ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 24 October 2012

ဥက္ကဋ္ဌ သြမကအခွဲ

(ဥက္ကဋ္ဌ = အမြတ်။ သြမက = အညံ့။) ပြခဲ့ပြီးသော ဒွိဟတ်၊ တိဟိတ် ကုသိုလ်စိတ်တို့၌ ရှေ့ပုဗ္ဗစေတနာအခိုက်တုန်းကဖြစ်စေ၊ လှူပြီးနောက် အပရစေတနာအခိုက်မှာဖြစ်စေ ကုသိုလ်စေတနာခြံရံနေလျှင် (အကုသိုလ်မဖြစ်ဘဲ ကုသိုလ်စိတ်တွေ ရှေ့နောက်ပါနေလျှင်) မြင့်မြတ်သော ဥက္ကဋ္ဌ ကုသိုလ်ဖြစ်၏။ မလှူမီရှေ့အဖို့နှင့် လှူပြီးနောက်အဖို့ အကုသိုလ်များ ခြံရံနေလျှင် ညံ့ဖျင်းသော သြမကကုသိုလ်ဖြစ်၏။

ရှေ့နောက် ကုသိုလ် အကုသိုလ် “ခြံရံ”ဟူရာ၌ ထိုကုသိုလ်နှင့် စပ်၍ ပုဗ္ဗစေတနာ အပရစေတနာတို့အခိုက်မှာ ကုသိုလ်စိတ်ဖြစ်မူ၊ အကုသိုလ်စိတ်ဖြစ်မူကို “ခြံရံသည်”ဟု ဆိုလိုသည်။ ထိုကုသိုလ်နှင့် မစပ်ဘဲ အလွတ်သက်သက်ဖြစ်သော ကုသိုလ် အကုသိုလ်တို့ကို “ခြံရံ”ဟု မဆိုရ။ ဥပမာ - အလှူပေးခါနီး ရှေ့အဖို့၌ ကြွေးတောင်းမရ၍ မြီစားကို တရားစွဲကာ ဒေါသအကုသိုလ် ဖြစ်၏။ သို့သော် အလှူပေးဖို့ ကိစ္စ၌ကား စိတ်မပျက်။ အလှူပေးပြီးနောက် အလှူကို ၀မ်းမြောက်၏။ အပရစေတနာ ထက်သန်၏။ သို့သော် ထိုအလှူနှင့် မဆိုင်သော ကိစ္စ၌ကား လောဘ၊ ဒေါသ ဖြစ်ရ၏။ ဤသို့ အလှူနှင့် မဆိုင်သော အရာဝယ် ဖြစ်သမျှ အကုသိုလ်ကား အလှူကုသိုလ် ယုတ်ညံ့အောင် မနှောက်ယှက်ပါ။

ဤစကားအရ အချုပ်ကား - ပုဗ္ဗစေတနာ အပရစေတနာ ထက်သန်သော တိဟိတ် ကုသိုလ်သည် “ တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်” ဖြစ်၏။ ပုဗ္ဗစေတနာ ဖြစ်စေ၊ အပရစေတနာ ဖြစ်စေ တစ်ခုခုချို့တဲ့လျှင် “တိဟိတ်သြမက ကုသိုလ်” ဖြစ်၏။ နှစ်ခုစလုံး ချို့တဲ့လျှင်သာ၍ “တိဟိတ်သြမက” ဖြစ်၏။ ဒွိဟိတ် ဥက္ကဋ္ဌ ဒွိဟိတ်သြမက ဖြစ်ပုံလည်း ဤနည်းအတိုင်း မှတ်ပါ။ (ပုဗ္ဗ-မုဉ္စ-အပ္ပရ စေတနာ ၃-မျိုး၊ တိဟိတ်ဒွိဟိတ် ကုသိုလ် ၂-မျိုး၊ ဥက္ကဋ္ဌ သြမက ကုသိုလ် ၂-မျိုး အခွဲကို သီလစသော ကုသိုလ်များ၌လည်း ရနိုင်၏။)
ဆောင် -
၁။ ကုသိုလ် ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဉာဏ်ယှဉ်ဘိ၊ တိဟိတ် ကုသိုလ်ခေါ်။
၂။ ကုသိုလ် ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဉာဏ်မရှိ၊ ဒွိဟိတ် ကုသိုလ်ခေါ်။
၃။ ရှေ့နောက် နှစ်ရပ်၊ ကုသိုလ်ညှပ်၊ ဥက္ကဋ္ဌ အမြတ်ခေါ်။
၎။ ရှေ့နောက် နှစ်တန်၊ အကုခြံ၊ ညံ့ဟန် သြမကခေါ်။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment