စိတ်ရောကိုယ်ပါ သွက်လက်ခြင်း မရှိဘဲ ထိုင်းတိုင်းတိုင်း ဖြစ်ခြင်းကို “ထိန”ဟု လည်းကောင်း၊ မိုင်းတိုင်းတိုင်း ဖြစ်ခြင်ကို “မိဒ္ဓ”ဟုလည်းကောင်း ခေါ်၏။ ထို့ကြောင့် “ထိုင်းခြင်း ထိန၊ မိုင်း မိဒ္ဓနှင့်”ဟု ဆိုခဲ့သည်။ ဤစေတသိက်နှစ်ပါးသည် အတူ ဖြစ်ရိုးတည်း။ ဤ ၂-ပါးဖြစ်သည့်အခါ လုံ့လ၀ီရိယကင်း၍ ပျင်းရိသလို ဖြစ်နေ၏။ ဆိုင်ရာ အလုပ်ကိစ္စ၌ ထက်ထက်သန်သန် မရှိဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေ၏။ ဤ ၂-ပါးဖြစ်ပုံသည် အိပ်ပျော်ခါနီးအခါ၊ တရားနာရင်း ငိုက်သည့်အခါတို့၌ ထင်ရှား၏။
အိပ်ချင်တိုင်းလည်း ထိန မိဒ္ဓ မဟုတ်။ တချို့ အိပ်ချင်မူမှာ အလုပ်အကိုင် ပင်ပန်းသဖြင့် ခန္ဓာကိုယ် ညိုးနွမ်းမူကြောင့် ဖြစ်ရလေသည်။ ထိုအိပ်ချင်မူမျိုးကား ရဟန္တာများ၌လည်း ဖြစ်ရလေသည်။ နေပူမိသဖြင့် ညိုနွမ်းသောသစ်ပင်များလည်း တွန့်ကာရူံ့ကာ အိပ်ချင်လာသကဲ့သို့ ဖြစ်ကြရလေသည်။ ထို့ကြောင့် အိပ်ချင်တိုင်း ထိနမိဒ္ဓ မဟုတ်။ ထိုထိုကိစ္စတို့၌ စိတ်နှင့် စေတသိက်များ ထက်ထက်သန်သန် မရှိလှဘဲ တွန့်ဆုတ်ခြင်း၊ ထိုင်းမိုင်းခြင်းကိုသာ ထိနမိဒ္ဓဟု မှတ်ပါ။ ယခုကာလ၌လည်း အလုပ်အကိုင်ပျင်း၍ ထိုင်းမိုင်းနေသူကို “တယ်…..ထိနမိဒ္ဓ အားကြီးတဲ့လူ”ဟု ပြောစမှတ်ပြုကြသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment