Sunday, 30 December 2012

အိပ်၍နေသော် အရူံးပေါ် မတော်ရာကို ကိုင်လိမ့်မည်

အိပ်ပျော်နေသဖြင့်၊ မသိလေသူတစ်ယောက်
သေဆုံးသွားသဖြင့်၊ မသိလေသူတစ်ယောက်
ထိုနှစ်ယောက်စလုံး၊ မသိမူကား အတူတူပင်တည်း။

တစ်ဖန် အိပ်မောကျ၍နေလေသူ၊ မည်သူက မည်သို့ပင်ကြံကြံ ထိုသူ၏ ကြံသမျှ မုချခံရမှာချည်းပင်။


အသေဆုံးသဖြင့် လုံးလုံးကြီး မသိလေသူအဖို့ကား၊ ဆိုဖွယ်ရာပင် မရှိပါချေပြီ။

သို့ကြောင့် အိပ်ပျော်နေသော် သင်သည်ကား အရူံးပင်တည်း။ အကယ်တိတိ သင် အိပ်မပျော်လျှင် သင့်အား မည်သူကြံကြံ၊ သူကြံလေသမျှ သူ့ဒဏ် တွန်းလှန်ဖြိုဖျက်ရန်၊ သင် လက်နှေးမည် မဟုတ်ပြီ။

တစ်ဖန် နိုးသော်မှလည်း သတိကို မဆောင်၊ မေ့လျော့ယောင်တောင်၊ ကြောင်တောင်တောင် နေလေ သူသည်လည်း၊ အိပ်ပျော်သူနှင့် မခြားနား၊ သဘောသွားကား၊ တစ်သားတည်းပင် ရှိချေရာ။

လောဘသားကောင်က အကြိုက်ပေးမြှုဆွယ်သော် အူလယ်လယ်နှင့် ပါသွားတတ်ချေသည်။

ဒေါသကောင်က၊ အမုန်းပြ၍ထေ့သော်၊ ဆွေ့ဆွေ့ခုန်ဖြင့် ပါသွားတတ်ချေသည်။

မောဟကောင်က အမည်ဖော်၍ လှော်လျှင်လည်း တူပျော်ပျော်ဖြင့်ပင် ပါသွားတတ်ချေသေးသည်။

ယနေ့
ကိလေသာတို့၏ ကိုယ်တွယ်တို့ဆိတ်လေသမျှတို့ကို၊ သင့်စိတ် ခေါင်းညိတ်လျက်က လိုက်ပါပြုကျင့်နေရခြင်းသည် ထိုသတိ ကင်းရှင်း မေ့၍ နေခြင်းကြောင့်လည်းကောင်း၊ ပါရမီဉာဏ်စိတ် အိပ်ပျော်နေခြင်းကြောင့်လည်းကောင်း၊ ပါရမီဖ၀ါး အသွားသေနေခြင်းကြောင့်လည်းကောင်း ချည်းပင် ဖြစ်တော့သည်။

သို့ကြောင့်
သင်၏ မသွားလိုပါဆိုလျက်က အပါယ်ဘုံဘက်မှာ မျက်နှာမူ၍ သွားနေရခြင်းမျိုးတို့သည်လည်းကောင်း၊ သင်၏ ကြောက်ပါပြီ အော်ဟစ်လျက်က ပြိတ္တာဖြစ်ရ၊ ငရဲကောင်ဖြစ်ရ၊ တိရစ္ဆာန်ဖြစ်ရ၊ အောက်တန်းကျဘ၀ ရနေခြင်းမျိုးတို့သည် လည်းကောင်း၊ တစ်ဖန် သွားလိုပါသည် တောင့်တနေပါသော်လည်း သွားမရလေသော လူ့အထက်တန်းစား၊ နတ်အထက်တန်းစား၊ ဗြဟ္မာအထက်တန်းစားဘ၀ မသွားရခြင်းမျိုးတို့သည် လည်းကောင်း၊ ကြိုက်လှပါသည် ပြောနေသော်လည်း ဖြစ်ခွင့် မရလေသော အထက်တန်းကျကျ ဘ၀မျိုးတို့မှ လွဲချော်နေရခြင်းမျိုးတို့သည်လည်းကောင်း စင်စစ် သင် အိပ်ပျော်နေသဖြင့် အရူံးပေါ်ခြင်း၊ သင် အရူံးပေါ်သဖြင့် မတော်ရာ အကိုင်ခံရခြင်းများပင်တည်း။

ယခု
- သင်သည် နိုးနိုးကြားကြား သတိအမှတ်အသားများဖြင့် လာသမျှ အတိုက်အာရုံ။ စုံစုံစိစိ အတွင်းသိအထိ မျှော်ကြည့်တတ်လျှင်

- -သင်သည် ကွဲကွဲပြားပြား အသိတရားများဖြင့် ဖိသမျှကိလေစု၊ တစ်ခုမကျန် တွန်းလှန်ဖြိုဖျက်အာရုံမှန် ခံစားရုံသက်သက် တွဲဖက်တတ်လျှင် သင်ကြံသမျှ အတိုင်းပင် သူ့ဆီ တစ်ဖန် တန်ပြန် ထိုးစစ်ဆင်နိုင်ပေလိမ့်မည်။ သင်ဆွဲရာ သူလိုက်၊ သင့်အကြိုက်ချည်း သိမ်းပိုက်နိုင်ပေလိမ့်မည်။

ထိုအခါ
သင်ကား မသွားလိုပါဆိုသော ဘုံ၊ မခိုလူံရတော့ပြီ ကြောက်ပါပြီဆိုသော ဘ၀မျိုးသို့လည်း မတိုးမိတော့ပြီ၊ တစ်ဖန် သွားလိုပါသည်ဆိုသော ဘ၀၊ ရလိုပါ၏ဆိုသော အထက်တန်းကျကျမျိုး မုချ တိုးမိပေရော့မည်။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏ သွားရာလမ်း စာအုပ်မှ ပြန်လည် ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment