အိမ်ရှေ့မင်းအဖြစ် မျှော်လင့်နိုင်သူ
ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် မင်းမျိုး မင်းနွယ်လည်းဖြစ်, ဦးထိပ်၌ အဘိသိက်လည်း သွန်းအပ်ပြီးသော မင်း၏ သားကြီးသည် အိမ်ရှေ့မင်းအဖြစ်ကို တောင့်တသည်။
ယင်း ၅-မျိုးမှာ -
ဤလောက၌ အဆိုပါ မင်း၏ သားကြီးသည် -
၁။ မိဖက်, ဖဖက် နှစ်ဖက်စလုံးမှ ကောင်းသော ဇာတ်ရှိသည်၊ ဘိုးဘေး ခုနှစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိသည်။ ဇာတ်နှင့် စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ။
၂။ အတော့်ကို လှသည်၊ ကြည့်လို့ ကောင်းသည်၊ စိတ်ကို ဆွဲဆောင် နိုင်သည်၊ အဆင်းသဏ္ဌာန် အလွန့်အလွန် ပြည့်စုံသည်။
၃။ မိဘတို့ ချစ်ခင်မြတ်နိုးခံရသည်။
၎။ ဗိုလ်ပါအပေါင်းတို့ ချစ်ခင်မြတ်နိုးခံရသည်။
၅။ ပညာရှိသည်၊ ရဲရင့်သည်။
ဆင်ခြင်တိုင်းထွာတတ်သော ပညာနှင့် ပြည့်စုံသည်၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အကျိုးစီးပွားတို့ကို ကြံစည်ခြင်းငှါ စွမ်းနိုင်သည်။
ထိုမင်းသားအား ဤသို့ အကြံဖြစ်သည် -
“ငါသည် ဖော်ပြပါ အင်္ဂါများနှင့် ပြည့်စုံသူဖြစ်သည်။ အဘယ်ကြောင့် အိမ်ရှေ့မင်းအဖြစ်ကို ငါ မတောင့်တဘဲ နေရအံ့နည်း” ဟု အကြံဖြစ်သည်။
ရဟန္တာအဖြစ် မျှော်လင့်နိုင်သူ
ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည် ရဟန်းသည် ရဟန္တာအဖြစ်ကို တောင့်တသည်။
ယင်း ၅-မျိုးမှာ -
၁။ သီလရှိသည်။
၂။ ဗဟုသုတရှိသည်။ (၁၊၂- အင်္ဂါများ၏ အကျယ်ကို ထေရ၀ဂ်၊ သီလ၀န္တသုတ် အတိုင်းသိလေ)
၃။ သတိပဋ္ဌာန်းတရား ၄-ပါးတို့၌ ကောင်းစွာ တည်တံ့သော စိတ်ရှိသည်။
၎။ အကုသိုလ်ပယ်ရန် ကုသိုလ်ဖြစ်စေရန် ကြိုးစား အားထုတ်တတ်သည်။
၅။ ပညာရှိသည်။ (၄၊ ၅-အင်္ဂါများ၏ အကျယ်ကို နီဝရဏ၀ဂ်၊ ပဓာနိယင်္ဂသုတ်အတိုင်း သိလေ)
ထိုရဟန်းသည် ဤသို့ အကြံဖြစ်သည် -
“ငါသည် ဖော်ပြပါ တရာများနှင့် ပြည့်စုံသူဖြစ်သည်။ အဘယ်ကြောင့် ရဟန္တာအဖြစ်ကို ငါ မတောင့်တဘဲ နေရအံ့နည်း” ဟု အကြံဖြစ်သည်။
ဆောင် - မျိုးနွယ် သန့်ရှင်း၊ အဆင်းလည်း လှ၊ မိဘ ဗိုလ်ပါ၊ လွန်စွာ ချစ်ဘိ၊ ပညာရှိလတ်၊ ငါးရပ် ပိုင်းငြား၊ မင်း၏ သား၊ စောင့်စား အိမ်ရှေ့မင်းတိုင် မျှော်မှန်းတိုင်။ (မင်းသားအတွက်)
သီလလည်းရှိ၊ သုတရှိ၍၊ သတိပဋ္ဌာန်း၊ စိတ်သန္တာန်တည်၊ တစ်လီ ကြိုးစား၊ ပညာပွါးကာ၊ ထိုသူမှာ၊ ရဟန္တာတိုင် တောင့်တနိုင်။ (ရဟန်းအတွက်)
ဆဋ္ဌသုတ် ပြီး၏။

Monday, 21 March 2011
၆။ ဒုတိယ ပတ္ထနာသုတ်
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment