ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 28 July 2009

" မှိုများဖြင့် မထိဝံ့ပြီ "

Photobucket

မှိုရတဲ့မျက်နှာဟု မြန်မာစကားပုံရှိသည်။ တော်ရုံ၊ တန်ရုံကလေးကအစ အဓိပ္ပာယ်ကို ဖွင့်ဆိုနားလည်ကြသည်။ လိုချင်တာရ၊ စိတ်အလိုပြည့်ဝ၍ ရွှင်လန်းချမ်းမြေ့နေသောမျက်နှာကို မှိုရ၍ ၀မ်းသာနေသောမျက်နှာနှင့်ခိုင်းနှိုင်းထားခြင်း၊ သို့ကလိုဆိုလျှင်မှိုကို ကိုသက်ပန်တို့မြန်မာလူုမျိုးများ ဘယ်လောက်ကြိုက်နှစ်သက်၊ တန်ဖိုးထားမြတ်နိုးကြကြောင်း သိသာပါသည်။
မှိုကြောင့် ဒုက္ခလှလှကြီးရောက်ခဲ့ရဖူးလေသော ကိုသက်ပန်ကတော့ ထိုစကားပုံကိုတယ်ပြီး ခံတွင်းမတွေ့ချင်လှ၊ အဘယ်ကြောင့်နည်း။ ခံစားရခဲ့တာ ကိုယ်တိုင်မို့ပါ။
ချစ်သောစာဖတ်သူက သိချင်တယ်တဲ့လား။ အရှက်မဲ့စွာနှင့် ဇာတ်ကြောင်းပြန်ရပေတော့မည်။
နေ့စွဲအတိအကျ မမှတ်မိတော့သောလည်း ၁၉၉၂ ခုနှစ်၊ မတ်လလောက်ဖြစ်မည်။ ကိုသက်ပန် တာဝန်ထမ်းဆောင်နေသော M.V.SEA ROSE သင်္ဘောသည် သြစတြေးလျနိုင်ငံပို့ကမ်ဘလာ (PROT CMBLELLA) ဆိပ်ကမ်းတွင် စတီးလိပ်ခွေများကို သင်္ဘောပေါ်သို့ တိုက်ရိုက်တင်ဆောင်နေခြင်းပါ။ သူတို့အလုပ်သမားများ အေးအေးဆေးဆေးလုပ်ပုံမျိုးနှင့်ဆို အနည်းဆုံး ဤဆိပ်ကမ်းတွင် တစ်ပတ်ခန့်ကြာပေမည်။ ကိုသက်ပန်တို့သင်္ဘောက ဤမြို့ကလေးကို (၃) လတစ်ကြိမ် ပုံမှန်ဝင်ပြီး စတီလိပ်ခွေများကို တင်ဆောင်နေကျပါ။
သင်္ဘောတွင် အလုပ်ပါးသည်နှင့် ညနေတိုင်းဆိုလျှင် ဂျူတီမရှိသူများ ကမ်းပေါ်သိုပတက်ကြသည်။ သင်္ဘောပေါ်မှဆင်း၊ စတီးစက်ရုံဝင်းကြီးအတွင်းမှ ငါးမိနစ်ခန့်ဖြတ်လျှောက်လျှင် စက်ရုံမိန်းဂိတ်ကြိးသို့ ရောက်၏။ စက်ရုံရှေ့မှ ဟိုင်းဝေးလမ်းမကြီးမှာ ဖြူးလို့ဖြောင့်လို့။ ပို့ကမ်ဘလာမြို့သို့သွားလျှင် စက်ရုံမှ အများသုံးတယ်လီဖုန်းသုံး၍ တက္ကစီကို ခေါ်လိုက်ရုံသာ (၁၀)မိနစ်အတွင်း တက္ကစီလာကြိုလိမ့်မည်။ ချွေတာစုဆောင်း သူဌေးလောင်းဖြစ်လိုကြကုန်သော ကိုသက်ပန်တို့ ရွှေမြန်မာတစ်စုကတော့ မြို့ထဲအထိမသွားကြဘဲ၊ အညောင်းပြေအညာပြေ မိနစ်(၃၀)ခန့် လမ်းလျှောက်သွားလျှင် ရောက်သော (SEAMAN MISSION) သို့ သွားလေ့ရှိကြ၏။ မစ်ရှစ်ကိုအုပ်ချုပ်သော ဘုန်းကြီး (ဖာသာ)နှင့်လည်း ရင်းနှီးနေကြပြီဖြစ်သည်။ အဲဒီမစ်ရှင်မှာက ခရစ်ယန်ဘာသာဝင်ဖြစ်ခဲ့လျှင် ဘုရားဝတ်ပြုဖို့နေရာက သီးသီးသန့်သန့်၊ မိမိနိုင်ငံကို တယ်လီဖုန်းနှင့် ဆက်သွယ်လိုလျှင်လည်း ဈေးသက်သက်သာသာနှင့် ရနိုင်ပါ၏။ ဘိလိယက်ထိုးဦးမလား။ အဖျောယမကာနှင့် ဘီယာလည်း ရနိုင်ပါသည်။ ကိုသက်ပန်တို့ အဖွဲ့က ဘီယာသောက်လိုက်၊ ဘိလိယက်ထိုးလိုက် မစ်ရှစ်ဖာသာနှင့် စကားရော ဖောရာလုပ်လိုက်နှင့်ပါ။
တစ်ရက်တွင် မစ်ရှင်တွင် ဘီယာသောက်ပြီး အားလုံးရေချိန်ကိုက်လာကြသည်။ ညရှစ်နာရီခန့်လည်းရှိပြီဖြစ်၍ ကိုသက်ပန်တို့အုပ်စု ဖာသာကိုနှုတ်ဆက်ပြီး ပြန်ခဲ့ကြသည်။ သူတို့နိုင်ငံမှာနွေရာသီဖြစ်နေသလား မပြောတတ်၊ နေကမ၀င်သေး၊ ပတ်ဝန်းကျင်တစ်ခုလုံး လင်းလင်းထင်းထင်းရှိနေဆဲပါ။ ထွေရောလေးပါး စကားပြောဆိုလာကြရင်း စတီးစက်ရုံဝင်းအတွင်းသို့ ၀င်ခဲ့ကြပြီ။ ထိုစဉ်...
“ ဟာ...မှိုတွေ...မှိုတွေ...အများကြီးပဲ... ”
အလုပ်သင်ဖစ်တာ (TRAINING FITTER) အလန့်တကြား အော်ပါလေ၏။
“ မှိုတွေ့တာများ အလန့်တကြားနဲ့ အော်ရသလားဟ...၊ မင်းကြီးဒေါ်ကြီး လင်နောက်လိုက်တာကြနေတာပဲ...”
ဖစ်တာ (FITTER) ကိုကျော်အေးမှ သူ့တပည့်ကို ဟောက်လိုက်သည်။
“ ဖစ်တာကြီးကလည်း စားလို့ရတဲ့မှိုဆို ကျွန်တော်တို့ပွတာပေါ့ဗျ...”
သိန်းဇော်က သူ့ဆရာကို ပြန်ပြောလိုက်သည်။
“ ဟေ့ကောင်...ကြည့်လုပ်ဦးနော်...အဆိပ်ရှိမှိုဆိုရင် အားလုံး ကျော်မကောင်း ကြားမကောင်း ဖြစ်ကုန်မယ်...မင်းကမှိုအကြောင်း ဘယ်လောက်သိလို့လဲ...”
ကိုသက်ပန်ကလည်း ခပ်တည်တည်နှင့် ၀င်ဟောက်လိုက်သည်။ သို့ရာတွင် သိန်းဇော်ကလည်း ခေသူတော့မဟုတ် သူက ဒီလိုပြပြော၏။
“ ဟာ...ကျွန်တော်က ဒလသဘော်ကျင်းမှာ (၁၀)နှစ်လောက် အလုပ်လုပ်ခဲ့တာဗျ...အဲဒီသင်္ဘောကျင်းထဲမှာ ပေါက်တဲ့မှိုမှန်သမျှ ကျွန်တော်နှုတ်ပြီး ချက်စားနေကျပဲ...စားလို့ရတဲ့မှိုနဲ့ အဆိပ်ရှိတဲ့မှို ကျွန်တော်ကောင်းကောင်း ခွဲခြားတက်တယ်...”
“ ဟေ့ကောင်...မင်းနားလည်ရင်လုပ်ကွာ...ချက်ဖို့က ငါ့တာဝန်ထား...”
ချိဖ်ကုတ် (CHIEF COOK) ဖထီးက မှုးမှုးနှင့်ဝင်ပြောသည်။
မှိုပွင့်တွေကတော့ အားရစရာပါ။ အကြီးဆုံးအပွင့်က ဟင်းချိုသောက်ပန်ကန်အငယ်စားလောက် မျက်နှာဝရှိသည်။ မြမြတ်ခင်းစိမ်းပေါ်မှာ တစ်စုတစ်ဝေး ကုန်းရုန်းထနေသည်မှာ လှပဲလှသေးတော့။
သိန်းဇော်ကတော့ မှိုပွင့်များကို နှုတ်ပြီး နမ်းကြည့်လိုက်၊ ခြေကြည့်လိုက်၊ အရည်ညှစ်ကြည့်လိုက်နှင့် အလုပ်ရူပ်နေသည်။ သူစိတ်ကျေနပ်လောက်အောင် စစ်ဆေးပြိးသကာလ...။
“ လုံးဝစားလို့ရတယ် ချိဖ်ကုတ်ကြီး...ဒီမှိုတွေက စားလို့ရတဲ့မှို...အဆိပ်လုံးဝမရှိဘူး...သေချာတယ်”
“ ဒါဆိုလည်းနှုတ်ကြကွာ”
ဘယ်သူက စပြောလိုက်သည်လည်း မမှတ်မိတော့။ အားလုံးဘီယာထွေထွေနှင့် မှိုနှုတ်ဆက်ပွဲ ဆင်နွဲကြတော့သည်။ သင်္ဘောကို ပြန်ရောက်ကြတော့ ချိဖ်ကုန်၏ (GALLEY) ထဲတွင် မှိုများကို သိမ်းထားလိုက်သည်။ ဖထီးက မနက်ဖြန် (LUNCH) တွင် စပါယ်ရှယ် ချက်ကျွေးမည်ဆို၏။ နောက်တစ်နေ့ နေ့လယ်ခင်း(၁၂)နာရီ ထမင်းစားချိန်တွင် ကိုသက်ပန်တို့ အင်ဂျင်အဖွဲ့စက်ခန်းမှ တက်လာကြသည်။ ထမင်းစားခန်း (MISS) ထဲရောက်တော့ မှိုဟင်းကို အလိုးလိုက်ချထားသည်ကို တွေ့ရသည်။ ချိဖ်ကုတ်ကြီးက...
“ငါစားပြီးတာ နာရီဝက်ရှိပြီကွ...ဘာမှမဖြစ်ဘူး...စားလို့ကတော့ ကောင်းမှကောင်းပဲ...ကြိုက်တဲ့သူ စားရဲတဲ့သူ စားကြဟေ့...”
“ခင်ဗျားမှိုက နာရီဝက်မှို မဟုတ်ဘူးဗျ...တစ်နာရီမှို တစ်နာရီထိုးရင် အစွမ်းပြလိမ့်မယ် ကြည့်နေ”
လျှပ်စစ်အရာရှိ (EIO) ကိုစန်းအောင်မြင့်က ၀င်ပြီးနောက်လိုက်ခြင်းပါ။ ကိုသက်ပန်အပါအ၀င် မှိုကြိုက်သူတစ်စုကတော့ အထူးအားပေးလေ၏။ နောက်ဆုံးအိုးထဲတွင် မှိုတစ်ဖက်မျှ မကျန်တော့သည်အထိ။
နေ့လယ် (၁)နာရီ အလုပ်ပြန်ဆင်းကြတော့။ အလုပ်လုပ်နေရင်း ကိုသက်ပန်ခေါင်းထဲက မှုးသလိုလို၊ ရင်ထဲက ပျို့သလိုလို ဖြစ်လာ၍ စားထားသောမှိုကို သံသယရှိချင်လာသည်။ ဟိုကောင် (ENGINE CADET) မြင့်ထွန်းကို မေးဦးမှပါပဲ။ ဒီကောင်လည်း ပါးဖြဲနားဖြဲစားထားတာပဲ။ မြင့်ထွန်းတစ်ယောက် အင်ဂျင်ခန်းဘေစင်တွင် တဝေါ့ဝေါ့နျင့် အန်နေသည်ကို ဝေသီသော မျက်လုံးကြားမှ ကိုသက်ပန်မြင်တွေ့လိုက်ရသည်။ ထိုစဉ်မှာပဲ ဘေဘီ (ABLE SEAMAN) လှမျိုးဥိး အင်ဂျင်ခန်းသို့ ပြေးဆင်းလာရင်း အော်မေးနေသည်။
“အင်ဂျင်အဖွဲ့က မှိုဟင်းစားတဲ့သူတွေ ဘာဖြစ်ကြသလဲဗျို့...အပေါ်မျာတော့ချိဖ်ကုတ်နဲ့ မက်စ်မန်း (MISS MAN) တို့လိမ့်နေပြီ...”
သြော်...သူတို့က နာရီဝက်လောက် စောပြီးစားထားကြသူတွေကို။
အင်ဂျင်အဖွဲ့က မှိုဟင်းစားထားသူ ကိုသက်ပန်အပါအ၀င်(၄)ဦး၇ှိသည်။ အားလုံးအလန့်တကြားနှင့် (DECK) ပေါ်တက်လာကြ၏။
“ဟိုကောင်...မှိုဆရာသိန်းဇော်ကို ရှာကြစမ်း...ဒင်းပဲစားလို့ရတဲ့မှိုဆိုပြီးပြောတာ...”
ကိုယ်ငတ်ကြီးကျတာကို မစဉ်းစား၊ အခါတော်ပေးသိန်းဇော်ကိုသာ ဒေါသဖြစ်စွာနှင့် ကိုသက်ပန်ရှာခိုင်းမိသည်။
မှိုဆရာသိန်းဇော်ကို သူ့အခန်းထဲတွင် သွားတွေ့ပါ၏။
အံမယ်မင်းက...တရားပဲကျသေးတော့။ သိန်းဇော်က သူ့အိမ်မှ ပါလာသော ထန်းလျက်ခဲများကို တစ်ယောက်တည်း ကြိတ်မျိုနေတာကိုး ခင်ဗျ။
MEDICAL OFFICER(2nd MATE) ကိုစိုးတင့်ကို အားကိုးရမလား ရှာပါတယ်၊ သူကိုယ်တိုင်လည်း မှိုစားထားမိ၍ သူပအခန်းဘေစင်တွင် ခေါင်းစိုက်နေသည်။ နောက်ဆုံးကပ္ပတိန်ထံ သတင်းပို့ကြရတော့သည်။ (၁၀)မိန်စ်ခန့်အကြာတွင် လူနာတင်ယာဉ်ငါးစီး မီးနီတ၀င်းဝင်း၊ အချက်ပေးဥသြံညံစီစွာဖြင့် အပြင်းမောင်းချလာတော့သည်။ ဆိပ်ကမ်းအလုပ်သမားများ အထူးအဆန်းနှင့် ကိုသက်ပန်တို့ သင်္ဘောအနီး ၀ိုင်းအုံကြည့်ရူနေကြသည်။
ကိုသက်ပန်တို့လည်း အရှက်ကိုနောက်ထား၊ အသက်ကိုရှေ့ထားပြီး ယိုင်နဲ့နဲ့ခြေလှမ်းများဖြင့် လူနာတင်ကားပေါ်ရောက်ကုန်ကြတော့သည်။ ချိဖ်ကုတ်ကတော့ အသက်ရူပါကြပ်နေသဖြင့် အောက်ဆီဂျင်ပေးပြီး ထမ်းစင်နှင့် သင်္ဘောပေါ်မှချရသည်။ ဆေးရုံရောက်တော့ ဆေးရုံဝန်ထမ်းများ၊ လူနာမျာမှာ ကိုသက်ပါန်တို့ ဖြစ်အင်းကိုကြည့်ရင်း တ၀ါးဝါး၊ တဟားဟားနှင့် ပွဲကျနေကြသည်။ လမ်းဘေး၊ မှိုတွေကို ချက်စားပြီး ဆေးရု့ရောက်တာ...ကိုသက်ပန်တို့သာ ရှိဖူးမည်ထင်ပါ၏။ (သူတို့ဆီတွင်ပြောပါတယ်)။
ကိုသက်ပန်တို့အားလုံးကို အန်ဆေးတိုက်၊ ထိုးဆေးတစ်လုံးစီထိုးပေးပြီး တစ်နာခန့်အကြာတွင် သက်သာလာကြသည်။ ပြင်းထန်တာက ချိဖ်ကုတ်ကြီး တစ်ယောက်တည်းပါ။ သူကိုတော့ ဆေးရုံတွင် တစ်ရက်ခန့်တင်ထားရမည်ဖြစ်ပြိး ကျန်သူအားလုံးကို သင်္ဘောသို့ ကားနှင့်ပြန်ပို့ပေးပါသည်။ ပြန်မပို့ခင် အလေ့ကျပေါက်သော မှိုများကို မဆင်မြ့ခင် မစားသုံးသင့်ကြောင့် ဆရာဝန်များမှ သြ၀ါဒပေးပါသေး၏။ သင်္ဘောပြန်ရောက်တော့ကော...ကပ္ပတိန်က ကိုသက်ပန်တို့ အစားသရမ်းအုပ်စုကို ဆူပူကြိမ်းမောင်းလိုက်သည်မှာ မပြောပါနှင့်တော့။
ဒါတင်ပဲလား...မပြီးသေးပါ ခင်ဗျ။ နောက်တစ်နေ့မနက် ပို့ကမ်ဘလာမြို့ထုတ်သတင်းစာတွင် ကိုသက်ပန်တိုပအဖွဲ့သားများ မှိုဆိပ်မိသောသတင်းကို သတင်းစာမျက်နှာဖုံးတွင် ဝေေ၀ဆာဆာ ခမ်းခမ်းနားနားနှင့် ပါလာတော့သည်။ ချိဖ်ကုတ်ကို ထမ်စမ်းစင်နှင့် လူနာတင်ကားအတွင်းထည့်နေသော ဓာတ်ပုံကြီးနှင့်ပါ။ ကိုသက်ပန်တို့များ နာမည်ကြီးချင်တော့ အဲဒီလို။ သတင်းစာ ကျေးဇူးကြောင့်လားမသိ၊ ကိုသက်ပန်တို့ သင်္ဘောကို တအံတသြနှင့် လာကြည့်ကြသော ပို့ကမ်ဘလာမြို့သားများ စည်ကားနေတော့သည်။ ကလေးများက...
“ဟေး...မစ္စတာမတ်ရွှမ်း (MR.MUSHROOM)”
ဟု သင်္ဘောအောက်မှ လှမ်းအော်ကြသည်။ မြန်မာလို့တော့ ဦးမှိုပေါ့ဗျာ...ကိုယ့်မျက်နှာကိုယ် ဓားနှင့်လှီးပစ်ချင်စရာကောင်းသော ကိစ္စပါတကား...။
ဟိုင်းဝေးကား၊ ကွန်တိန်နာတင်ယာဉ်ကြီးများကို မောင်းနှင်သော ကိုရွှေဒရိုင်ဘာများ နောက်ပြောင်ပုံက တစ်မျိုးခင်ဗျ။ ကိုသက်ပန်တို့ (SEA ROSE) အဖွဲ့သားများ ကမ်းပေါ်တက်လမ်းသာလားနေသည်ကိုမြင်လျှင် ဟိုင်းဝေးလမ်းမကြိးပေါ်မှ ဘယ်လောက်အရှိန်ပြင်းပြင်းနှင့် မောင်းလာသော ကားဖြစ်ပါစေ။ ကိုသက်ပန်တို့အနီး မရောက်ခင်အရှိန်သတ်၍ထိုးရပ်၏။ ပြီး...ကားခေါင်းခန်းမှယာဉ်မောင်းရဲ့ ခေါင်းထွက်လာပြီး ဒီလိုမေးခွန်းကိုမေးသည်။ ယဉ်ယဉ်ကျေးကျေးပါပဲ။
“ဟေး...သူငယ်ချင်း ဟိုဘက်တောင်ကုန်းပေါ်မှာ မှိုပွင်ကြီးတွေ ပေါက်နေတယ်...ဟောဒီလောက်ကြိးတွေရှိတယ်...(လက်နှစ်ဖက်နှင့် အရွယ်အစားကိုပါ ကွင်းပြသေး၏) အဲ့ဒါသွားနှုတ်ကြပါလား”
ထိုသို့ပြောအပြီး သူ့ဟာသူ တ၀ါးဝါးတဟားဟား ရယ်ရင်း ကားကိုဆက်မောင်းသွားတော့သည်။ နောက်ပိုင်းတွင် ကိုသက်ပန်တို့အဖွဲ့ရှက်လွန်း၍ ကမ်းပေါ်သို့ပင် မတက်ရဲကြတော့။ သင်္ဘော မြန်မြန်ထွက်ပါတော့...ဟု ဆုတောင်းလိုက်ရသည်မှာ အမော...။
ဒီလိုနှင့်သင်္ဘောကုန်အပြီး၍ သင်္ဘောဆိပ်ကမ်းမှခွာမည်ရက် အတိအကျကို (AGENT) ထံမှသိရပေပြီ။ သည်တော့မှ အားလုံးရင်ထဲမှ အလုံးကြီကျတော့သည်။
သင်္ဘောမထွက်မီတစ်ရက်တွင် (SEA MEN MMISSION)မှ ဖာသာက (SEA ROSE) အဖွဲ့သားများကို နှုတ်ဆက်ပွဲလုပ်ပေးလိုကြောင်း ည(ရ)နာရိတွင် စတင်မည်ဖြစ်ကြောင်း အကြိုအပို့၊ အစားအသောက်နှင့် ယမကာများပါ စီစဉ်ထား၍ မပျက်မကွက်လာရောက်ကြပါရန် ဖိတ်မန္တကပြုလာ၏။
ရွေ့...နိပ်ဟ...အလကားပဲတင်း စားရသောက်ရသည် ကိစ္စမို့ အားလုံးရွှင်မြူးတက်ကြွနေကြသည်။ ည(၆)နာရီခွဲခန့်တွင့် မစ်ရှင်မှ ကားရောက်လာ၍ အားလုံးတစ်ပျော်တစ်ပါး လိုက်ပါသွားကြသည်။ မစ်ရှင်ရောက်တော့ ဖာသာမှ သြ၀ါဒကထာ မွတ်ကြားပါသည်။ ဤမြို့ကလေးကို လာနေကျဖြစ်သော (SEA ROSE) သင်္ဘောမှ မြန်မာသင်္ဘောသားများကို သူ့အနေနျင့် အထူးချစ်ခင်ကြောင်း ယဉ်ကျေးသိမ်မွေ့ပြီး ဖော်ရွေသောဓလေ့စရိုက်များကိုဖြင့် သူ့အနေနှင့်အထူးချင်ခင်မိကြောင်း ယဉ်ကျေးသိမ်မွေ့ပြီး ဖော်ရွှေသောဓလေ့စရိုက်များကိုဖြင့် သူ့အနေနှင့်အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း များမကြာမီ ဤဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာပါစေဟု ဆုတောင်းကြောင်းပြောဆိုပါသည်။
(SEA ROSE) သင်္ဘောမှ ကိုသက်ပန်တို့ အဖွဲ့သားအားလုံးကိုလည်း အမှတ်တရ ဓာတ်ပုံရိုက်ပေးသေးသည်။ ဖာသာ စီစဉ်ထားသော အစားအသောက်နှင့် ဘီယာယမကာများကို အားတက်သရော ချီးမြှင့်ပြီးသကာလာ သင်္ဘောသို့ပြန်လာကြတော့သည်။
သည်လိုနှင့်နောက်နေ့မနက် လင်းကြီးမှာ ကိုသက်ပန်တို့ (M.V.SEA ROSE) သင်္ဘောကြီး ပို့ကမ်ဘလာမြို့လေးကို နှုတ်ဆက်ခွဲခွာခဲ့လေသည်။ သင်္ဘောက အရှေ့ဘက်တစ်ကြောတွင် နှစ်လနီးပါးကြာအောင် က်ုတင်ကုန်ချလုပ်နေခဲ့သည်။ ထို့နောက် (HOME PORT) ဖြစ်သော ပို့ကမ်ဘလာသို့ပြန်ရန် သင်္ဘောကို ကြေးနန်းဝင်လာသည်။ သို့မို့ကြောင့် ကိုသက်ပန်တို့ သင်္ဘောသြစတေလျနိုင်ငံ ပို့ကမ်ဘလာမြို့လေးဆီသို့ ဥိးတည်ခုတ်မောင်းခဲ့ပါ၏။ သုံးလနီးပါ အချိန်အတွင်းမှာ ကိုသက်ပန်တို့ မှိုသတင်းလည်း သွေးအေးသွားလောက်ပြီ၊ သည်မြို့သားတွေလည်း မေ့လောက်ရှိပြီလို့ ကိုသက်ပန်ယူဆထားလိုက်သည်။
သင်္ဘောဆိပ်ကမ်းကပ်ပြီးသည့် ညမှာပဲ အုလပ်အားသူအားလုံး (SEA MEN MISSION) သို့ ပြေးကြတော့သည်။ တစ်ဥိးက စေတနာ၊ တစ်ဦးက မေတ္တာဆိုသလို မစ်ရှင်မှ ဖာသာနှင့်ဝန်ထမ်းများကို ခင်မင်မှု သံယောဇဉ်အမျှင်တန်းမိခဲ့ကြပြီကိုး။ မစ်ရှင်ကိုရောက်လာတော့ ဖာသာခမျာ လှိုက်လှဲစွာ ကြိုဆိုရှာသည်။ ကော်ဖီ၊ ဘီယာနှင့် ပြုစုပါသည်။ ကိုသက်ပန်လည်း ဖာသာနျင့် စကားအနည်းငယ်ပြောဆိုပြီး နံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားများကို ဘီယာသောက်ရင်း အရသာခံနေမိသည်။ တစ်နေရာအရောက်တွင် မျက်စိအစုံက သံမှိုစွဲသလို ဘယ်ကိုမျှ မရွေ့တော့။
“အလို...မိမိတို့ (M.V.SEA ROSE) သင်္ဘောသားများ အဖွဲ့လိုက်ရိုက်ထားသော ဓာတ်ပုံကြီးပါလား...ကြည့်စမ်းပါဦး...ခမ်းခမ်းနားနားနဲ့ကို နံရံမှ ချိတ်ထားပေးတာ...ဘယ်ကလောက် ချစ်ဖို့ကောင်းတဲ့ ဖာသာလဲလို့...”
“ဟိုက်...နေပါဦး...အောက်ကစာက ဘာများပါလိမ့်...မှန်း...ဖတ်ကြည့်စမ်းမယ်...”
အောင်မယ်လေးဗျာ...သွားပါပြီ၊ ရေးထားတဲ့စာက မြန်မာလိုပြန်လျှင်သည်လို အဓိပ္ပာယ်ထွက်ပါသည်။
ဤဓာတ်ပုံပါ ( M.V.SEA ROSE) သင်္ဘောမှသင်္ဘောသားများသည် ဤမြို့မှ အလေ့ကျပေါက်သောမှိုများကို ချက်ပြုတ်စားခဲ့သဖြင့် အဆိပ်မိကာ ဆေးရုံသို့ တင်ပို့ကုသခဲ့ကြရကြောင်း လမ်းဘေးပေါက်သော မှိုများကို မစားသုံးသင့်ကြောင်း သတိပေးတာမြစ်ထားခြင်းပါခင်ဗျာ့။ ကိုသက်ပန်တို့ စားမိခဲ့သောမှိုကို ဓာတ်ပုံရိုက်ပြိး ပုံကြီးချဲ့ပြထားသေးကိုး ခင်ဗျ။
သွားပါပြီ...ရှိသမျှသိက္ခာ။ ဖာသာရယ်လုပ်ရက်ပါပေ့။
နောက်နောင် ကိုသက်ပန်တို့ ညီအစ်ကိုတော် ရွှေမြန်မာသင်္ဘောသားများ သြစတေးလျနိုင်ငံ ပို့ကန်ဘလာမြို့ကလေးမှ (SEA MEN MISSOIN) ကိုရောက်ခဲ့ပါလျှင် ကိုသက်ပန်တို့၏ မှိုသက်သေဓာတ်ပုံကြီးကို ၀င်ရောက်ကြည့်ရူနိုင်ပါကြောင်း။
မှတ်ချက်။ ။ မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းတို့လည်း အသွားမတော်တစ်လှမ်းဆိုသလို၊ အစားမတော် တစ်လုပ်တဲ့ အစားအသောက်ကိုမစူးစမ်းမဆင်ခြင်ပဲ စားလိုက်မည်ဆိုပါက အသက်အန္တာရာယ်ထိခိုက်နိုင်ပါကြောင်း ဟာသနှော၍ ပညာပေးလိုက်ပါတယ်။
လာရောက်ဖတ်ရူသူမိတ်ဆွေအားလုံးပဲပျော်ရွှင်ကျန်းမာအသက်ရှည်နိုင်ကြပါစေလို့ဆုတောင်းလျှက်....

No comments:

Post a Comment