သူတပါးကို လိမ်၍ ပြောခြင်း၊ ပြောသည့်အတိုင်း၊ ကတိခံသည့်အတိုင်း မလုပ်ခြင်းသည် သူတပါးအကျိုးပျက်အောင် ပြုလုပ်သည်မည်၏၊ လိမ်လည်လှည့်ဖြား မပြောကြားဘဲ ပြုလုပ်နိုင်သလောက်ကိုသာ ပြော၍၊ ပြောသည့်အတိုင်း လုပ်ခြင်း၊ မှန်ရာကိုသာ ပြောဆိုခြင်းသည် သစ္စာပါရမီမည်၏။
ဘုရားအလောင်းတော်သည် ဖြစ်လေရာဘ၀တိုင်း သူတပါးအကျိုးပျက်အောင် မုသားစကားကို မည်သည့်ဘ၀တွင်မျှ မဆိုခဲ့ပေ၊ ဘ၀တိုင်း သစ္စာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့လေသည်၊ သစ္စာပါရမီဖြည့်ကျင့်ရာ၌ သုတသောမ မင်းဘ၀ကား ထင်ရှားလှလေသည်။
ဘုရားအလောင်းတော်သည် မဟာသုတသောမမင်းဖြစ်စဉ် ရှင်ဘုရင် ဘ၀မှ လူသားစားမူကြောင့် တိုင်းပြည်မှ ထွက်ခွာသွားရသော ပေါရိသာဒသည် တောထဲမှာပင် နေရ၏၊ လူသားစား ပေါရိသာဒသည် တစ်နေ့သောအခါ သစ်ငုတ်စူး၍ ခြေဖ၀ါး၌ ဖြစ်သော အနာကို “နတ်မင်း ကယ်မပါ၊ ၇-ရက်အတွင်း ပျောက်အောင် ကယ်မလျှင် ဇမ္ဗူဒိပ်မင်းအပေါင်း၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ပါမည်”ဟု ညောင်ပင်စောင့်နတ်မင်းကြီးအား ကတိခံထား၏၊ ထိုအနာ သူ့ဘာသာ ပျောက်သွားသည်ကို နတ်မသည်ဟု ထင်ကာ ဇမ္ဗူဒိတ်မင်းတို့ကို ယဇ်ပူဇော်ရန် ဖမ်းထားသည်။
တက္ကသိုလ်ပညာသင်စဉ်က ဆရာတော်ဖူးသော သုတသောမမင်းကိုလည်း ဖမ်းသွားသည်၊ သုတသောမမင်းသည် အဖမ်းမခံရမီကလေးကမှ ပုဏ္ဏားတစ်ဦးအထံ၌ တရားဂါထာ နာယူရန် ၀န်ခံခဲ့သော ကတိစကားကို သတိရ၍ “တရားနာပြီးလဆင် ပြန်လာပါမည်”ဟု ပေါရိသာဒထံ ခွင့်တောင်း၏၊ ပေါရိသာဒလည်း လွယ်လွယ်ပင် ပြန်လွှတ်လိုက်သည်၊ တရားနာပြီးသောအခါ သတ်တော့မည်ကိုသိပါလျက် သစ္စာမဖျက်ဘဲ မကြောက်မရွံ့ အသက်စွန့်၍ ပေါရိသာဒထံ ပြန်လာခဲ့သည်။ သုတသောမမင်း၏ သေဘေးမှ အသက်စွန့်၍ ပေါရိသာဒထံ ပြန်လာခဲ့သည်။ သုတသောမမင်း၏ သေဘေးမှ ကြောက်ရွံ့မူမရှိပုံကို မေးမြန်းရာမှ အစပြု၍ အလောင်းတော်သုတသောမမင်း ပြောပြသော တရားစကားကြောင့် ဇမ္ဗူဒိပ်မင်းအားလုံးသည် အသတ်မခံရတော့ဘဲ ပေါရိသာဒလည်း လူကောင်းတစ်ယောက် ဖြစ်လာကာ သူ့ထီးနန်းကို ပြန်ရခဲ့လေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Friday, 2 September 2011
ဘုရားအလောင်းတော် ပါရမီဖြည့်ကျင့်ပုံ (သစ္စာပါရမီဖြည့်ကျင့်ပုံ)
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment