မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ ဇေတ၀န်ကျောင်း အာရာမ်၌ သီတင်းသုံး နေတော်မူစဉ် သားအမိနှစ်ဦးတို့ သာသနာ့ဘောင်ဝင်၍ သားက ရဟန်း၊ အမေက ရဟန်းမ ပြုလျက် ၀ါကပ် နေထိုင်ကြသည်။
ထိုသားအမိနှစ်ဦးတို့သည် အချင်းချင်း အမြဲ တွေ့မြင်လိုကြသည်။ အမိကလည်း သားကို, သားကလည်း အမိကို အမြဲ တွေ့မြင်လိုသည်၊ ထိုသားအမိနှစ်ဦးတို့ အမြဲ တွေ့မြင်နေခြင်းကြောင့် ဆက်ဆံမူ ရင်းနှီးလာကြသည်၊ ဆက်ဆံမူ ရင်းနှီးလာခြင်းကြောင့် အကျွမ်းဝင်လာကြသည်၊ အကျွမ်းဝင်လာခြင်းကြောင့် ရာဂစိတ် သက်ဝင်လာကြသည်၊ ထိုသားအမိ နှစ်ဦးတို့ ရာဂစိတ်သက်ဝင်လာခြင်းကြောင့် သိက္ခာလည်း မချ အားနည်းအောင်လည်း ထင်စွာမပြုဘဲ မေထုန်အကျင့်ကို မှီဝဲကြသည်။
သားအမိနှစ်ယောက်တို့၏ ထိုအဖြစ်သနစ်ကို ရဟန်းများစွာတို့က မြတ်စွာဘုရားအား လျှောက်ထားကြသည်။
ထိုအခါ မြတ်စွာဘုရားက -
“အမိက သားကို, သားက အမိကို တပ်မက်ခြင်း မဖြစ်နိုင် - ဟု မဂ်ဖိုလ်မမှီး အချည်းနှီးသော ထိုယောက်ျားသည် မှတ်ထင်နေလေသလော?။
၁။ လောက၌ မိန်းမအဆင်းကဲ့သို့ ယောက်ျားကို စွဲမက်စေတတ်, နှစ်သက်စေတတ်, မူးယစ်စေတတ်, နှောင်ဖွဲ့စေတတ်, တွေဝေစေတတ်, ယောဂကုန်ရာ အတုမဲ့ နိဗ္ဗာန်သို့ ရောက်ခြင်း၏ အန္တရာယ်ကို ပြုတတ်သည့် အခြားတစ်စုံတစ်ခုသော အဆင်းကိုမျှလည်း ငါမမြင်။
မိန်းမအဆင်း၌ သတ္တ၀ါတို့သည် စွဲမက်ကုန်, မက်မောကုန်, ရစ်ပတ်ကုန်, တွေဝေကုန်, စိတ်ဖြင့် လွှမ်းမိုး ၀င်ရောက်ကုန်သည်၊ မိန်းမတို့၏ အဆင်းအလိုသို့ အစဉ်လိုက်ကြသည့် ထိုသတ္တ၀ါတို့သည် ကာလရှည်မြင့်စွာ ပူဆွေးကြရသည်။
တို့အတူ -
၂။ မိန်းမအသံ, ၃။ မိန်းမအနံ့, ၄။ မိန်မအရသာ, ၅။ မိန်မ အတွေ့အထိကဲ့သို့ ယောက်ျားကို စွဲမက်စေတတ်, နှစ်သက်စေတတ်, ယစ်မူးစေတတ်, နှောင်ဖွဲ့စေတတ်, တွေဝေစေတတ်, ယောဂကုန်ရာ အတုမဲ့ နိဗ္ဗာန်သို့ ရောက်ခြင်း၏ အန္တရာယ်ကို ပြုတတ်သည့် အခြားတစ်စုံတစ်ခုသော အသံ, အနံ့, အရသာ, အတွေ့အထိကိုမျှလည်း ငါမမြင်။
မိန်းမအသံ, အနံ့, အရသာ, အတွေ့အထိ၌ သတ္တ၀ါတို့သည် စွဲမက်ကုန်, မက်မောကုန်, ရစ်ပတ်ကုန်, တွေဝေကုန်, စိတ်ဖြင့် လွှမ်းမိုးဝင်ရောက် ကုန်သည်၊ မိန်းမတို့၏ အသံ, အနံ့, အရသာ, အတွေ့အထိအလိုသို့ အစဉ်လိုက်ကြသည့် ထိုသတ္တ၀ါတို့သည် ကာလရှည်မြင့်စွာ ပူဆွေးကြရသည်။
မိန်းမသည် သွားနေသော် လည်းကောင်း, ရပ်နေသော် လည်းကောင်း, ထိုင်နေသော် လည်းကောင်း, အိပ်နေသော် လည်းကောင်း, ရယ်ရွှင်နေသော် လည်းကောင်း, စကားပြောဆိုနေသော် လည်းကောင်း, သီချင်းဆိုနေသော် လည်းကောင်း, ငိုနေသော် လည်းကောင်း, ဖူးဖူးရောင်နေသော် လည်းကောင်း, သေနေသော် လည်းကောင်း ယောက်ျား၏ စိတ်ကို ဆွဲဆောင်နိုင်သည်။
“မာရ်နတ်ကျော့ကွင်း” ဟု ပြောလိုလျှင် မာတုဂါမကို ပြောမှ အမှန်ပြောရာ ရောက်သည်၊ မာတုဂါမသည် “မာရ်နတ်ကျော့ကွင်း” အစစ် ဖြစ်သည် ဟု မိန့်တော်မူသည်။
ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -
“သတ်ဖြတ်ရန် သန်လျက်စွဲကိုင်လာသူနှင့် ဖြစ်စေ, မြေဘုတ်ဘီလူးနှင့် ဖြစ်စေ စကားပြောသင့်လျှင် ပြောဆိုရာသည်၊ အသက်သေအောင် ကိုက်တတ်သော မြွေကိုသော်လည်း ထိပါး ကိုင်တွယ်သင့်လျှင် ထိပါး ကိုင်တွယ်ရာသည်၊ မိန်းမနှင့်ကား တစ်ယောက်ချင်း စကားမပြောဆိုရာ၊ မပြောဆိုသင့်။
သတိလွတ်ကင်းသော ယောက်ျားကို မိန်းမတို့သည် ကြည့်ရူခြင်း, ပြုံးရွှင်ခြင်း, မလုံ့တလုံ ၀တ်ဆင်ခြင်း, သာယာနူးညံ့စွာ ပြောဆိုခြင်းတို့ဖြင့် နှောင်ဖွဲ့တတ်ကြသည်၊ သေ၍ ဖူးဖူးရောင်ထနေသည့် အလောင်းဖြစ်နေသော်လည်း မိန်မကိုယ်ကို မထိပါး မကိုင်တွယ်သင့် သည်သာတည်း။
စိတ်နှလုံးပျော်မွေ့ဖွယ် အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိဟူသော ဤကာမဂုဏ် ၅-ပါးတို့ကို မိန်းမတို့ရုပ်၌ ထင်ရှား တွေ့မြင်ရသည်။
ဝတ္ထုကာမ, ကိလေသာကာမတို့ကို ကွဲကွဲပြားပြား မသိမြင်သူတို့သည် ကာမ ၀ဲသြဃထဲ နစ်မျောကြရသည်၊ ကာမတို့က သူတို့ကို သိမ်းပိုက်ထားသဖြင့် သူတို့သည် သံသရာခရီး ရှည်ကြရသည်၊ ဂတိအမျိုးမျိုး ဘ၀အမျိုးမျိုး ရောက်ကြရလေသည်။”
ဆောင် - မိန်းမ ဆင်း, သံ၊ နံ့, ရသံ၊ တစ်ဖန် တွေ့ထိများ။
ယောက်ျားစိတ်ဓာတ်၊ ဆွဲဆောင်တတ်၊ မာရ်နတ်ကျော့ကွင်းများ။
ပဉ္စမသုတ် ပြီး၏။
Tuesday, 1 March 2011
၅။ မာတာပုတ္တသုတ်
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment