၇၅။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထိုအတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။
၇၆။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား(ကောင်းကျိုးချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။
၇၇။ နတ်သမီး အဘယ်ကုသိုလ်ထူးကြောင့် သင်သည် အညစ်အကြေးကင်းသော အရောင်အဆင်း ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် (တပါးသော) နတ်တို့ထက် သာလွန်၍ တင့်တယ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အလုံးစုံသော ကိုယ်အင်္ဂါကြီးငယ်တို့ဖြင့် အရပ်မျက်နှာ အားလုံးသည် ထွန်းလင်း တောက်ပပါသနည်း။
၇၈။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါမေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။
၇၉။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက် ၀မ်းသာ ဤ(မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြား လျှောက်ထား၏။
၈၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက အလွန်မှောင်သော အမိုက်တိုက်၌ ဆီမီးညှိထွန်းချိန် အခါဝယ် ဆီမီးကို ပေးလှူခဲ့ဘူးပါပြီ။
၈၁။ အကြင်သူသည် အလွန်မှောင်သော အမိုက်တိုက်၌ ဆီမီးညှိထွန်းချိန် အခါဝယ် ဆီမီးကို ပေးလှူ၏၊ ထိုသူသည် များပြားသောပန်း များပြားသော ကြာပုဏ္ဍရိတ်ရှိ၍ အရောင်ထွန်းပသော ဗိမာန်၌ ဖြစ်ရ၏။
၈၂။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုး ချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၈၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် အညစ်အကြေးကင်းသော အရောင်အဆင်း ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် (တပါးသော) နတ်တို့ထက် သာလွန်၍ တင့်တယ်ပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အလုံးစုံသော ကိုယ်အင်္ဂါ ကြီးငယ်တို့ဖြင့် အရပ်မျက်နှာအားလုံးသည် ထွန်းလင်းတောက်ပါပါ၏။
၈၄။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း၊ အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် အကြင်(ဆီမီကို ပေးလှူခြင်း) ကောင်းမူကို ပြခဲ့ဘူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ ထွန်းလင်း တောက်ပသော အာနုဘော် ရှိပါ၏၊ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းပပါ၏ (ဟု ဖြေကြား၏)။
ကိုးခုမြောက်သော ဒီပ၀ိမာန၀တ္ထု ပြီး၏။

Sunday, 22 May 2011
၉ - ဒိပ၀ိမာန၀တ္ထု
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဇာတ်တော်ဝတ္ထုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment