လေ့ရှိသော လူဖြစ်ရုံသာသာ လူသားတို့၌ မောဟသည် အပြီးအစီး အိမ်ရှင်နေရာယူထားပြီး အကယ်တိတိ သတိ တစ်လေတစ်ခါမျှ ၀င်ရောက်လာသော် ထိုသတိကို နေရာမပေးခြင်း၊ မိမိပိုင် ခန္ဓာတို့မှ အရှဓိကို ပိပိရိရိ ဖုံးဖိထားခြင်းဖြင့် ကြဓီးစိုးတတ်ပါသည်။ လူ့ဘ၀ရသဖြင့် လူ့အစွမ်းအစ ပြသရန် လေ့ကျင့်ခန်း ၀င်နေကြသော လူသားများ၌ကား သတိသည် အပြီးအစီး နေရာယူထားပြီး အကယ်တိတိ မောဟတစ်လေတစ်ခါ ၀င်ကပ်လာသော် ထိုမောဟကို မူတ်လွှင့်ချေဖျက်ပစ်ခြင်း၊ မိမိပိုင် ခန္ဓာတို့မှ အရှိကို အရှိအတိုင်း ထုတ်ဖော်ပြသလိုက်ခြင်းဖြင့် ကြီးစိုးတတ်ပါသည်။
စင်စစ် မောဟသည် မိမိပိုင်နက်အတွင်းရှိ သတ္တ၀ါတို့ကို အာရုံ၌ စွဲမက်နေစေရန် အမည်မှားလျက်က (နောက်တိုး ရှေ့ခံမှည့်ထားသော လက်ဖက်ရည်၊ ကော်ဖီရည် စသည်များမှ လက်ဖက်ရည်ကော်ဖီဆိုသော ဘမ်းပြကိုသာ) အသိပေးလေ့ ရှိတတ်ပါသည်။ အာရုံခံဝတ္ထု၏ ပြင်ပသဘာဝများကိုသာ မြည်းစမ်းခွင့် ပေးတတ်ပါသည်။ ထိုသို့ အမည်မှား ဘမ်းပြမျှကိုသာ မြည်းစမ်း သဘောဖြင့် ခံစားခွင့်ပြုပြီး နောက်ချက်ချင်းပင် မေ့ပစ်ခိုင်းလေ့ ရှိပါသည်။ တစ်ခုဆုံရာမှ အကုန်လည်း ကူးစက်ပေးလေ့ ရှိပါသည်။
ထိုအခွင့်အလမ်းကို ခံစားခွင့် ရသူများမှာ အမည်မှား အမည်ငှားကိုပင် တမ်းတနေရပါမည်။ ဘမ်းပြအာရုံတို့၏ အငွေ့အသက်ကိုပင် တသနေရပါသည်။ တံခါးစုံ အကုန်ဖွင့်၍လည်း သာယာနေတတ်ပါသည်။
ဆိုကြပါစို့
မူရင်း ဂျုံအမည်ကို အသာဝှက်ကာ ထိုဂျုံနှင့် ပြုလုပ်ထားသော နိုင်ငံခြားဖြစ် မုန့်အသစ်တစ်မျိုး လက်ဆောင်ပေး၍ လွေးခွင့်ရရာ၌ ဂိုလ်းဒင်းပတ်ဖ်ဟူသော အမည်မှားကိုလည်း ထုတ်ဖော်ပေးထားပါသည်။ အတွင်းခံ မြေဓာတ်သတ္တကို လွှမ်းမိုးကာ ပြုပြင်စီရင်ထားသော အပေါ်ယံရှိ အငွေ့အသက် အရိပ်အယောင်မျှသော ရသာပြေးကလေးများကိုသာ ဦးစားပေး ရွေးဒစားစေပါသည်။ ထိုအရသာပြေးများကိုလည်း မျက်စိအရသာ၊ နားအရသာ စသည် တံခါး အစုံဖွင့်လျက်က ခံစားနည်းကိုသာ အသုံးချ၍ ခံစားစေပါသည်။ ထိုအခါ တံခါးစုံ အာရုံစုံ အတိုက်ပေး၍ လွေးသောကြောင့်လည်းကောင်း၊ ကသုတ်ကယက်ဖြတ်ပြေး၊ ပြေးသည်ကိုသာ ကမန်းကတန်း အငမ်းမရဖမ်း၍ ခံစားရသောကြောင့်လည်းကောင်း၊ ဂိုးလ်ဒင်းပတ်ဖ် ကောင်းမှကောင်းဟူသော စွဲမက်မူ တလွဲအသိအမှတ်ပြုမူတို့သည် သူ့၌ ပေါ်ထွက်လာစေပါသည်။
ထိုတွင် ထိုဂျုံအရင်းခံ မြေဓာတ်စုမုန့်ကို
(က) ဂိုးလ်ဒင်းပတ်ဖ်ဟူသော အမည်မပါဘဲ စားသုံးကြည့်သော် ဟာတာတာ ဖြစ်နေပါလိမ့်မည်။
(ခ) ထိုဂိုးလ်ဒင်းပတ်ဖ်နာမည်ကို ရုပ်နားကသော်လည်းကောင်း၊ စိတ်နားကသော်လည်းကောင်း၊ တိုက်ရိုက် နာခံခြင်း၊ ကြားယောင်ခြင်း မရှိဘဲ စားသုံးကြည့်ရာ၌လည်း ပေါ့ဟာဟာ ဖြစ်နေပါလိမ့်မည်။
(ဂ) ထိုမုန့်၏ အနံ့အသက် နှာပိတ်နေ၍ဖြစ်စေ အနံ့မပြင်း၍ဖြစ်စေ အနံ့မရလေဘဲ စားသုံးကြည့်ပါကလည်း အရသာမရှိ ဖြစ်နေပါလိမ့်မည်။
(ဃ) ထိုမုန့်၏ အဆင်းပုံပန်းသဏ္ဌာန်ကို မျက်စိကွယ်သောကြောင့်ဖြစ်စေ၊ မှောင်မည်းမည်းထဲ ခံစားနေရသောကြောင့်ဖြစ်စေ၊ မမြင်ဘဲလျက်က စားသုံးကြည့်ပါကလည်း အရသာပြည့် မခံစားရပါသည်ကို သိရပါလိမ့်မည်။
(င) ထိုမုန့်ကို အဆင်းမြင် အသံကြား အနံ့များကလည်း မွှေးနေပြီး နူးညံ့သော အတွေ့အထိကိုလည်း ထိတွေ့နေရပါအံ့၊ သိုပတစေလည်း လျှာဖြင့် လျက်၍လျက်၍ ၀ါးကြည့်ရာ၌ အကယ်တိတိ လျှာဖက်က အကြည်ဓာတ်များ လောင်ကျွမ်းထားပြီးစ ခံတွင်းမတွေ့ရချိန်မျိုး ဖြစ်နေပါကလည်း တစ်ခုလိုသေးသည်အားဖြင့် ဟာတာတာပင်။
(စ) ထိုအစာ၌ စိတ်မ၀င်စား ဆင်ခြင်စိတ်လွင့်ပါေးနစဉ် ဖြစ်ပါမူကား မည်သည့်တံခါးမည်မျှ ဖွင့်၍ ခံစားခံစား၊ သေသူ့ပါးစပ်တွင်း သကြားလုံး ထားသည့်ပမာတည်း။
အထက်ပါတို့ကို လေ့လာပါက မောဟသည် အာရုံ၏ပြင်ပအငွေ့အသက်ကိုလျှင် အာရုံစုံ မွှေနှောက်၍ တံခါးခြောက်ပေါက်စလုံး အလုပ်ပေးကာ စိတ်ကို ရုန်းရင်းဆန်ခတ်ကြား အစာစားခိုင်းနေသည်ကို တွေ့ရမည်ဖြစ်၏။ မည်သည့်အာရုံကိုမျှ မိမိရရ (အတွင်းသိထိ) မမိစေသောအားဖြင့် ဆံ့တငံ့ငံ့အဖြစ် ဖန်တီးပေးနေသည်ကိုလည်း တွေ့ရမည်ဖြစ်၏။ မိမိရှိ အကြည်ဓာတ် ခဓွက်ပြင်များဝယ် အရိပ်အရောင်မျှ အငွေ့အသက်မျှ ကျရောက်လာသော ပုံရိပ်လိုင်း၏ အသေးစားများကိုလည်း အကြီးစားကြီး ထင်မိမှားစေရန် ချဲ့ကားပြနေသည်ကိုလည်း တွေ့ရမည်ဖြစ်၏။ ဂျုံမူန့်မြေသားကိုလျှင် သကြားဓာတ်၊ အနံ့ဓာတ် စသည်များဖြင့် ဖုံးအုပ်ပေးကာ ဂိုးလ်ဒင်းပတ်ဖ်ပါပဲဟူ၍လည်း မျက်စိလှည့်စား နားလှည့်စား လုပ်ပေးနေပါသည်ကိုလည်း ရိပ်မိလာမည် ဖြစ်၏။
ထိုအခါ သူ့ပိုင်နက်အတွင်းရှိ သကောင့်သားတို့ကား “အားပါး ကောင်းမှကောင်း” ဟူ၍ တညီတညွတ်တည်း ပစ်ထောက်ခံနေသည်ကိုလည်း တွေ့၇မည်ဖြစ်၏။ ရွာလျက်ကပြေးသော မိုးပြေးပမာ လျှင်မြန်စွာဖြင့်၊ အငွေ့ချင်းဆက် ပုံကြီးချဲ့အားဖြင့် ခံစားခွင့်ရလာသော အရသာကို စားသုံးကြည့်လျက်က မုန့်အမည်ကိုသာ ကောင်းကြောင်းပြော။ ပြောပြီးသလောက်လည်း ဂိုးလ်ဒင်းပတ်ဖ်နာမည်ကိုသာ စွဲနေတော့ခြင်းကိုလည်း သိလာရ၏။ ထိုအမည် ရေးသားထားသော ဘူးခွံကိုလည်း ငုံ့ကြည့်ကာ အမှတ်အသားတံဆိပ်ကိုလည်း အစွဲတေး တေးထားခဲ့သည်ကိုလည်း သိလာရတော့၏။ ထိုအခါ သကြားနယ်၊ ဆားနယ် ဂျုံမူန့်အကျက်ကိုစား၍ ဂိုးလ်းဒင်းပတ်ဖ် စွားသွားချေပြီကိုလည်း သိရ၏။ နောင်အခါ ဘူးမြင်ရုံမျှဖြင့် ကောင်းမှန်းသိအစွဲက သဲပြနေတော့မည်။ သကောင့်သားလည်း မစားမိကပင် ကောင်းနေပြီဖြစ်၍ နောက်ထပ်ဘာမျှ မစစ်မဆေး လွေးချေပြီကိုလည်း သိလာရ၏။ စင်စစ် ထိုမောဟသည် ၎င်းပိုင်သားကောင်တို့ကို သိမ်းသွင်းရာ၌ နာမည်ရ လူလိမ်တစ်ဦးတည်း။
သတိသည်ကား ထိုသို့မဟုတ်ချေ။
(က) အာရုံစုံကို တံခါးပေါက်ရှေ့ လာရောက်သဖြင့် မြင်ရကြားရလေတိုင်း ဦးစွာ အပြင်စည်းစောင့်သတိက မြင်သည်ကို မြင်သည်ဟူ၍ပင် မှတ်ချက်ပေးလွှတ်လိုက်၏။
(ခ) အတွင်းနေသတိက ဘာလဲ၊ ဘယ်လိုလဲ၊ ဘာကြောင့်လဲဟူ၍ စူးစမ်းစစ်ဆေးပေးနေ၏။
(၁) ထိုအခါ မြင်သိ၊ ကြားသိ စသည်ဖြင့် ရုပ်နှစ်ခုထိ၊ အသိတစ်ချက်တို့မျှ ပေါ်လွင်လာသော ရုပ်ဖြစ်စဉ်၊ နာမ်ဖြစ်စဉ်များ၏ မီးခိုးငွေ့ပမာသော အမျှင်တန်းမျှကိုသာ တွေ့ရတော့၏။ ထိုတွင် ကံကြောင့်ဖြစ်ပေါ်လာသော (လက်ရှိ ကာယကံမြောက်ကြောင့် လူပ်ရှားလာသော) ရုပ်နာမ်ဖြစ်စဉ်ကို ထိုကံကပင် ဖျက်ဆီးနေသဖြင့် အပျက်ကြီးပျက်လျှက်က အပျက်ချည်းဆက်နေသော လူပ်ရှားမူကိုသာ မြင်သိခွင့်ရတော့၏။
(၂) စိတ်ကြောင့်ဖြစ်ပေါ်လာသော ရုပ်နာမ်ဖြစ်စဉ် အမျှင်တန်းကြီးကိုလည်း ထိုစိတ်ကပင် လုပ်ရင်း ဖျက်အားဖြင့် ဖျက်ဆီးပစ်ခဲ့ရာ ရုပ်၏ ပုံသဏ္ဌာန်ကြီး အလျဉ်းမတွေ့ရတော့ဘဲ အပျက်ဆက်လူပ်ရှားမူကိုသာ သိခွင့်ရတော့၏။
(၃) ဥတုကြောင့်ဖြစ်ပေါ်လာသော ရုပ်နာမ်ဖြစ်စဉ် အမျှင်တန်းကြီးကိုလည်း ထိုဥတုကပင် တိုးရင်းချအားဖြင့် ဖျက်ဆီးပစ်ခဲ့ရာ ရုပ်ပုံလွှာအားဖြင့် အလျင်းမတွေ့ရတော့ဘဲ အပျက်ဆက်ကြီးသွားသည်ကိုသာ သိရတော့၏။
(၄) အာဟာရကြောင့်ဖြစ်သော ရုပ်နာမ်ဖြစ်စသ်တန်းကြီးကိုလည်း ထိုအာဟာရကပင်လျှင်ပေးရင်း ရုပ်အားဖြင့် ဖျက်ချထားခဲ့ရာ ရုပ်ပုံလွှာသဏ္ဌာန်မဲ့ ရုပ်ပျက်ဆင်းပျက် အမူန်အမွှားစများချည်းသာ သိခွင့်ရတော့၏။
ဤသို့အားဖြင့် အတိတ်ကံက ချပေးလိုက်သော ဘ၀တစ်ခုလုံးကြီးကို လက်ရှိ ကိုယ်နူတ် အမူအကျင့်များက ဖျက်ဆီးပစ်နေကြသောကြောင့်လည်းကောင်း၊ တွေးတောဆင်ခြင်စိတ်က ဖိနှိပ်ဖျက်ဆီးပစ်နေသောကြောင့်လည်းကောင်း၊ ပူအေးနှစ်ခုတို့၏ ညှပ်ပူး ညှပ်ပိတ် ထိုးကြိတ်ဖျက်ဆီးပစ်နေကြသောကြောင့်လည်းကောင်း၊ အဟာရ၏ ရသခြောက်မျိုးတို့က ဓာတ်လေးပါးကို နိုးဆော်ကာ အချင်းချင်း ရန်တိုက်ပေးပြီး အညှဉ်းဆဲခိုင်းနေသောကြောင့်လည်းကောင်း။
ထိုအတိတ်ကံပေး ဘ၀သည် ပြေးရင်းလွှားရင်းကပင် ပျက်သုဉ်းရရှာချေပြီ။ အတိတ်ကံ မကုန်သေးသမျှ အပျက်ချင်းစပ်၍ ဖာထေးကာ အတင်းပြေးရရှာချေပြီ။ နားလိုပါသော်လည်း သင်္ခါရတို့ ဒဏ်မခံနိုင်လွန်းရှာသဖြင့် မနားရဲရှာပြီ။
ထိုဖြစ်ရပ်မှန်ကို သတိကသာ ဖော်ထုတ်ပြသပေးနိုင်ပါ၏။ ကံလှည့်အား၊ စိတ်လှည့်အားများနှင့်တကွ မသိစေမူ မောဟဖုံးဖိထားခဲ့ရာမှန်သမျှကို ထိုသတိကသာ ပြောင်ဖွင့်ချ ပြနိုင်ပါ၏။ ကြည့်မိရာ။ ကြားမိရာမှာကဲ့သို့ပင် နမ်းမိရာ၊ စားမိရာ၊ တွေ့ထိမိရာ၊ တွေးမိ ကြံမိရာတို့အထိသော အာရုံခံစားခွင့် ရရာတိုင်းတို့၌ -
- ရုပ်နှစ်ခုထိ အသိတစ်ချက်ပေါ် ထို့နောက် ပေါ်၊ သိ၊ ပျက်
- ရုပ်နှစ်ခုထိ အသိတစ်ချက်ပေါ် အထိအထိချင်း ဖျက်၊ ပျက်
ထိုအရှိ၊ အရှိတိုင်းသော ပကတိသွင်ပြင်မူရာ လက္ခဏာတို့ကိုချည်းသာ မြင်သိခွင့် ရတော့ရကား…
ဤအာရုံရှင်တို့သည် ငါ့ကို လိုက်လံ သတ်ဖြတ်နေကြချေပြီတကား။
ဤအာရုံရှင်တို့သည် ငါ့ကို လိုက်လံနှိပ်စက်နေကြချေပေါ့တကား။
ထိုမှတ်ချက်နှစ်ခုတို့မှတစ်ပါး အခြားမရှိတော့ပြီ။ တစ်ဖက်အာရုံရှင်သည် ၎င်း၏ လက်သုံးဖြစ်သော အာရု့ခေါ် အရိပ်ပုံလိုင်းသဏ္ဌာန်ဖြင့် အရိပ်ရောင်ပြကာ စိတ်စိတ်ချင်း အပါဆွဲခေါ်သွားတတ်ပြီး ဦးစွာ ဖြားယောင်း၏။ ညို့ဆွဲ၊ တိုက်ဆွဲများဖြင့်တည်း။
ထို့နောက် စိတ်စိတ်ချင်း သဘောတူ ကြည်ဖြူသွားကြလေသောအခါ ရုပ်-ရုပ်ချင်း အလဲအလှယ် လုပ်ပြီး ကိုယ်အာရုံကို သူမက်၊ သူ့ရုပ် ကိုယ် နာနာဖျက်၊ အာရုံကို ကိုယ်မက် ကိုယ့်ရုပ် သူနာနာဖျက်အားဖြင့် ကံကံချင်း၊ စိတ်စိတ်ချင်း၊ ဘက်ပင်း ဖျက်ဆီးပစ်နေကြပါသည်ကို တစ်တစ်ခွခွ ထစ်ထစ်ချအမြင်ဖြင့် မြင်သိခွင့်ရသော သတိပညာရှင်၌ ထိုထိုအာရုံနှင့် အာရုံရှင်အားလုံး ငါ့လိုက်သတ်နေကြသည် မှတ်ချက်ချမှတစ်ပါး အခြား မရှိတော့ချေပြီ။
(က) လေဝှေ့ရာ ပါသွားသော အနံ့ကို ရှူလျက်က ပန်းပွင့်ကိုင်ထားသူ၏ “ဤပန်းကား ရနံ့အလွန်မွှေးသော ပန်းကောင်းလေးတစ်ပွင့် ပေတကား”
(ခ) ပန်းနံ့ တိုက်ခိုက်သွားသဖြင့် နှာခေါင်း အကြည်ဓာတ်နှင့်တကွ ခန္ဓာခွင် အကြည်ဓာတ်အားလုံး ပျက်သုဉ်းသွားသူ၏ “ဤပန်းကား ငါ့အား ကျေးဇူးများပေစွာ့တကား”
ဤသို့သော မှတ်ချက်ချမျိုး ပွဲမတိုးတော့ပြီ။ အတွေ့ချင်းဖျက်ချကြရာမှ အငွေ့မျှရသော အပျက်ကောင်းကို အကောင်းဟူ၍ အသိမှတ် မပြုတော့ပြီ။
- လူလိမ်သည် မသိသူကိုသာ လိမ်၏။ သိသူကိုကား မလိမ်ချေ။
- လူလှည့်စားသည် နားယောင်သူကိုသာ လှည့်စား၏။ နားမယောင်သူ၌ မလှည့်စားပေ။
ဤ၌လည်း လူတစ်ဦးတည်းတည်း၌ပင် အမှတ်မဲ့နေချိန်ဝယ် အသိပေးမှား၊ အတွေ့ပေးမှားတို့သည် လိမ်လည်လှည့်ဖြားတတ်ပြီး အမှတ်နဲ့ နေချိန်ဝယ် အသိပေးမှန် အတွေ့ပေးမှန်တို့သည် အရှိအရှိတိုင်းဖြင့် ဆက်ဆံတတ်လှချေ၏။
ထိုအမှတ်ရှိ အမှတ်မဲ့နှစ်မျိုးတို့သည်လည်း လူတစ်ဦးတည်းတည်းကို မိန်းမပျိုတစ်ဦးသို့ ယောက်ျားပျိုနှစ်ဦးတို့ အပြိုင်ပိုးပမ်းနေကြသည့်ပမာ သူဝင်လျှင် ငါထွက်အားဖြင့် ပြိုင်နေကြသော်မှလည်း အပြိုင်ကား မ၀င်တတ်ကြပြီ။ အားမဲ့နှင့် အားသာများရာက လူတွင်ကျယ် လုပ်ထုံးပမာတည်း။
အကယ်တိတိ မောဟဖက်က အားသာနေလျှင် သတိသည် ထိုမောဟ အားနည်းနေချိန် စောင့်ရတတ်ပြီး အကယ်တိတိ သတိဘက်က အားသာနေလျှင် မောဟသည် ထိုသတိအလစ်ကိုသာအတဓွင် ချောင်းမြောင်းနေတတ်ချေ၏။
များသောအားဖြင့် လူသည် တိရစ္ဆာန်ဘ၀မှ စတင်ခဲ့ရခြင်း၊ တိရစ္ဆာန်ဘ၀ အဖြစ်များခဲ့ခြင်းကြောင့် တိရစ္ဆာန်ဘုံပိုင်၊ မောဟကသာ မင်းမူနေတတ်လှပြီ။ သတိသည်ကား အတင်းဝင်၊ အတင်းဖျက်အားဖြင့်သာ အဓမ္မနေရာဝင်ယူရသည်က များတတ်၏။
ထိုသတိ နေရာရသဖြင့် အထိုင်ချမိသွားလျှင်ကား မောဟ၀င်ခွင့်မရပြီ။ မည်မျှ ထူထဲသော မောဟဖြစ်စေ ဗိုလ်အ၇ာဝင်သော အတိတ်ကို မလွန်ဆန်ရဲတော့ချေ။
(က) သင်ကသာ သတိကို မယားလှလှလေးတစ်ဦးကဲ့သို့ ချစ်ပြစမ်းပါ။
(ခ) ထိုသတိကား သင့်ကို ပစ်ခွာသွားရိုး မရှိပါ။
သင်ကသာ သတိကို အားကိုးအားထား လင်သားတစ်ဦးပမာ ရိုသေစမ်းပါ၊ ထိုသတိကား သင့်အပါးမှ မခွဲခွာတတ်ပါ။
ထိုသတိနှင့် သင် လင်နှင့်မယားကဲ့သို့သွားအတူ လာအတူ အတူရှိနေခဲ့ပါသော် မောဟကား မ၀င်သာတော့ပါ။ ထိုမောဟမှ ကြားမတိုးသာလျှင်ကား ကျန်ကိလေသာများလည်း ရှိသည်ဟူ၍ပင် စာရင်း ထိုးစရာ မလိုပါပြီ။
ဤကား မေ့မမေ့တို့၏ သဘာဝခြားနားချက်တည်း။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment