ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 16 June 2011

ဒါန၏ စွမ်းရည်များ

ဒါန၏စွမ်းရည်သတ္တိသည် လှူဒါန်းခိုက်ဖြစ်သော စေတနာ၏ စွမ်းရည်သတ္တိပင်ဖြစ်၏။ စေတနာထက်သန်လျှင် အလှူ၏ အကျိုးကြီးမားပြီး စေတနာပျော့ညံ့လျှင် အလှူ၏အကျိုး ယုတ်လျော့၏။ ဒါန၏ အကျိုးကြီးမားရန် အလှူပေးသည့်အခါ စေတနာသုံးတန်ထက်သန်စင်ကြယ်ရမည်။

(၁)ပုဗ္ဗစေတနာ = မလှူမီဖြစ်သောစေတနာ။ လှူဖွယ်ဝတ္ထုကို ရှာဖွေသည့်အခါမှစ၍ “ငါသည် လောကီစည်းစိမ် နှင့်လောကတ္တရာချမ်းသာတို့ အကြောင်းဖြစ်သော အနုဂါမိက (ဘ၀စဉ်ဆက် လိုက်တတ်သော အလှူကိုလှူရတော့မည်”ဟု ဝမ်းမြောက်မှု။

(၂)မုဉ္စစေတနာ = လှူဆဲလှူခိုက်၌ဖြစ်သော စေတနာ။ လှူဖွယ်ဝတ္ထုကို အလှူခံပုဂ္ဂိုလ်၏ လက်ထဲသို့ထည့်၍ စွန့်လွှတ်လှူဒါန်းစဉ် “အနှစ်သာရမရှိသော ပစ္စည်းဥစ္စာမှ အနှစ်သာရရှိသည့် ကုသိုလ်မျိုးစေ့ကို ထုတ်ယူနေပါတကား” ဟု စိတ်ကြည်လင်ရွှင်ပျမှု။

(၃)ပရစေတနာ = ပေးလှူပြီးနောက် ဖြစ်စေသောစေတနာ။ “ငါသည် ပညာရှိတို့ချီးမွမ်းအပ် လှူဒါန်းမှုကို ပြုလုပ်ရပေပြီး၊ ကောင်းလေစွ”ဟု အဖန်ဖန် အထပ်ထပ်အောက်မေ့၍ ၀မ်းမြောက်မှု။

ပုဗ္ဗ- မုဉ္စ-ပရ စေတနာသုံးတန်း ဖြူစင်ထက်သန်လျှင် အလှူ၏ အကျိုးကြီး၏။ ဤသို့ပြုလုပ်ရသောကုသိုလ်ကို ဥက္ကဋ္ဌကုသိုလ် အမြတ်စားကုသိုလ်ဟု ခေါ်၏။ မလှူမီက နှမြောတွန့်တိုနေလျှင် ပုဗ္ဗစေတနာသည် မစ္ဆရိယနှင့်ယှဉ်သော အကုသိုလ်စေတနာဖြစ်မည်။ လှူပြီးသည့်နောက်၌ နောင်တတစ်ဖန် ပူပန်နေလျှင် ပရစေတနာသည်လည်း အကုသိုလ်စေတနာဖြစ်မည်။ ထို့အခါ စွန့်လှူခိုက်ဖြစ်သော မုဉ္စစေတနာကို အကုသိုလ်စေတနာတို့က ခြံရံနေသည့်အတွက် ထိုအလှူမျိုးကို သြမကကုသိုလ်=အညံ့စားကုသိုလ်ဟု ခေါ်၏။

အလှူရှင်သည် သီလဆောက်တည်ပြီးမှ လှူဒါန်းလျှင် ကုသိုလ်စေတနာသည် သီလအပေါ် ရပ်တည်ရသဖြင့် ပို၍အားကြီးလာသည်။ ထို့ကြောင့် အလှူ၏အကျိုး ပိုကြီး၏။

လှူဖွယ်ဝတ္ထုသည်လည်း လှူဒါန်းသောစေတနာကို ပြုပြင်ပေးနိုင်သည်။ တရားသဖြင့် ရှာဖွေရရှိသော ပစ္စည်းဝတ္ထု (ဓမ္မိယလဒ္ဓ)ကိုပေးလှူခြင်းသည် မတရားသောနည်းဖြင့် ရှာဖွေရရှိသော ပစ္စည်းဝတ္ထု(အဓမ္မိယလဒ္ဓ)ကို ပေးလှူသည်ထက် ပို၍အကျိုးကြီးမား၏။ အလှူရှင်က လှူဖွယ်ဝတ္ထုကို ပို၍တန်ဖိုးထားလေ ပိုမိုမြတ်နိုးလေလေ စွန့်လှူသည့် မုဉ္စစေတနာက ပို၍အားကြီးထက်သန်လေလေ ဖြစ်သဖြင့် အကျိုးပိုကြီးကျယ်လေလေဖြစ်သည်။

အလှူခံပုဂ္ဂိုလ်ကို မှီး၍လည်း အလှူ၏ အကျိုးပြောင်းလဲနိုင်သည်။ အလှူခံပုဂ္ဂိုလ်၏ သီလ၊ သမာဓိ၊ ပညာကြီးလေလေ အလှူ၏အကျိုး ကြီးလေလေဖြစ်သည်။


အလှူခံပုဂ္ဂိုလ်၌ရှိအပ်သော အဓိကအင်္ဂါ၃-ပါးမှာ

(၁)ရာဂကင်းပြီးသူ သို့မဟုတ် ရာဂကင်းရန် ကျင့်ကြံအားထုတ်နေသူဖြစ်ခြင်း။

(၂) ဒေါသကင်းပြီးသူ သို့မဟုတ် ဒေါသကင်းရန် ကျင့်ကြံ အားထုတ်နေသူဖြစ်ခြင်း။

(၃) မောဟကင်းပြီးသူ သို့မဟုတ် မောဟကင်းရန် ကျင့်ကြံအားထုတ်နေသူဖြစ်ခြင်းတို့တည်း။ ဤအင်္ဂါသုံးပါးနှင့် ညီညွတ်လျှင် အလှူ၏အကျိုး ကြီးမား၏။

ဘုရားရှင်ချီးမွမ်းသည့် မြတ်ဒါန

သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူစဉ် ဝေဠုကဏ္ဍကီမြို့၌ နန္ဒာမာတာသည် အရှင်ပုရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် အမှူးရှိသော ရဟန်းသံဃာတို့အား ဆွမ်းလှူဒါန်းနေသည်ကို ဒိဗ္ဗစက္ခအဘိညာဉ်ဖြင့် မြင်တော်မူ၏။ ထို့အခါ ရဟန်းတော်တို့အား မိန့်တော်မူသည်မှာ - “ရဟန်းတို့ …..ဝေဠုကဏ္ဍကီမြို့၌ နန္ဒာမာတာသည် အဂ္ဂသာဝကနှစ်ပါးနှင့် သံဃာတော်များကို အင်္ဂါ ၆တန်နှင့် ပြည့်စုံသော ဆွမ်းကို လှူဒါန်းနေ၏။

အလှူရှင်ဘက်၌ ရှိအပ်သောအင်္ဂါ ၃ပါးမှာ-

(၁) မလှူမီ ရှေးအဖို့၌ ကြိုတင်ဝမ်းမြောက်ခြင်း၊

(၂) လှူဆဲအခိုက်၌ စိတ်စေတနာကြည်လင်ခြင်း၊

(၃) လှူဒါန်းပြီးနောက် ဝမ်းမြောက်သောစိတ်ရှိခြင်းတို့တည်း။


အလှူခံဘက်၌ရှိအပ်သော အင်္ဂါ ၃ပါးမှာ-

(၁)ရာဂကင်းပြီးသူ သို့မဟုတ် ရာဂကင်းရန် ကျင့်ကြံအားထုတ်နေသူဖြစ်ခြင်း။

(၂) ဒေါသကင်းပြီးသူ သို့မဟုတ် ဒေါသကင်းရန် ကျင့်ကြံ အားထုတ်နေသူဖြစ်ခြင်း။

(၃) မောဟကင်းပြီးသူ သို့မဟုတ် မောဟကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်းတို့ “ရဟန်းတို့….. သမုဒ္ဒရာရေသည် ကွမ်းစားမည်မျှ ရှိသည်ဟူ၍ ခြင်တွက်ခြင်းငှာ မစွမ်းနိုင်၊ စစ်စစ်သော်ကား မရေးတွက်နိုင်၊ နိုင်းယှဉ်နိုင်သော ရေအစုကြီးဟူ၍သာ ပြောဆိုရသကဲ့သို့ ဤအတူသာလျှင် ဤအင်္ဂါ ၆ပါးနှင့် ပြည့်စုံသော အလှူ၌ ကောင်းမှု အထုကုသိုလ်ပမာဏသည် မည်မျှအတိုင်းအရှည်ထို ကောင်းကျိုးချမ်းသာပေးမည်ကို မသတ်မှတ်နိုင်၊ စစ်စစ်သော်ကား မရေတွက်နိုင်၊ မနှိုင်းယှဉ်နိုင်သော ကောင်းမှုကုသိုလ်ကြီးဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏” (အင်္ဂုတ္တိုရ်ပါဠိတော်၊ဒါနသုတ်)

မြတ်သောဓမ္မဒါန ပိုစ့်ရေးသားတင်ပေးသော အစ်ကိုစောမောင် ၊ ကိုဖြိုး (သစ္စာခရီးသည်) ယနေ့ နက်ဖြန် နောင်သံသရာဘ၀ဆက်တိုင်း ငြိမ်းချမ်းခြင်းလေဟာနယ်မှာ ပျော်ရွှင်ခြင်းပန်းလေးတွေကောက်လို့ သောကအပူအပင်ဟူသမျှ မြူမူံမျှမကျန်ရှိပဲ ကမ်းစပ်ပင်လယ်လို ထာဝရ ကင်းဝေးကာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး မိမိဖြစ်ချင်သော ဘ၀နှင့် ဆန္ဒထပ်တူကျပါစေလို့ တောသူမလေးမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

No comments:

Post a Comment