မြတ်စွာဘုရား ဝေသာလီပြည် မဟာဝုန်တော အထွဋ်တပ်သော ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူတော်မူပြီး ဝေသာလီ ပြည်တွင်းသို့ ဆွမ်းခံဝင်တော်မူသည်၊ ဆွမ်းစားပြီးနောက် ဆွမ်းစားဇရပ်မှ ဖဲခွါခဲ့ပြီး မဟာဝုန်တောသို့ ကြွဝင်တော်မူလျက် သစ်ပင်ရင်းတစ်ခု၌ နေ့ပိုင်း သီတင်းသုံးတော်မူသည်။
ထိုအခါ လိစ္ဆ၀ီမင်းသားငယ်များစွာသည် အဆင်သင့်ပြင်ထားသည့် လေးများ စွဲကိုင်လျက် ခွေးများနှင့်အတူ မဟာဝုန်တောကြီးထဲ သွားလာလှည့်လည်ရင်း သစ်ပင်ရင်းတစ်ခု၌ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်သွားကြသည်။
မြင်သဖြင့် လေးများ ချထားပြီး ခွေးတို့ကို သင့်တော်ရာသို့ မောင်းနှင်လွှတ်လိုက်ကြသည်၊ မြတ်စွာဘုရားထံ ချဉ်းကပ်ရှိခိုးကြသည်၊ ဆိတ်ငြိမ်စွာ လက်အုပ်ချီကာ ဘုရားရှင်ကို ဆည်းကပ် ခစားနေကြသည်။
မဟာနာမ်လိစ္ဆမင်းသည် မဟာဝုန်တောကြီးထဲ အညောင်းပြေ ထိုမှဤမှ သွားလာစဉ် ထိုလိစ္ဆ၀ီမင်းသားငယ်များ၏ အခြေအနေကို မြင်၍ မြတ်စွာဘုရားထံ ချဉ်းကပ် ရှိခိုးကာ သင့်တင့်သော နေရာ၌ ထိုင်နေလျက် -
“အချင်းတို့ ! ၀ဇ္ဇီမင်းများ ကြီးပွါးကြလတံ့၊ ၀ဇ္ဇီမင်းများ ကြီးပွါးကြလတံ့” ဟု ဥဒါန်းစကား မြွက်ဆိုလေသည်။ (ဥဒါန်းစကား - ၀မ်းမြောက်ခြင်းကြောင့် ထွက်ပေါ်လာသော စကား)
ထိုအခါ မြတ်စွာဘုရားက ဤသို့ မေးတော်မူသည် -
“မဟာနာမ် ! အဘယ်ကြောင့် သင် ဤသို့ ဆိုသနည်း။”
“အရှင်ဘုရား ! ဤလိစ္ဆ၀ီမင်းသားငယ်ုတိပဥည် ခက်ထန်ကြသည်၊ ကြမ်းကြုတ်ကြသည်၊ မာနကြီးကြသည်၊ သူတစ်ပါး၏ ကြံ, ဆီးသီး, မုံ စသော စားသောက်ဖွယ်တို့ကို လုယက် စားသောက်တတ်ကြသည်၊ အမျိုးသမီးကြီးငယ်တို့ နောက်မှလိုက်၍ ကျောကုန်းကို ခြေဖြင့် ကန်ကျောက် တတ်ကြသည်၊ ယခုအခါ၌မူကား ထိုမင်းသားငယ်တို့သည် ဆိတ်ငြိမ်စွာ မြတ်စွာဘုရားကို လက်အုပ်ချီကာ ဆည်းကပ် ခစားနေကြသည်၊ ထိုအခြင်းအရာကို မြင်၍ ဆိုခြင်း ဖြစ်ပါသည်။”
“မဟာနာမ် !
ကြီးပွားကြောင်းတရား ၅-ပါး လက်ကိုင်ထားသော အဘိသိက်ခံ ရေမြေပိုင်သော အစိုးရမင်း, မြို့စား, စစ်သူကြီး, ရွာသူကြီး, အသင်းလူကြီး, မျိုးရိုးဆိုင်ရာ အကြီးအကဲ မည်သူမဆို ဧကန်ကြီးပွားမည်၊ မည်သည့်နင်းနှင့်မျှ မဆုတ်ယုတ်နိုင်။
ယင်း ၅-မျိုးမှာ -
ဤလောက၌ အမျိုးကောင်းသားသည် စည်းစိမ်ဥစ္စာတို့ကို ချွေးဒီးဒီးကျလောက်အောင် လက်ရုံးအားကိုးကာ တရားနှင့်အညီ ကြိုးစားရှာဖွေသည်၊ ထိုစည်းစိမ်တို့ဖြင့် -
၁။ မိဘတို့ကို အရိုအသေပြုသည်၊ အလေးအမြတ်ပြုသည်၊ မြတ်နိုးသည်၊ ပူဇော်သည်၊ ရိုသေ, လေးမြတ်, မြတ်နိုး, ပူဇော်ခံရကုန်သော မိဘတို့ကလည်း “ကြာမြင့်စွာ အသက်ရှင်ပါစေ၊ ရှည်မြင့်စွာ အသက်ကို စောင့်ရှောက်နိုင်ပါစေ” ဟု စိတ်နှလုံးကောင်းဖြင့် မေတ္တာသက်ရောက် ပြန်လည် စောင့်ရှောက်ကြသည်။
မိဘတို့ စောင့်ရှောက်ခံရသော အမျိုးကောင်းသားသည် ဧကန်ကြီးပွားမည်၊ မည်သည့်နည်းနှင့်မျှ မဆုတ်ယုတ်နိုင်။
ထို့အတူ -
တရားသဖြင့် မိမိရှာဖွေစုဆောင်းထားသော စည်းစိမ်တို့ဖြင့် -
၂။ သား, မယား, ကျေးကျွန်အလုပ်သမားတို့ကို လည်းကောင်း၊
၃။ မိမိ လယ်လုပ်ငန်းအနီးရှိ လယ်ရှင်နှင့် မြေတိုင်းစာရေးတို့ကိုလည်းကောင်း၊
၎။ မိရိုးဖလာ ပူဇော်သက္ကာကို ခံယူကြသည့် နတ်တို့ကိုလည်းကောင်း၊
၅။ သမာဏ, ဗြာဟ္မဏတို့ကို လည်းကောင်း
အရိုအသေပြုသည်၊ အလေးအမြတ်ပြုသည်၊ မြတ်နိုးသည်၊ ပူဇော်သည်၊ ရိုသေ, လေးမြတ်, မြတ်နိုး, ပူဇော်ခံရကုန်သော အဆိုပါ ပုဂ္ဂိုလ်တို့ကလည်း “ကြာမြင့်စွာ အသက်ရှည်ပါစေ၊ ရှည်မြင့်စွာ အသက်ကို စောင့်ရှောက်နိုင်ပါစေ” ဟု စိတ်နှလုံးကောင်းဖြင့် မေတ္တာသက်ရောက် ပြန်လည်စောင့်ရှောက်ကြသည်။
အဆိုပါပုဂ္ဂိုလ်တို့ စောင့်ရှောက်ခံရသော အမျိုးကောင်းသားသည် ဧကန်ကြီးပွားမည်၊ မည်သည့်နည်းနှင့်မျှ မဆုတ်ယုတ်နိုင်။
ဤသို့ မိန့်တော်မူပြီ ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -
“ပညာရှိသည် အခါခပ်သိမ်း မိဘတို့၏ ကိစ္စကို ပြုတတ်သည်၊ သားမယားတို့၏ အစီးအပွားကို ဆောင်ရွက်တတ်သည်၊ ကိုယ့်အိမ်တွင်းနေ လူအပေါင်းနှင့် မိမိကို မှီ၍ အသက်မွေးသူတို့ အကျိုးငှါ ကျင့်ဆောင်တတ်သည်၊ တောင်းခံလာသူတို့၏ စကားအဓိပ္ပါယ်ကို နားလည်သည်၊ သီလရှိသည်။
တရားသဖြင့် အိမ်၌နေသူ ပညာရှိသည် ကွယ်လွန်လေပြီးသော ဆွေမျိုး, ယခုမျက်မှောက်၌ အသက်ရှင်လျက်ရှိကြသော ဆွေမျိုး, သမဏ, ဗြာဟ္မဏနှင့် နတ်တို့၏ နှစ်သက်ခြင်းကို ဖြစ်စေတတ်သည်။
သူသည် ကောင်းမူကို ပြုလုပ်သောကြောင့် ပူဇော်အပ်, ချီးမွမ်းအပ်သူ ဖြစ်သည်၊ ဤလောက၌ပင် ချီးမွမ်းခံရသည်၊ တမလွန်ဘ၀၀ယ် နတ်ပြည်၌ မွေ့လျော်ရလေသည်။”
ဆောင် - မိဘနှစ်ပါး၊ သား, မယား, ကျွန်၊ တစ်ဖန် နီးနား၊ ပုဂ္ဂိုလ်များနှင့်၊ ကိုးစား ရိုးရာနတ်၊ သူမြတ်ခေါ်မှန်း၊ ရဟန်း, ပုဏ္ဏား၊ ငါးပါးပုဂ္ဂိုလ်၊ ရိုသေလေးမြတ်၊ ပူဇော်အပ်၊ ငါးရပ် ကြီးပွါးကြောင်း။
အဋ္ဌမသုတ် ပြီး၏။
Wednesday, 2 March 2011
၈။ လိစ္ဆ၀ိကုမာရကသုတ်
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment