လူတစ်ယောက်ဟာ ချမ်းသာတဲ့ ဘ၀တစ်ခုကို ရဖို့ အတွက် အကျင့်စရိုက်ကောင်းတွေကို ကျင့် ကြံ အားထုတ်ဖို့  လိုပါတယ်တဲ့။ ဥပမာ- ရိုးသားမှု ဆိုပါတော့။ တစ်ကြိမ် မှန်ရာကို ပြောရုံနဲ့  ရိုးသားတဲ့ လူတစ်ယောက် ဖြစ်လာတာ မဟုတ်ဘူး။
ဘ၀ တလျှောက်လုံး မှန်ရာကို ပြော၊ မှန်ရာကို လုပ်တဲ့သူမှသာ ရိုးသားတဲ့သူ ဖြစ်လာနိုင်ပါ တယ်။ ရိုးသားတဲ့သူတစ်ယောက် ဟာ မမှန်တဲ့ အလုပ်တွေကို လုပ်မိလို့  နောင်တရ ပူပန်ခြင်း တွေ မဖြစ်ရတော့ ချမ်းသာရတယ်တဲ့။ ချမ်းသာအောင် ကိုယ်တိုင် ကျင့်ရမယ့် တရားမို့  ကိုယ်ကျင့်တရားလို့  ဆိုပါတယ်။
အကယ်၍ ချစ်ခြင်း မေတ္တာဆိုတာ ဘ၀တစ်လျှောက်လုံး ကျင့်ကြံ အားထုတ်ရမဲ့ တရားတစ်ခု၊ အဲဒီလို ကျင့်ကြံ အားထုတ်လို့  ဘ၀တစ်သက်တာ စိတ်ချမ်းသာမှုကိုလည်း ပေးနိုင်မယ့် တရား တစ်ခု ဆိုရင် ချစ်ခြင်းမေတ္တာကလည်း ကိုယ်ကျင့်တရား ဖြစ်နိုင် ပါတယ်။
“မြင်မြင်ချင်းပဲ ချစ်မိတယ်” ဆိုတဲ့ စကားအရတော့ ချစ်ခြင်းမေတ္တာ ဆိုတာ သဘာဝ အလျောက် မွေးဖွားလာသလိုပဲ။ ကျင့်ယူ ရတဲ့ တရားဆိုတဲ့ ကိုယ်ကျင့်တရားနဲ့ တော့ မနီးစပ် သလို ဖြစ်နေပါတယ်။
ချစ်ခြင်းမေတ္တာဆိုတာ ကျင့်ယူရမယ့် တရားတစ်ခုပါ။ မြင်မြင်ချင်း ချစ်နိုင်တာကိုက အတိတ် ကာလတွေက ပါရမီဖြည့်ခဲ့ကြတဲ့ အကြောင်းဆက်တွေကြောင့် ဖြစ်လာတာပါ။ ‘နဖူးစာ’ တို့  ‘ရှေးရေစက်’ တို့ ဆိုတဲ့ အသုံးအနှုန်းတွေက ကာလ ကြာရှည် အားထုတ်ခဲ့ရာမှ ရလာတဲ့ ရလာဒ်လို့  ရည်ညွှန်းနေပါတယ်။
ချစ်နိုင်ဖို့ လည်း ကျင့်ယူရတာပါ။ ချစ်တတ်ဖို့ လည်း ကျင့်ယူရတာပါ။ ချစ်တော့ ချစ်ပါရဲ့ ကိုယ့်ရဲ့ မေတ္တာတရားကို မဖော်ပြတတ် ရင် သူတစ်ပါးကို ဒုက္ခပေးသလို ဖြစ်ပြီး အချစ်ခံရလို့  တောင် စိတ်ညစ်စရာ ဖြစ်သွားနိုင်ပါတယ်။ ကိုယ်လည်း စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။
ချစ်လွန်းလို့  အရိပ်ကြည့်နေတာဟာ မကြည့်တတ်ရင် သူများကို ချုပ်ချယ်ရာ ကျမှာ။ ချစ်လွန်းလို့  ဖူးဖူးမှုတ်ထားတော့ ရောင့်တက်မှာ။ ချစ်လွန်းလို့  အလိုလိုက်ထားတော့ ပျက်စီးမှာ။ အချစ်ကြီးလို့  အမျက်ကြီးတော့ ဒုက္ခရောက်မှာ။
မေတ္တာစစ်နဲ့  ချစ်တတ်ဖို့ ရော၊ နည်းမှန် လမ်းမှန်နဲ့  ချစ်တတ်ဖို့ ရော ကျင့်ယူမှ ရပါတယ်။ မေတ္တာစစ်နဲ့  ချစ်နိုင်ရင် တကယ် လည်း စိတ်ချမ်းသာပါတယ်။ ချစ်ခြင်း မေတ္တာဆိုတာ စိတ် ချမ်းသာဖို့  ကျင့်ရတဲ့ တရားတစ်ခုပါ။
စိတ်ချမ်းသာတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ပြောရင် စိတ်မချမ်းသာရတဲ့ ချစ်ခြင်းမေတ္တာ အကြောင်းကိုလည်း ပြောပြဖို့  လိုမယ် ထင်ပါတယ်။ ချစ်ခြင်းမေတ္တာမှာ မိတ်ဘက်တွေ ရှိပါ တယ်။
ချစ်ခြင်းမေတ္တာနဲ့  ကရုဏာတွေ၊ မုဒိတာတွေ၊ သစ္စာတရားတွေ ပေါင်းဖက်မိကြတယ် ဆိုပါ တော့။ ချစ်ရတဲ့အတွက် သနားတဲ့၊ ကြင်နာတဲ့၊ ညှာတာတဲ့၊ အနစ်နာခံတဲ့၊ ခွင့်လွှတ်နိုင်တဲ့ စိတ်တွေ ဖြစ်ပြီး စိတ်ချမ်းသာရတာပါ။
ချစ်ခြင်းမေတ္တာနဲ့ ဒေါသတွေ၊ မောဟတွေ၊ မာန်မာနတွေ၊ မစ္ဆရိယတွေ၊ အတ္တတွေ ပေါင်းဖက် မိကြတယ် ဆိုပါတော့။ ပူပင်ရတဲ့၊ ဆုံးရှုံးရမှာ ကြောက်တဲ့၊ မနာလိုတဲ့၊ ၀မ်းနည်းတဲ့၊ ပူဆွေးတဲ့၊ နာကြည်းတဲ့၊ အငြိုးကြီးတဲ့ စိတ်တွေ ဖြစ်ပြီး စိတ်ဆင်းရဲ ရမှာပါ။
တချို့ ကလည်း ပြောကြတယ်။ ၅၂၈ က အေးချမ်းတယ်။ ၁၅၀၀ မို့  ပူလောင်တယ်တဲ့။ ကိန်းဂဏန်းတွေကို ရေတွက် မပြချင်ပါ။
မိဘ မောင်နှမသားချင်းတွေဟာလည်း လူသားတွေမို့  ဒေါသ၊ လောဘ၊ မောဟ၊ မာန်မာန အမှားတွေ ရှိနိုင်ပါတယ်။ လင်မယားချစ်၊ သမီးရည်းစားချစ်မှာလည်း အကြင်နာတွေ၊ ဂရု ဏာတွေ၊ မြတ်နိုးတာတွေ၊ စေတနာတွေနဲ့  ထုံမွှမ်းထားရင် စိတ်ချမ်းမြေ့တဲ့ ဘ၀ကိုရမှာပါ။
ကိုယ့်ရင်ထဲက ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာကို ဘာနဲ့ ပေါင်းစပ်ပေးမလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ် ချက်ပါပဲ။ အမှန်ကတော့ လူတစ်ယောက်ကို ချစ်နိုင်တယ်ဆိုတာနဲ့ တင် ၀မ်းသာဖို့  ကောင်းနေပါပြီ။ (ကိုယ် မချစ်နိုင်တဲ့သူ တွေကို ရေတွက်ကြည့်ပါ။)
ချစ်တယ်ကို ချစ်တယ်လို့  မတွေးပဲ တခြားဟာတွေပါ လျှောက်တွေးနေလို့ သာ စိတ်က မငြိမ်း ချမ်းနိုင်တာပါ။
မေတ္တာတရား ရှာပုံတော် ဖွင့်နေသူတွေ အတွက်ပါ။ ကမ္ဘာပတ်ပြီး ရှာဦးတော့ မေတ္တာတရားကို တွေ့ ချင်မှ တွေ့ ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တာတရားက ကိုယ့်နှလုံးသားထဲမှာပဲ ရှိနေလို့ ပါ။
ကိုယ့်ကို စိတ်ချမ်းသာမှု ပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာဟာ တစ်ပါးသူတွေရဲ့ နှလုံးသားကများ လာမှာလားလို့  မျှော်လင့်နေရင် လည်း မျှော်တော်ဇောနဲ့  မောနိုင်ပါတယ်။ သူများက ကိုယ့်ကို ချစ်တယ်ဆိုတာ ၀မ်းသာစရာပါ။ ဒါပေမဲ့ ပြင်ပ အကြောင်းတရား ကြောင့် ချမ်းသာရတယ် ဆိုတာ (instrumental good) ကိုယ် ဖန်တီးနိုင်တဲ့ အရာ မဟုတ်လို့  မသေချာပါ။
တကယ်တော့ ချစ်ခြင်း မေတ္တာမှာ ပင်ကို ချမ်းသာမှုသဘော (intrinsic good) ရှိပြီးသားပါ။ ကိုယ်မွေးမြူနိုင်လို့  ကိုယ့်နှလုံး သားထဲမှာ ချစ်ခြင်း မေတ္တာကိန်းအောင်းလာပြီ ဆိုရင် အလို လိုကို စိတ်ချမ်းသာရပါတယ်။ ဘာအကြောင်းနဲ့  မှ မပျက်စီးနိုင်တဲ့ ချမ်းသာမှုပါ။
ကိုယ်ကျင့်တရား စံချိန်မှီတဲ့ ချစ်ခြင်းမေတ္တာ အကြောင်းတွေ ကြီးကြီးကျယ်ကျယ် လျှောက် ပြောနေလို့  ကျွန်မကိုတော့ ဟုတ် လှပြီလို့  မထင်ပါနဲ့ ။ သဘောတရားတွေကနေ လက်တွေ့  ကို ကူးပြောင်းရတဲ့ ကိစ္စဟာ လွယ်တာ မဟုတ်ပါဘူး။ ဒါကြောင့် လက်တွေ့ မှာ ချစ်ခြင်းမေတ္တာ အရေခြုံတဲ့ မနာလိုမှုတွေ၊ ပိုင်ဆိုင်ချင်တဲ့ လောဘတွေ၊ ဆုံးရှုံးမှာ ကြောက်တဲ့  သောကတွေ၊ လိုတာ မရတဲ့ ဒေါသတွေ၊ ၀မ်းနည်း ပူဆွေးမှုတွေ၊ နာကြည်းမှုတွေ၊ အညှိုးထားမှုတွေ၊ မာနတရားတွေနဲ့  လုံးလည် ပတ်ချာ လိုက်နေဆဲပါပဲ။
ဒီလိုဆိုရင် မေတ္တာစစ်ဆိုတာ မမှီတဲ့ပန်းလို့  လက်လျှော့ သွားချင်စရာ ဖြစ်ပါတယ်။ ချစ်ခြင်း မေတ္တာတွေရော၊ ဆိုးညစ်တဲ့ စိတ် ဓါတ်တွေရောဟာ စိတ်ထဲကပဲ ဖြစ်လာတာမို့  ကိုယ့်စိတ် ကလေးကို ပြင်သွားရင် တဖြည်းဖြည်း မေတ္တာစစ်နဲ့  နီးစပ်လာမယ် ထင်ပါတယ်။ လွယ်တဲ့ အလုပ်တော့ မဟုတ်ပါဘူး။ စိတ်ဓါတ် လွန်ဆွဲပွဲပေါင်း များစွာကိုတော့ ဖြတ်သန်းရမှာပါ။
ဒါပေမဲ့ မကြောက်ပါနဲ့ ။ လျှော့လည်း မလျှော့ပါနဲ့ ။ နောက်ဆုံးမှာ မေတ္တာတရားက အမြဲ အနိုင်ရပါတယ်။
အခွင့်အလမ်းဂျာနယ်
No comments:
Post a Comment