ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 28 October 2012

ပါဏာတိပါတ၀ိရတိ

r
သီလအလုပ်ကား သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်တည်း။ ချဲ့ဦးမယ် - “ပါဏာတိပါတာ ဝေရမဏိ” စသော သိက္ခာပုဒ်သီလများကို မစောင့်ထိန်းဘဲ တွေ့ကရာကို သတ်နေလျှင် အသတ်ခံရသော သတ္တ၀ါမှာ မည်မျှဆင်းရဲမည်ကို စဉ်းစားကြည့်ပါလော့။ ထိုသိက္ခာပုဒ် သီလတစ်ခုမစောင့်ထိန်းဘဲ သတ်ချင်တိုင်း သတ်နေကြသည့်အတွက် မြစ်ထဲ၌ ငါးပေါင်းမည်မျှ၊ မြို့ရွာတို့၌ နွား ကျွဲ ဆိတ် ၀က် ကြက် ငှက် စသော သတ္တ၀ါပေါင်းမည်မျှ အသတ်ခံရ၍ သတ်ခါနီး၌ မည်မျှဆင်းရဲရှာကြမည်ကို လည်းကောင်း၊ လူအချင်းချင်း ရက်စက်စွာသတ်မူမှစ၍ စစ် အကြီးအကျယ် ခင်းလျက် သွေးခြင်းခြင်းနီအောင် သတ်နေကြသဖြင့် ကမ္ဘာအရပ်ရပ်ဝယ် စစ်ဖြစ်တော့မည် ကြားကတည်းက မည်မျှဆင်းရဲရှာကြမည်ကို လည်းကောင်း၊ မျက်မြင်နားကြားဖြင့် စဉ်းစားကြည့်သောအခါ ပါဏာတိပါတ သီလတစ်ပါးကို မစောင့်ထိန်းနိုင်ရုံမျှဖြင့် တစ်ယောက် နှစ်ယောက်စ၍ ကမ္ဘာသူကမ္ဘာသားများတိုင်အောင် ဆင်းရဲဒုက္ခများပုံကို မြင်ကြရသည် မဟုတ်ပါလော။


ပါဏာတိပါတမှ ရှောင်ကြဉ်၍ ပါဏာတိပါတ၀ိရတိသီလကို စောင့်ထိန်းလျှင်ကား သတ်ပုတ် ရိုက်နှက် နှိပ်စက် ညှဉ်းပန်းခံရ၍ မျက်ရည်တလည်လည်နှင့် အားငယ်ကြရသော ဆင်းရဲ၊ မချိမဆံ့ ခံစားရသော ဆင်းရဲမှ ကယ်ဆယ်ရာ ရောက်သောကြောင့် ဤသီလကို ၁-ယောက်စောင့်လျှင် တစ်ယောက်အတွက်၊ ၂-ယောက် ၃-ယောက်စောင့်လျှင် ၂-ယောက် ၃-ယောက်အတွက်၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး စောင့်လျှင် ကမ္ဘာသူကမ္ဘာသားအားလုံးအတွက် ထိုဆင်းရဲမျိုး မရကြတော့ဘဲ တွေ့ရာမြင်ရာ သတ္တ၀ါတို့ အပေါ်၌ မေတ္တာ ကရုဏာ မုဒိတာ တရားတွေ စိုစိုပြည်ပြည် ဖြစ်လျက် အလွန်ကျက်သရေရှိ၍ ပျော်ဖွယ်ကောင်းသော ကမ္ဘာကြီး ဖြစ်နေပေလိမ့်မည်။

နိုင်းယှဉ်ချက်

ဤပါဏာတိပါတ သီလတစ်ပါးတည်းပင် ဒါနနှင့် နိုင်းယှဉ်ကြည့်မူ သီလက သာလွန်မြင့်မြတ်ကြောင်း ထင်ရှားနေပေပြီ။ ဤနေရာဝယ် သူတစ်ပါးက တစ်စုံတစ်ရာပေး၍ စိတ်ချမ်းသာနေသူ တစ်ယောက်နှင့် အသတ်ခံရမည့်ဆဲဆဲမှ လွတ်လာ၍ နိုင်းယှဉ်ကြည့်လျှင် တစ်စုံတစ်ရာရ၍ စိတ်ချမ်းသာသူ၏ ချမ်းသာပုံထက် အသက်ဘေးမှ လွတ်လာသူ၏ ချမ်းသာပုံက ဆတက်ထမ်းပိုးမက အဆရာထောင် သာလွန်နေမည်ကို စဉ်းစားတတ်သူတိုင်း ၀န်ခံပါလိမ့်မည်။ အစာမရလျှင် သေရတော့မည့်သူကို အစာကျွေးသဖြင့် စိတ်ချမ်းသာမူသော်မှလည်း အသတ်ခံရတော့မည့်ဘေးမှ လွတ်မြောက်ခွင့်ရခဲ့သူ၏ စိတ်ချမ်းသာမူကို မီနိုင်မည်မဟုတ်ပါ။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment