ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 1 March 2011

၇။ အဘိဏှ ပစ္စဝေက္ခိတဗ္ဗ ဌာနသုတ်



ရဟန်းတို့ !



မိန်းမ, ယောက်ျား, လူ, ရဟန်း မည်သူမဆို မပြတ် ဆင်ခြင်အပ်သော အကြောင်းအရာ ၅-မျိုးမှာ -



၁။ “ငါသည် အိုခြင်းသဘောရှိသည်၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်ချေ” ဟု လည်းကောင်း၊



၂။ ငါသည် နာခြင်းသဘောရှိသည်၊ နာခြင်းသဘောကို မလွန်ဆန်နိုင်ချေ” ဟု လည်းကောင်း။



၃။ ငါသည် သေခြင်းသဘောရှိသည်၊ သေခြင်းသဘောကို မလွန်ဆန်နိုင်ချေ” ဟု လည်းကောင်း။



၎။ “ချစ်ခင်, မြတ်နိုးဖွယ်ရာအားလုံးတို့နှင့် ရှင်ကွဲ, သေကွဲ ကွဲရခြင်း ငါ့မှာ ဖြစ်ရချေမည်” ဟု လည်းကောင်း မပြတ် ဆင်ခြင်ရမည်။



၅။ ကံအကြောင်းတရားကို မပြတ် ဆင်ခြင်ရမည်။



“ငါသည် -



ကံသာ ကိုယ်ပိုင်ဥစ္စာရှိသူဖြစ်သည်၊



ကံ၏ အမွေခံဖြစ်သည်။



ကံသာ အကြောင်းရှိသူဖြစ်သည်၊



ကံသာ ဆွေမျိုးဖြစ်သည်၊



ကံသာ ကိုးကွယ်မှီခိုရာရှိသူဖြစ်သည်၊



ကောင်းသော ကုသိုလ်ကံ, မကောင်းသော အကုသိုလ်ကံတို့တွင် ကိုယ်ပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်” ဟူ၍ ကံအကြောင်းတရားကို မပြတ် ဆင်ခြင်ရမည်။



ရဟန်းတို့ ! ဘယ်အကျိုးထူးကို မျှော်လင့်၍ -



၁။ “ငါသည် အိုခြင်းသဘောရှိသည်၊ အိုခြင်းသဘောကို မလွန်ဆင်နိုင်ချေ” ဟူ၍ မပြတ် ဆင်ခြင်အပ်သနည်း။



သတ္တ၀ါတို့မှာ နုပျိုချိန်၌ နုပျိုမာန် ဖြစ်တတ်သည်။ ယင်းနုပျိုမာန်ဖြင့် ယစ်မူးမေ့ လျော့ကြသော သတ္တ၀ါတို့သည် ကာယဒုစရိုက်ကိုလည်း ပြုကျင့်မိတတ်ကြသည်။ ၀စီဒုစရိုက်ကိုလည်း ပြုကျင့်မိတတ်ကြသည်၊ မနောဒုစရိုက်ကိုလည်း ပြုကျင့်မိတတ် ကြသည်။



ထိုအိုခြင်းသဘောကို မပြတ်ဆင်ခြင်သူမှာ နုပျိုချိန်၌ ဖြစ်တတ်သော နုပျိုမာန်သည် လုံးဝသော်လည်း ပျောက်ကင်းသွားမည်၊ နည်းပါးမူလည်း နည်းပါးသွားမည်။



ဤအကျိုးထူးကို မျှော်လင့်၍ “ငါသည် အိုခြင်းသဘောရှိသည်၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်ချေ” ဟူ၍ မပြတ် ဆင်ခြင်ရမည်။



ထို့အတူ အဘယ်အကျိုးထူးကို မျှော်လင့်၍ -



၂။ “ငါသည် နာခြင်းသဘောရှိသည်၊ နာခြင်းသဘောကို မလွန်ဆန်နိုင်ချေ” ဟု လည်းကောင်း၊



၃။ ငါသည် သေခြင်းသဘောရှိသည်၊ သေခြင်းသဘောကို မလွန်ဆန်နိုင်ချေ” ဟု လည်းကောင်း၊



၎။ “ချစ်ခင်, မြတ်နိုးဖွယ်ရာအားလုံးတို့နှင့် ရှင်ကွဲ, သေကွဲ ကွဲရခြင်း ငါ့မှာ ဖြစ်ရချေမည်” ဟု လည်းကောင်း၊



၅။ “ငါသည် ကံသာ ကိုယ်ပိုင် ဥစ္စာရှိသူဖြစ်သည်၊ ကံ၏ အမွေခံဖြစ်သည်၊ ကံသာ အကြောင်းရှိသူဖြစ်သည်၊ ကံသာ ဆွေမျိုးရှိသူဖြစ်သည်။ ကံသာ ကိုးကွယ်မှီခိုရာရှိသူ ဖြစ်သည်၊ ကောင်းသောကုသိုလ်ကံ, မကောင်းသော အကုသိုလ်ကံတို့တွင် ကိုယ်ပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်” ဟု လည်းကောင်း မပြတ် ဆင်ခြင်အပ်သနည်း။



သတ္တ၀ါတို့မှာ အနာကင်းချိန်၌ နာကင်းမူမာန်၊ အသက်ရှင်ချိန်၌ အသက်မာန် ဖြစ်တတ်သည်။ ယင်း မာန်တို့ဖြင့် ယစ်မူး မေ့လျော့ကြသော သတ္တ၀ါများနှင့် ချစ်ခင်, မြတ်နိုးဖွယ်ရာတို့၌ ဆန္ဒရာဂ(လိုလားစွဲမက်ခြင်း)ဖြင့် စွဲမက်သော သတ္တ၀ါတို့သည် ကာယ, ၀စီ, မနောဒုစရိုက်များကို ပြုကျင့်မိတတ်ကြသည်၊ ၎င်းပြင် သတ္တ၀ါတို့မှာ အကြောင်းအားလျော်စွာ ပြုမိသော ဒုစရိုက်ကံများ ရှိကြသည်။



ထို နာခြင်း သဘော, သေခြင်း သဘော, ကွဲကွာခြင်း သဘော, ကံအကြောင်းတရားတို့ကို မပြတ် ဆင်ခြင်သူမှာ အနာကင်းမူမာန်, အသက်မာန်, လိုလားစွဲမက်ခြင်း, ဒုစရိုက်ကံတို့သည် လုံးဝသော်လည်း ပျောက်ကင်း သွားမည်၊ နည်းပါးမူလည်း နည်းပါးသွားမည်။ (ဤတိုင်အောင် ၅-ချက်တို့၌ ၀ိပဿနာကို ဟောသည်)



၁။ ရဟန်းတို့ ! အရိယာတပည့်မူကား -



“အိုခြင်း သဘောရှိသူ, ၎င်းသဘောကို မလွန်ဆန်နိုင်သူမှာ ငါတစ်ယောက်တည်းသာ မဟုတ်၊ စင်စစ်မူကာ ဤဘ၀သို့ ရောက်လာခြင်း၊ ဤဘ၀မှ ပြောင်းသွားခြင်း, သေခြင်း, ပဋိသန္ဓေနေခြင်းရှိသည့် သတ္တ၀ါတိုင်း အိုခြင်းသဘောရှိကြသည်၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်ကြချေ” ဟု ဆင်ခြင်သည်။



အိုခြင်းသဘောကို မပြတ်ဆင်ခြင်သူမှာ ကောင်းစွာ မဂ်ဖြစ်ပေါ်လာသည်၊ ထိုအရိယာ တပည့်သည် ထိုမဂ်ကို မှီဝဲသည်၊ ပွါးများသည်၊ ကြိမ်ဖန်များစွာ ပြုသည်၊ မဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော သူအား သံယောဇဉ်တို့သည် လုံးဝ ကင်းပျောက်သွားကြသည်၊ အစဉ်တစိုက် ကိန်းနေသော အနုသယတို့သည်လည်း ကင်းပြတ်သွားကြသည်။ ထို့အတူ-



၂။ နာခြင်း သဘောရှိသူ, ၎င်း သဘောကို မလွန်ဆန်နိုင်သူမှာ ငါတစ်ယောက်တည်းသာ မဟုတ်၊



၃။ သေခြင်း သဘောရှိသူ, ၎င်း သဘောကို မလွန်ဆန်နိုင်သူမှာ ငါတစ်ယောက်တည်းသာ မဟုတ်၊



၎။ ရှင်ကွဲ, သေကွဲ ကွဲရသူမှာလည်း ငါတစ်ယောက်တည်းသာ မဟုတ်၊



၅။ ကံသာ ကိုယ်ပိုင်ရှိသူ, ကံ၏ အမွေခံဖြစ်သူ, ကံသာ အကြောင်းရှိသူ, ကံသာ ဆွေမျိုးရှိသူ, ကံသာ ကိုးကွယ်မှီခိုရာရှိသူ, ကိုယ်ပြုမိသော ကံ၏ အမွေခံဖြစ်သူသည်လည်း ငါတစ်ယောက်တည်းသာ မဟုတ်။



စင်စစ်မူကား ဤဘ၀သို့ ရောက်လာခြင်း, ဤဘ၀မှ ပြောင်းသွားခြင်း, သေခြင်း, ပဋိသန္ဓေနေခြင်းရှိသည့် သတ္တ၀ါမှန်သမျှ အားလုံးတို့သည် နာခြင်း, သေခြင်း, ကွဲကွာခြင်း သဘောရှိသူတို့ ဖြစ်ကြသည်၊ ကံသာ ကိုယ်ပိုင် ဥစ္စာရှိသူတို့ ဖြစ်ကြသည်၊ ကံ၏ အမွေခံဖြစ်ကြသည်၊ ကံသာ အကြောင်းရှိသူတို့ ဖြစ်ကြသည်၊ ကံသာ ဆွေမျိုးရှိသူတို့ ဖြစ်ကြသည်၊ ကံသာ ကိုးကွယ်မှီခိုရာ ရှိသူတို့ ဖြစ်ကြသည်၊ မိမိတို့ ပြုမိသော ကုသိုလ်ကံ, အကုသိုလ်ကံ၏ အမွေခံသာ ဖြစ်ကြရပေမည်၊ ထိုသဘောများကို မလွန်ဆန်နိုင်ကြချေ” ဟု ဆင်ခြင်သည်။



ထိုနာခြင်း, သေခြင်း, ကွဲကွာခြင်း, ကံအကြောင်းတို့ကို မပြတ်ဆင်ခြင်သူမှာ ကောင်းစွာ မဂ်ဖြစ်ပေါ်လာသည်၊ အရိယာတပည့်သည် မဂ်ကို မှီဝဲသည်၊ ကြိမ်ဖန်များစွာ လေ့လာပွါးများသည်၊ ယင်းသို့ ကြိမ်ဖန်များစွာ လေ့လာပွါးများသူမှာ သံယောဇဉ်တို့ လုံးဝ ကင်းပျောက်သွားကြသည်၊ အစဉ်ကိန်းနေသော အနုသယတို့သည်လည်း ကင်းပြတ်သွားကြသည်။ (ဤတိုင်အောင် ၅-ချက်တို့၌ လောကုတ္တရာမဂ်ကို ဟောသည်)



ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -



“ပုထုဇဉ်တို့သည် မိမိတို့ကိုယ်တိုင် နာခြင်း, အိုခြင်း, သေခြင်း သဘောရှိကြလျက် သူတစ်ပါးကို စက်ဆုပ်ရွံရှာတတ်ကြသည်။



အို, နာ, သေ သဘောရှိသည့် သတ္တ၀ါမျိုးတွင် ပါဝင်သူ ငါသည် အို, နာ, သေ သဘောရှိသူ အခြားသူကို စက်ဆုပ်ရွံရှာနေမည်ဆိုလျှင် ၀ဋ်ဒုက္ခကို ရွံမုန်းအောင် ရူမှတ်နေသူ ငါ့အား သင့်တော်မည် မဟုတ်ပေ။





မှတ်ချက် - အို, နာ, သေ သဘောရှိသူ အခြားသူကို(ပုထုဇဉ်အမြင်ဖြင့်) စက်ဆုပ်ရွံရှာပြီး အို, နာ, သေ သဘောကို မရူလျှင် သံသရာဝဋ်ဒုက္ခကို ရွံမုန်းမည်မဟုတ်။



အို, နာ, သေ သဘောကို အဖန်တလဲလဲ ရူမှ အို, နာ, သေ သဘောဖြင့် ရောနှောနေသော သံသရာ ၀ဋ်ဒုက္ခကို (အရိယာအမြင်ဖြင့်) ရွံမုန်းမည်၊ သံသရာ ၀ဋ်ဒုက္ခကို မရွံမုန်းလျှင် ၀ဋ်ဒုက္ခမှ မထွက်မြောက်နိုင်။




အို, နာ, သေ သဘောကို စက်ဆုပ်ရွံရှာဖွယ်ဟုလည်း ရူမှတ်, ကာမဂုဏ်တောမှ ဥပဓိမရှိသည့် အရဟတ္တဖိုလ် တရားကိုလည်း သိရှိ, ကာမဂုဏ်တောမှ ထွက်မြောက်မူကိုလည်း ဘေးကင်းရာဟု ရူမြင်သူ ငါသည် အနာကင်းမူမာန်, နုပျိုမာန်, အသက်မာန်အားလုံးကို လွှမ်းမိုးကျော်လွန်နိုင်ပြီ။



ငါသည် နိဗ္ဗာန်ကို မြင်နေရသည့်အတွက် တက်ကြွနေသည်၊ ယခုအခါ ငါသည် ကာမဂုဏ်တို့ကို မှီဝဲဖို့ မထိုက်တန်တော့၊ အရိယာမဂ်သာ အားကိုးရှိသဖြင့် သာသနာတော်မှလည်း မဆုတ်နစ်တော့။”



(မဆုတ်နစ် - ဟူရာ၌ -

၁။ ရဟန်းအဖြစ်မှ မဆုတ်နစ်ခြင်း၊

၂။ ဗြဟ္မစရိယကျင့်သုံးခြင်းမှ မဆုတ်နစ်ခြင်း၊

၃။ သဗ္ဗညုတဉာဏ်မှ မဆုတ်နစ်ခြင်း ဟူသော သုံးမျိုးကို ဆိုလိုသည်)



ဆောင် - အိုခြင်း တစ်ဖြာ၊ နာခြင်း တစ်ထွေ၊ သေခြင်း တစ်နဲ၊ ကွဲပြား တစ်တန်၊ ကံလျှင် ဥစ္စာ၊ ဤငါးဖြာကို မကွာ နေ့ည ဆင်ခြင်ကြ။



သတ္တမသုတ် ပြီး၏။

No comments:

Post a Comment