ထို့နောက် နေရဉ္စရာမြစ်ကမ်းအနီး အင်ကြင်းတော၌ နေ့သန့် နေတော်မူလျက် ကာယဂတာသတိပဋ္ဌာန်းတရားကို ရူပွားတော်မူသည်။ ညနေချမ်းအခါ ဗောဓိညောင်ပင်ရှိရာ အရပ်သို့ ကြွတော်မူရာ လမ်းခရီး၌ မြက်ထမ်းသမား သောတ္ထိယလှူသော မြက်ရှစ်ဆုပ်ကို အလှူခံတော်မူခဲ့သည်။ ဘုရားအလောင်းတော်သည် အရှေ့ဘက်အရပ်မှ ဗောဓိပင်သို့ ကပ်ဝင်၍ လက်ျာရစ် သုံးပတ်လှည့်လည်ပြီးလျင် အသင့်ယူလာသော မြက်ရှစ်ဆုပ်ကို ဖြန့်ခင်းတော်မူလိုက်ရာ ဆန်းကြယ်သော “အပရာဇိတ ရတနာပလ္လင်” ဖြစ်ပေါ်လာလေသည်။ ဗောဓိပင်စည်ကို ကျောပေးလျက် အရှေ့ဘက်သို့ မျက်နှာမူကာ ဗောဓိပင်ခြေရှိ ရတနာပလ္လင်ပေါ်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသည်။
“အရေ အကြော အရိုးတို့သာ ကြွင်းကျန်၍ အသားအသွေးတွေ ခြောက်ခန်းသွားပါစေ။ ဘုရားမဖြစ်သမျှ ဤတင်ပလ္လင်ခွေကို ငါမဖျက်တော့အံ့”ဟု အပြင်းအထန် အဓိဋ္ဌာန်၍ ထိုင်နေတော်မူကာ အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ စတုတ္ထဈာန်ဝင်စားလျက် နေတော်မူသည်။
ဘုရားအလောင်းတော် ထိုသို့ ခိုင်မာသော အဓိဋ္ဌာန်ဖြင့် ထိုင်နေပုံကို မြင်ရပြီး ယနေ့ပင် ဘုရားဧကန်ဖြစ်တော့မည်ကို သိသော မာရ်နတ်သည် ဂိရိမေခလာ ဆင်ပြောင်ကြီးကို တက်စီးကာ စစ်သည်အင်အား များပြားစွာ လက်နက်အမျိုးမျိုး ကိုင်စွဲလျက် နတ်စစ်သည်အပေါင်း ဦးဆောင်လာရောက် တိုက်ခိုက်နှောက်ယှက်လေသည်၊ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်း၊ လက်နက်မိုး၊ ပြာပူမိုး ရွာချခြင်း စသည်ဖြင့် ကမ္ဘာပျက်သည့်အလား မနားမရပ် တရစပ် ထိုးနှက် တိုက်ခိုက်သော်လည်း ဘုရားအလောင်းတော်သည် လေးအသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့သော ပါရမီတော်စွမ်းအားဖြင့် မာရ်နတ်ရန်ကို ခုခံအနိုင်ယူခဲ့လေသည်။ နေမ၀င်မီမှာပင် နှောင့်ယှက်လာသော မာရ်နတ်ရန်ကို အောင်မြင်စွာ တွန်းလှန်တော်မူခဲ့လေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Tuesday, 6 September 2011
ဒုက္ကရစရိယာ ကျင့်တော်မူခြင်း (မာရ်နတ်ကို အောင်တော်မူခြင်း)
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment