ဇီးကွက် လင်မယားက Beauty Salon တစ်ခုဖွင့်ထားတယ်လေ အဲဒီတုန်းကဇီးကွက်တွေက နေ့ဘက်လည်းအပြင်ထွက်ကြတယ် သူတို့ဆိုင်ကငှက်အသိုင်းအ၀ိုင်းထဲမှာတော့နာမည်ကြီးဆိုပဲ ငှက်မော်ဒယ်မလေးတွေ ငှက်မင်းသားမင်းသမီးတွေနဲ့ အမြဲကိုပြည့်နေတာတဲ့။
တစ်နေ့တော့ သူတို့ဆိုင်ရှေ့ကို စတိုင်အရမ်းမိုက်တဲ့ကားတစ်စီးကထိုးရပ်လိုက်ပါတယ်။
ကားကသိပ်လှတော့အားလုံးက ၀ိုင်းကြည့်ကြတာပေါ့နော်။
ကားပေါ်ကနေဆင်းလာတာကတော့ အသားဖြူဖြူ ဒီဇိုင်းမိုက်မိုက် ကျီးစုံတွဲတစ်တွဲပါ။
အသားဖြူဖြူ ဆိုလို့ ရယ်မနေကြပါနဲ့နော် အဲဒီတုန်းက ကျီးတွေက ခုလိုအသားမမည်းကြပါဘူး။
သူတို့နှစ်ယောက်က နေကာမျက်မှန်တွေလည်းတပ်လို့ R ကြီးဒီဇိုင်းနဲ့သိပ်ကိုလန်းနေကြတာပေါ့လေ။
ဆိုင်ထဲရောက်တာတောင် သူတို့ကမျက်မှန်ကိုမချွတ်ကြဘူးဗျ။
ဇီးကွက် တွေက ဘာများလုပ်ချင်ပါသလဲဆိုတော့ ကျီးမလေးကပြောတယ် ဆံပင်ကာလာပြောင်းချင်တာတဲ့ ဘာအရောင်များပြောင်းချင်တာလဲဆိုတော့ တစ်ရောင်ထဲမဆိုးချင်ဘူးတဲ့ Highlight ဖောက်ပြီးဆိုးမှာ ဆိုးတဲ့အရောင်ကလည်းအဓိပ္ပါယ်ရှိရမယ်နော်တဲ့။
ပညာရှိမျိုးရိုးကဆင်းလာတဲ့ ဇီးကွက်ပဲလေ ဒီတော့စိတ်ချပါ အရောင်တစ်ရောင်ချင်းဆီမှာအဓိပါယ်တွေနဲ့ပြည့်နေစေရပါမယ်လို့ ကတိပေးလိုက်တယ်လေ။
ကျီးမလေးလည်း အိတ်ထဲက i pod လေးထုတ်နားမှာတပ်ပြီး သီချင်းနားထောင်ရင်း ဆံပင်ဆေးဆိုးခံနေတယ်တဲ့လေ မျက်မှန်ကိုတော့သူကလုံးဝမချွတ်ဘူးဆရာ။
ကျီးကောင်လေးကိုလည်း ဘာလုပ်ချင်ပါသလဲသွားမေးတာပေါ့နော် ဇီးကွက်အထီးကလေ။
ကျီးက ဆေးမင်ကြောင်ထိုးချင်တာတဲ့ လှလည်းလှရမယ် အချိန်ကုန်လည်းမခံနိုင်ဘူး သိပ်လည်းမနာစေနဲ့တဲ့ ဘာပုံများထိုးချင်တာလဲဆိုတော့ တရုပ် နဂါးပုံတဲ့။
ဇီးကွက်ကြီးမျက်လုံးပြူးသွားပါတယ် နဂိုကမှ မျက်လုံးပြူးရတဲ့အထဲ ပိုပြူးသွားတာဆိုတော့တော်တော်ရယ်ရမယ့်ပုံပဲနော်။
ထိုးချင်တာကလည်း တကယ်ကိုလှတဲ့တရုပ်နဂါးပုံ အချိန်လည်းမကုန်စေနဲ့ အများကြီးလည်းမနာချင်ဘူးတဲ့ အကြံထုတ်ရတော့မယ်လေ ဒါပေမယ့် ကိစ္စမရှိပါဘူး။
Fluza သောက်ထားတယ်လေ အာ…. ကြော်ငြာနဲ့ရောသွားလို့ပါး)း)
ပညာရှိဇီးကွက်ပါဆို ဟုတ်ကဲ့ဖြစ်စေရပါ့မယ် ဒီဘက်ကိုကြွပါပေါ့။
ကျီးကောင်လေးကလည်း ပုံဆွဲခံဖို့ ကုတင်ပေါ်မှောက်ရက်လေးနဲ့ ဇိမ်ယူတော့တာပေါ့လေ။
ဒီလိုနဲ့ အားလုံးပြီးစီးသွားပါလေရော….
ဇီးကွက်မလေးက ကျီးမလေးကို ပြီးပါပြီ ညီမ သဘောကျရဲ့လားကြည့်ပါအုန်းဆိုတော့ ကျီးမလေးကမျက်မှန်ချွတ်ပြီး မှန်ကိုကြည့်လိုက်တဲ့အခါ…………………………..
သူမြင်လိုက်ရတာက သူ့ကိုယ်သူ Emo style နဲ့ဆံပင်ရောင်စုံနဲ့လေ။
ကျီးမလေးခမျာ တော်တော်လေးလန့်သွားပြီး ဘယ်လိုအဓိပါယ်တွေနဲ့များသူ့ကိုဒီလိုအရောင်တွေဆိုးပေးတာလဲလို့မေးတော့ ဇီးကွက်မလေးကပြန်ဖြေပါတယ်။ ။ဒီအရောင်တွေအားလုံးမှာသူ့အဓိပ္ပါယ်နဲ့သူရှိကြပါတယ်ဆိုပြီးလေ။
ပထမဆုံး ဒီအနီရောင်လေးက ချစ်တတ်တဲ့အရောင်ပါ။
အနက်ရောင်ကတော့ မုန်းတီးခြင်းကိုကိုယ်စားပြုပါတယ်။
ကြင်နာတတ်တာကိုပြတာတော့ ဒီအပြာရောင်လေးပါ။
ဝန်တိုတတ်တဲ့အရောင်က တော့အ၀ါလေးပါ။
အစိမ်းရောင်က မနာလိုငြူစူစိမ်းကားခြင်းသဘောပေါ့။
အဲလိုတွေရှင်းပြပေမယ့်ကျီးမလေးကတော့လက်မခံနိုင်ပါဘူး။
ဒီလိုပုံနဲ့သူအပြင်မထွက်ရဲတော့ပါဘူးဆိုပြီး ပြသနာရှာပါတော့တယ်။
အို…မလိုချင်ဘူး တော်ပြီ ဒီအရောင်တွေအကုန်ပြန်ဖျက်ပေး တခြားအရောင်ပြောင်းပေး ဒါမှမဟုတ်လည်း ကျွန်မနဂိုအရောင်သာပြန်ဆိုးပေးတော့လို့ပြောပါတယ်။
ဇီးကွက်မလေးတော်တော်စိတ်လေ သွားပါတယ် customer is always right !!
ဆိုတဲ့ ဘယ်သူထွင်ခဲ့မှန်းမသိတဲ့စကားကြီးကလည်းရှိနေတာပေါ့နော်။
ဒါနဲ့သူက ကျီးမလေးကိုဖြောင်းဖြရတာပေါ့။
ဟုတ်ပါပြီညီမရေ ညီမမလိုချင်တဲ့ဒီအရောင်တွေအားလုံးကိုပြန်ဖျက်ပေးပါ့မယ်။
ဒါပေမယ့်ညီမရဲ့ နဂိုအရောင်တော့ဖြစ်ချင်မှဖြစ်တော့မယ်နော်လို့ပြောပါတယ်။
ကျီးမလေးလည်းဘယ်တတ်နိုင်တော့မလဲလေ သူမှဒီရောင်စုံဆံပင်ကြီးနဲ့မနေရဲတာ ဒီလိုရောင်စုံမဟုတ်ရင်ပြီးရောလို့ပြောလိုက်ရတာပေါ့။
ဇီးကွက်မလေးလည်း နဂိုအရောင်ရအောင် အမျိုးမျိုးကြိုးစားရှာပါတယ်။
ဒါပေမယ့်ဘယ်လိုမှမရဘူးတဲ့လေ ဒါနဲ့နောက်ဆုံးမတတ်နိုင်တော့ဘူး ဖြစ်ချင်တာသာဖြစ် ဒီရောင်စုံတွေကိုဖုံးနိုင်အောင် ဆိုပြီး အနက်ရောင်တွေအားလုံးဆိုးပစ်လိုက်တယ်လေ။
ကျီးမလေးခမျာ သူ့ကိုယ်သူမှန်ထဲကြည့်ပြီး အားးးးးးးးးးးးးးးးးးးးး ခနဲအော်ပြီးမေ့လဲသွားပါတော့တယ်။
ကဲ ..ဒီလိုနဲ့ဟိုဘက်မှာဆေးမင်ထိုးနေတဲ့ ကျီးကောင်လေးဘက်သွားကြည့်လိုက်ရအောင်နော်။
ဇီးကွက်ကြီးကလည်းကျီးကို ဆေးမင်ကိုမြန်မြန်လေးနဲ့ မနာအောင် သူပြောတဲ့အတိုင်း ထိုးပေးလိုက်ပါတော့တယ်။
မြန်လို့ ကျီးကောင်လေးကသဘောကျပါတယ် ဒါကြောင့်လဲ ခင်ဗျားတို့ဆိုင်ကနာမည်ကြီးနေတာဖြစ်မှာ တော်လိုက်တာဗျာလို့ပြောပြီး သူ့ကျောသူ မှန်ထဲပြန်ကြည့်လိုက်တဲ့အခါ သူတွေ့လိုက်ရတာက
တရုပ် + နဂါး =တရုပ်နဂါး
တဲ့လေး)း)
ကျီးကောင်လေးလည်း မူးမေ့မတတ်ပါပဲ ဒါနဲ့သူလည်း အဲဒီစာတွေပျောက်အောင်ဆိုပြီး
နောက်ဆုံးတော့ တစ်ကိုယ်လုံးအနာခံပြီး ဆေးမင်ရည်အမည်းတွေပဲအထိုးခံခဲ့ရပါတော့တယ်
အဲဒီနောက်တော့ကျီးတွေဟာ ဇီးကွက်တွေကိုသိပ်ကိုစိတ်နာသွားပါတော့တယ် သူတို့ရဲ့ နဂိုအသားရောင်ဖြူဖြူလေးတွေက ဇီးကွက်တွေကြောင့်မည်းကုန်ကြတာဆိုပြီး အငြှိုးထားကြပါတော့တယ် ဒီတော့ဇီးကွက်တွေကိုအပြင်မှာတွေ့တိုင်း အား အား ဆိုပြီးအော်လို့အတင်းလိုက်ဆိတ်ကြပါတော့တယ် ဇီးကွက်တွေခမျာ အငြှိုးကြီးတဲ့ကျီးတွေရန်ကိုကြောက်လို့ ကျီးတွေအိပ်တဲ့ညဘက်တွေမှပဲ အပြင်ကိုထွက်ကြပါတော့တယ်။
တစ်ခါတစ်လေနေ့လည်ဘက်ထွက်မိတဲ့အခါ ကျီးတွေကတစ်မျိုးလုံးလိုက်ပြီး အားအား အားလို့အော်ကာလိုက်လိုက်ဆိတ်နေတာကိုတွေ့ကြရပါတော့တယ်။
သူငယ်ချင်းတို့ကို ပြောချင်တာကတော့ နဂိုက ဖြူစင်နေတာကို အရောင်မဆိုးကြပါနဲ့။
အဖြူကိုအရောင်ဆိုးလိုက်တဲ့အခါ ဘယ်တော့မှ နဂိုအတိုင်းပြန်မဖြူစင်နိုင်တော့ပါဘူးလို့။
သတိထားစေချင်ပါသည်သူငယ်ချင်းတို့ရေ ………………..]
မှတ်ချက်.........သူငယ်ချင်းတစ်ယောက်ပို့ လာတဲ့ ဖော်ဝပ်မေးပါ။
ရေးသူနဲ့ ဆိုဒ် သိကြရင်ပြောပေးပါ။
အားလုံးဆင်ခြင်သင့်တဲ့ ပုံပြင်လေးပါ။
No comments:
Post a Comment