Monday, 31 December 2012

ငပိဖုတ်တယ်ကောင်း ပြောနေသမျှ ဤကျမ်းက တာဝန်မယူ


လောကကြီးကား ငါတို့သဘောထားနှင့် တခြားစီသာ ဖြစ်၍နေတော့သည်။

လောကသားများကား ငါတို့ကို ဆရာတင်သော်မှလည်း ငါတို့ စကားမလိုက်နာလို။

(က) တစ်ဦးကား ကောင်းရာကို ညွှန်းပါဆို၏။ ငါတို့က သင်ကောင်းစားချင်လျှင် အကြိုက်ကိုသာ ပယ်လိုက်ရန် ညွှန်၏။ ထိုအခါ ထိုအကောင်းကြိုက်သမားသည် မတတ်နိုင်သေးလို့ပါ ဆိုကာ ပြန်သွားချေတော့၏။


(ခ) နောက်တစ်ဦးကား မကောင်းရာဆိုတာ ညွှန်ပြပါ ဆိုလာ၏။ ငါတို့က သင် အဆိုးကြောက်နေလျှင် မခံချင်စိတ်ကို ရိတ်ပယ်ပစ်လိုက် ညွှန်း၏။ ထိုအခါ ထိုအဆိုးကြောက်သမားသည် တတ်နိုင်သလောက်တော့ ပယ်ပါမည်ဖြင့်ပင် ပြန်သွားချေ၏။

အရက်ကြိုက်သမားသည် သူကြိုက်သော အရက်ကို တွယ်ဖက်လျက်က ချိုအီဆိမ့်အရသာရှိသော လက်ဖက်ရည်၊ ကော်ဖီအကြောင်း မကောင်းပြောလျက် ရှိ၏။

ပြည်တန်ဆာမသည်လည်း သူ့ဘ၀ ကံဆိုးလှကြောင်း၊ တဖြောင်းဖြောင်း ပြောဆိုလျက်ကပင် လာသမျှ ကာလသားသဘော ရက်ရက်ရောရော လိုက်လျောနေ၏။

ထိုကဲ့သို့သော လူစားမျိုးတို့သည် မေ့မေ့ပျောက်ပျောက် နေလိုသူတို့၏အိမ်၌ သန်ခေါင်စာရင်းဝင်များချည့် ဖြစ်ကြလေရာ ထိုသူတို့၏ အနား၊ ဤကထာစကားများသည် အသားကျပေလိမ့်မည် မဟုတ်ပြီ။ ထိုလူစားမျိုးကား ယနေ့ လူဦးရေ တစ်ရာရှိသော် (၎င်းတို့ဗိုက်တွင်းက ကိုယ်ဝန်လွယ် ကလေးများနှင့်ပါ ထည့်တွက်ပါလျှင်) ရာကျော်ပင် ဖြစ်၍နေပေလိမ့်မည်။

သို့ကြောင့် ဤကျမ်းကို ရေး၏။ ရေးလိုအား မရှိပြီ၊ ဤစကား မှာထားခဲ့လို၏၊ မှာကြားလိုအား အပြည့်မရှိပြီ။

အကယ်တိတိ ဒဏ်ထိများသဖြင့် ဖိအား အလူးအလှိမ့်ခံနေရသူ တစ်လေတစ်ယောက် ပေါ်ပေါက် လာငြားအံ့။

ထိုသူအတွက် ဒဏ်ကြေဆေးသဖွယ် ဤကျမ်းက အကာအကွယ်ပေးလေမည်လား မသိ။

ဤ တစိုးတစိ မျှော်မိသည့်အချက်ကလေး တစ်ကွက်ကြောင့်သာ ဤ ပမာဒါ ပမာဒ ဒွေဘာဂီယ ကထာကို သေတမ်းစာအဖြစ် ထားရှိခဲ့ခြင်း ဖြစ်ချေ၏။

ထိုဒဏ်သားရှင်သည်
(က) ဤကျမ်း၏ စာလုံးများကို ကြည့်လျက်က ထိုစာသားများ၏ နောက်ကွယ်မှာရှိ စာသား၏ သဘော၊ စာသွားရာ လမ်းကြောကို အကျကောက်တတ်လျှင်

(ခ) ဤကျမ်းလာစကားများကို ကြားနာလျက်က စကားနောက် တရားပါ အစဉ်လာအားဖြင့် ဉာဏ်စကား ဉာဏ်နားဖြင့်ပင် ကြားသိတတ်လျှင်

ငါတို့သည်ကား ငါးထွေအုပ်ကြီးအကြားမှ မွေးမြူရေးငါးကလေးတစ်ကောင်ကိုတော့ဖြင့် မွေးခွင့်ရပေပြီဟူ၍ ၀မ်းသာစွာ ကြိုဆိုပါ၏။ မွေးမြူရေးငါးအကြိုက် အစားအစာကိုလည်း ဤကျမ်းက ထိုက်တန်စွာ ကျွေးမွေးနေမည် သာဖြစ်ပါ၏။

ထို ကျွေးသမျှအစာကို အပါးဝစွာ စားသုံးမိသဖြင့် အများသူတော်ကောင်းကြီးတို့ ချိန်ကြည့်လေသောအခါ အချိန်စီးလျက်က တစ်ဖက် အလေးကြီးကြီးနှင့် တန်းတူ ဖြစ်လာချေသော် သင့်တန်ဖိုးကား မနည်းပါးတော့ပြီ၊ ငါတို့၏ မွေးကျိုး၊ ကျွေးကျိုးလည်း နပ်ပြီ။



ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏ သွားရာလမ်း စာအုပ်မှ ပြန်လည် ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment