
အမေ...
ကောင်းကင်ကကြယ်တစ်ပွင့်လို အမြဲတောက်ပနေတဲ့ ကျွန်မတို့ရဲ့အမေ။
သားသမီးတွေအတွက် လုံခြုံမှုကိုပေးတဲ့ အမေ။
သားသမီးတွေအတွက် အလင်းရောင်ပေးတဲ့အမေ။
သောကလှိုင်းတံပိုးအောက်မှာ လူးလှိမ့်ရင်း ကျွန်မတို့ကို ခွန်အားတွေ ပေးခဲ့တယ်။
ဒုက္ခဆူးတွေကို နင်းဖြတ်ပြီး "သတ္တိ" ရှိရှိ ရင်ဆိုင်ရဲတဲ့ အမေ။
နှလုံးသားမှ နာကျင်မှုတွေ ဒဏ်ရာဒဏ်ချက်တွေကို တစ်ဆစ်စီ ချိုးဖဲ့ပြီး
ကျွန်မတို့အတွက် အရာရာကို ရင်ဆိုင်ရဲတဲ့ အမေ။
အမြဲတမ်းကောင်းကင်ကို မော့ကြည့်ရင်း အမေရှိနေတယ်။
သစ်ပင်သစ်တောအုပ်ထဲမှာ အမေရှိတယ်။
စိမ်းလန်းတဲ့ သစ်တောတွေလို သားသမီးတွေရဲ့ဘ၀ကို စိုပြေစိမ်းလန်းဖို့
ကြိုးစားတဲ့အမေ။
အေးမြတဲ့ရေလို ဘ၀ကို အေးချမ်းစေတဲ့အမေ။
အမေ....
အမေရဲ့ မေတ္တာတရားတွေ၇ဲ့ ကြီးမားကျယ်ပြန့်မှု
အမေ့စေတနာတွေနဲ့ ဖြန့်ကျက်မှု
အဲဒီပေးဝေမှုတွေနဲ့ သားသမီးတွေ ခရီးရှည်ကြီးကို ဆက်သွားနေကြတယ်။
အမေရှိနေရင်...
ကျွန်မတို့မှာ ခွန်အားတွေ အပြည့်ရှိတယ်။
အမေရှိနေရင်...
ကျွန်မတို့မှာ စွမ်းအားတွေ ရှိနေတယ်။
တောက်ပတဲ့ အမေ့ရဲ့ မျက်ဝန်းထဲမှာ တိကျမှုတွေ ရှိတယ်။
ရိုးသားမှုတွေ ရှိတယ်။
ထက်မြက်မှုတွေ ရှိတယ်။
အဲဒီမျက်လုံးတွေနဲ့ သားသမီးတွေ၇ဲ့ ရည်မှန်းချက်တွေကို ခိုင်မာစေခဲ့တယ်။
အမေ...
အမေ့ရဲ့ ပါးလျတဲ့ နှုတ်ခမ်းထက်မှာ
ခွန်အားရှိစေတဲ့ စကားလုံးတွေ ပေးဝေနေတယ်။
လက်ဆတ်တဲ့ တွေးခေါ်မှုတွေနဲ့ အမေရဲ့တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေရှိတယ်။
အမေ့ရဲ့ စကားပွင့်တိုင်းက သားသမီးတွေရဲ့ ရင်ကို အေးမြစေပါတယ်။
အမေ...
စူး၇ှထက်မြက်မှု
တိကျမှန်ကန်မှု
စေတနာ၊ မေတ္တာတို့နဲ့ သားသမီးတွေကို လက်တွဲခေါ်တဲ့အခါ...
အင်အားပြည့် အမေ့လက်ကိုတွဲလို့ ခရီးဆက်ပါမယ်။
မယိမ်းယိုင်တဲ့ အမေ့နှလုံးသားထဲက ဆုံးဖြတ်မှုတွေနဲ့ ဘ၀တွေကို ရင်ဆိုင်ပါမယ်။
အမေ...
ကျွန်မတို့ မောပန်းတဲ့အခါ
အမေ ကျွန်မတို့ ပင်ပန်းလွန်းတဲ့အခါ။
အမေ...
ကျွန်မတို့ရင်မှာ နာကျင်တဲ့အခါ
အမေရဲ့ အလင်းရောင်နဲ့ ကျွန်မတို့ ကုစားပါမယ်။
အမေပေးတဲ့ ခွန်အားတွေနဲ့ ခရီးဆက်ပါမယ်။
လောကဓံလှိုင်း အနိမ့်ထဲမှာ လူးလှိမ့်ရင်ဆိုင်နေတဲ့ အမေ့၇ဲ့ဇွဲကို အတူယူပါမယ်။
ကျွန်မတို့ ရင်ဆိုင်ရတဲ့အခါ
အမေ့၇ဲ့ အလင်းရောင်နဲက ဘ၀ကို ရဲဝံ့စွာ ဆက်လျှောက်ပါမယ်။
ကြယ်ပွင့်လေး မေမေ...
လမိုက်ညတွေမှာလည်း အလင်းကို ပေးနိုင်ခဲ့ပါတယ်။
လမင်းကြီး ကိုယ်စား
သားသမီးတွေ၇ဲ့ကိုယ်စား
ဘ၀ရဲ့နာကျင်မှု
လောကဓံရဲ့ ရိုက်နှက်မှုတွေကို အမေရင်ဆိုင်ခဲ့တယ်။
အဲ့ဒါ အမေ...
နှလုံးသွေးတွေ နှလုံးခုန်နှုန်းတွေ မရပ်မချင်းပေါ့။
အမေနဲ့အတူ ဘ၀ရဲ့ တိုက်ပွဲများစွာကို ရင်ဆိုင်ပါမယ်။ အခက်အခဲများစွာကို
ရင်ဆိုင်မယ်။
အမေ...
ထွက်သက်ဝင်သက်တိုင်းမှာ အမေရှိနေပါတယ်။
ကျေးဇူးတရားတွေကို စုပုံခဲ့မယ်ဆိုရင် မြင့်မိုရ်တောင်ထက် မြင့်မားစေတဲ့ အမေပါ။
ကမ္ဘာကြီးထက် ကြီးမားတဲ့ အမေရဲ့စေတနာ။
ပင်လယ်ပြင်ထက် နက်ရိုင်းတဲ့ အမေရဲ့မေတ္တာ။
မှန်ကန်တဲ့ သစ္စာတရားကို လက်ကိုင်ထားတဲ့ အမေ...
စာမဖွဲ့နိုင်တဲ့ ကျေးဇူး၇ှင်အမေ...
ကျွန်မတို့ရဲ့ ရှေ့မှာ မတ်မတ်ရပ်ပေးပါဦးအမေ။
အမေရဲ့ အရိပ်....
အမေရဲ့ လမ်းပြမှုတွေနဲ့ ကျွန်မတို့အသက်ဆက်ရှင်ပါမယ်။
အမေ...ကျွန်မတို့အတွက် မိခင်ကောင်းတစ်ယောက်
ကျွန်မတို့အတွက် မိတ်ဆွေကောင်းတစ်ယောက်
ကျွန်မတို့အတွက် ဖန်ဆင်းရှင်
ကျွန်မတို့အတွက် တန်ခိုးရှိ
အမေဆိုတာ ကျွန်မတို့အတွက်
ကျွန်မတို့အတွက်ဆိုတာ အမေ
ကြယ်လေး မေမေ
လမင်း မေမေ
သီတာ မေမေ
(အေးချမ်းအိမ်သူ)
မေမေချစ်သူများအတွက်ပါ..မြင်ကွင်းစာအုပ်လေးဖတ်ဖြစ်တာ
ခံစားချက်လေးနဲ့တိုက်ဆိုင်သွားလို့ပါ..အမေချစ်သူအားလုံးအတွက် မျှဝေလိုက်ပါတယ်။
No comments:
Post a Comment