ယုံကြည်ခြင်းသဘောတရားသည် သဒ္ဓါတည်း။ ထို့ကြောင့် “ယုံကြည်တတ်လေ့၊ သဒ္ဓါငွေ့တည်း”ဟု ဆိုခဲ့ပေသည်။ “ယုံကြည်”ဟူရာ၌ ယုံအတွက် အဓိပ္ပာယ်တစ်ရပ်၊ ကြည်အတွက် အဓိပာယ်တစ်ရပ် ၂-မျိုးခွဲ၍ မှတ်ရမည်။
ဒိဋ္ဌိသည် ကံတရားမရှိ၊ ကံ၏ကောင်းကျိုးဆိုးကျိုးမရှိ။ လွန်ခဲ့သောကာလက မိမိတို့ ဖြစ်ခဲ့ရသော ဘ၀ဟောင်းဟူ၍ မရှိ၊ ယခုဘ၀သေလျှင် နောက်ထပ်ဖြစ်ဖို့ ဘ၀သစ်လည်း မရှိ။ ဤဘ၀ ထိုဘ၀ ဓမ္မအားလုံးကို သိနိုင်သော လူဘုရားမရှိ၊ တရားမရှိ၊ သံဃာမရှိ။ ဤသို့ စသည်ဖြင့် ယူမှား၏။ ထိုကံစသည်ကို လုံးဝမယုံချေ။ ၀ိစိကိစ္ဆာမှာ မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ယုံမှားသံသယဖြစ်နေ၏။ ဤသဒ္ဓါကား “ကံ-ကံ၏အကျိုးစသော အရာစုကို ဧကန်ရှိ၏”ဟုယုံသည်။ ဤ ယုံသောသဒ္ဓါကို “သဒ္ဓါမောက္ခ = ယုံသောအားဖြင့် ဆုံးဖြတ်ခြင်းသဘော”ဟုလည်း ကျမ်းဂန်တို့၌ ဆို၏။ ဤသို့ အမှန်ရှိသော အကြောင်းအရာ၌ ယုံခြင်းကိုသာ သဒ္ဓါအစစ် ကုသိုလ်ဖြစ်သည်ဟု မှတ်ပါ။
ကြည်ပုံ
ကြည်ပုံ
စွန့်ကြဲပေးကမ်း လှူဒါန်းနေရာသောအခါ၊ သီလဆောက်တည်၍ ကမ္မဋ္ဌာန်း စီးဖြန်းသောအခါ၊ ထိုထို အကုသိုလ်ဆိုင်ရာ ကိစ္စကို ပြုနေရသောအခါ စိတ်၌ ကြည်လင်သော သဒ္ဓါဖြစ်နေ၏။ နောက်ကျုသော ရေခွက်၌ ပတ္တမြားရတနာကို ထည့်လိုက်သောအခါ အနယ်အမူန်တွေ အောက်ကျ၍ ရေသည် ကြင်လင်လာသကဲ့သို့ စိတ်၌ ပတ္တမြားရတနာနှင့် တူသော သဒ္ဓါဖြစ်ပေါ်လာသောအခါ ၀ိစိကိစ္ဆာစသော ကိလေသာ အနောက်အကျု ကင်းကွာ၍ စိတ်ကြည်လင်လာပေသည်။ ထိုကဲ့သို့ စိတ်ကို ကြည်လင်အောင် ပြုနိုင်သော သဘောကား ဤသဒ္ဓါပင်တည်း။
ထို့ကြောင့် တချို့ တိရစ္ဆာန်များနှင့် ကလေးသူငယ် စသူတို့မှာ ကံ-ကံ၏အကျိုး စသည်ကို နားမလည်၍ ယုံသဒ္ဓါဖြစ်ဖို့ ခဲယဉ်းသော်လည်း လူကြီးများ ပြုမူပုံကို အတုလိုက်၍ ဘုရားသံဃာကို ရှိခိုးနေသောအခါ၊ သူတစ်ပါးကို ပေးကမ်းနေသောအခါ၊ သူတစ်ပါး အကျိုးဆောင်နေသောအခါများ၌ စိတ်ကိုကြည်လင်စေနိုင်သော ကြည်သဒ္ဓါကား ဖြစ်နိုင်ကြပေသည်။ မိစ္ဆာအယူရှိသူများလည်း ဆေးရုံအတွက်၊ သူအိုရုံအတွက်၊ နူနာရုံအတွက်၊ မိဘမရှိသော ကလေးများအတွက်၊ ကောင်းသော ပညာရေးအတွက် ပေးကမ်းစွန့်လှူကြရာ၌ ကြည်သဒ္ဓါအစစ် ကုသိုလ်ဖြစ်ကြပေသည်။
အမှာ။ ။ဤ သဒ္ဓါအစစ်ရှိသူ၏ အပြုအမူများကို ပိုမို၍ နားလည်ဖို့ရာ စရိုက်အခန်းမှာလာမည့် သဒ္ဓါစရိုက်၏ အကြောင်းကို ဆက်လက်၍ ကြည့်ရူပါကုန်။
သဒ္ဓါအတု
သဒ္ဓါအတု
ဤပြခဲ့သော သတိထား၍ စဉ်းစားပြီးလျှင် သဒ္ဓါတရားအစစ်ဟူသည် အပြစ်ကင်း၍ သန့်သန့်ရှင်းရှင်း ယုံကြည်ခြင်း၊ မှန်ကန်သော အကြောင်းအရာများကို ယုံခြင်းဟု နားလည်လောက်ပါပြီ။ ဘုရားက ရောင်ခြည်တော် မလွှတ်ပါဘဲ “ရောင်ခြည်တော်လွှတ်သည်”ဟု ဘုရားကို မှီစားနေသူတို့က လိမ်ပြောသည်ကို ယုံမူ၊ ဓာတ်တော် အစစ်မဟုတ်ဘဲ ဓာတ်တော်အစစ်ဟု ပြောသည်ကို ယုံမူ၊ မိစ္ဆာအယူရှိသူများ၏ မိမိတို့ အယူဝါဒကို ယုံမူ စသော အလွဲအမှားယုံမူများသည် သဒ္ဓါအစစ် မဟုတ်ပါချေ။ ရိုအညံ့ဖျင်း အသိဉာဏ်ကင်းသော မောဟ အကုသိုလ်သာ ဖြစ်သည်။
ထို့ပြင် အပြောကောင်း၊ အသံကောင်း၊ ရုပ်ကောင်း၊ အကျိုးဆောင်ကောင်း၊ ဆေးကောင်း ၀ါးကောင်း စသော အကောင်းရှိသည့် ရသေ့ရဟန်းကို “ကြည်ညိုလှပါသည်”ဟု ပြောဆိုကြသော မိန်းမများနှင့် ယောက်ျားအချို့၏ ကြည်ညိုမူလည်း သဒ္ဓါအစစ်မဖြစ်နိုင်။ ရင်းနှီးမူ တဏှာပေမ မကင်းသော မောဟပင်တည်း။ ထိုကဲ့သို့ သဒ္ဓါအတုမျိုးကို ကျမ်းစာတို့၌ “မုဒ္ဓပ္ပသန္န”ဟု ဆို၏။ (မုဒ္ဓ=ဖျင်းအသော + ပသန္န= ကြည်ညိုမူ)။
သတိပေးချက်။ ။ယခုခေတ် အညာအဖြန်း ပေါများသောခေတ် ဖြစ်၏။ ဘာသာခြားတို့၌ တရားဆန်းတွေ ပေါများနေသည့်အပြင် ဗုဒ္ဓဘာသာ
* ယော ဗလ၀တိယာ သဒ္ဓါယ သမန္နဂတော အ၀ုသဒညာဏော သော မုဒ္ဓပ္ပသန္နာ ဟောတိ န အဝေစ္စ ပသန္နော၊ တထာဟိ အ၀တ္ထုသိံ္မ ပသီဒတိ၊ သေယျထာပိ တတ္ထိယာ။ (ဧကနိပါတ် အင်္ဂုတ္တရဋီကာ)
ဆိုသူတို့အတွင်းမှာလည်း တရားအဆန်း၊ ကမ္မဋ္ဌာန်းအဆန်း၊ ဆေးဝါးအဆန်းတို့ဖြင့် မျိုးမျိုးဖြန်းကာ ပြခဲ့သော မုဒ္ဓပ္ပသန္န သမားရိုးရှာသူများကို လှည်စား ဖြားယောင်းလျက်ရှိသည်။ ထို ပုဂ္ဂိုလ်များကို လှူဒါန်းပေးကမ်းနေရာ၌ သဒ္ဓါပေးမဟုတ်။ တဏှာ အချစ်ပေး၊ အဖျင်းအနပေးသာ များလေသည်။
ထိုအဆန်းအပြား ဉာဏ်သမားတွေကို ပညာရှိ ပုဂ္ဂိုလ်များက “အရေးမစိုက်လောက်ဘူး”ဟု သဘောထားကြသည့်အတွက် ထိုအဆန်းသမားတွေ အိမ်ဦးတက်လျက် ရှိကြလေပြီ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တရားဘက်ဆိုင်ရာဝယ် မိန်းမတွေသာ ခေါင်းဆောင်လုပ်နေကြ၏။ ထို့ကြောင့် ဘယ်ကိစ္စမဆို ယုံသင့် မယုံသင့် နိုင်းချင့်ဖို့ရာ ဘာသာရေးနှင့်ဆိုင်သော အသိဉာဏ်အလိမ္မာကို ယခု လက်ရှိ အခြေအနေထက် တိုးပွားအောင် (မိန်းမတွေကစ၍) ကြိုစားသင့်ကြပါသည်။
သဒ္ဓါနှင့်ပေမ ရောနှောပုံ
သဒ္ဓါနှင့်ပေမ ရောနှောပုံ
ယခုကာလ အချို့သော သူတော်ကောင်းများ၌ သဒ္ဓါနှင့်ပေမ ရောနှောနေသည်ကိုလည်း တွေ့ရ၏။ အနေအထိုင်နှင့် အပြောအဟော အဆုံးအမ ကောင်းမွန်သော ပုဂ္ဂိုလ်အပေါ်တွင် အနေအထိုင်နှင့် အပြောအဟောအတွက် ကြည်ညို၏။ သဒ္ဓါတရားဖြစ်၏။ မိမိကို သွန်သင်ဆုံးမသည့်အတွက် ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်၏။ ဤသို့ ဖြစ်ရာ၌ ကြည်ညိုခြင်းသဘောသည် သဒ္ဓါ၊ ချစ်ခင်ခြင်းသဘောသည်ကား ပေမတည်း။ ဘုရားရှင်ကို ကြည်ညိုသော ၀က္ကလိသည်ပင် ဘုရားရှင်ကို ချစ်ခင်ကြည်ညို၏။ ဆန္နအမတ်ဟု အများသိကြသော ငယ်ကျွန်ရင်း ဆန္နမထေရ်လည်း ဘုရားရှင်အပေါ်မှာ သခင်ချစ် ချစ်နေရှာသည်။
ထိုသို့ ဖြစ်ရာ၌ သဒ္ဓါသဘောက ကုသိုလ်အစစ်ဖြစ်သော်လည်း သံယောဇဉ်ပေမမှာ အကုသိုလ်သာတည်း။ ထိုသံယောဇဉ်အတွက် ပုဂ္ဂိုလ်ခင်၍ တရားမင်းကာ အသိအလိမ္မာနှင့် ကုသိုလ်ပါရမီ တိုးပွားပါမူ “အကုသလော ဓမ္မော၊ အကုသိုလ်တရားသည်။ ကုသလဿဓမ္မဿ၊ ကုသိုလ်တရားအား။ ဥပနိဿ ပစ္စယေန၊ ပကတူပ နိဿယ ခေါ်သော ပဋ္ဌာန်းပစ္စည်းတစ်မျိုးဖြင့်။ ပစ္စယော၊ ကျေးဇူးပြုနိုင်၏” ဟူသော ပဋ္ဌာန်းပါဠိတော်နှင့်အညီ အကုသိုလ်ကလေးက များစွာသော ကုသိုလ်အား ကျေးဇူးပြုဖို့ အကြောင်း အကောင်းပင်ဖြစ်၏။ ထိုကဲ့သို့ အကောင်းဖြစ်အောင်လည်း ဆရာသမားဖြစ်သူက စေတနာရင်းဖြင့် ဟောပြောဆုံးမ၍ တပည့်ဖြစ်သူကလည်း ဟောပြောသမျှ လိုက်နာမှ အကျိုးပေးမည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment