ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 3 February 2012

ဒုလ္လဘတရားငါးပါး(ရခဲလှသောတရားငါးပါး)


ဂေါတမဘုရားလောင်းတော် ပါရမီဖြည့်စဉ်ကာလနှင့် နှိုင်းယှဉ်လျက် ဒုလ္လဘတရားငါးပါး (ရခဲလှသောတရားငါးပါး)ဆိုသည်မှာ အင်မတန်မှန်ကန်ပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။






ဒုလ္လဘတရားငါးပါး(ရခဲလှသောတရားငါးပါး)
၁။လူဖြစ်ခြင်း
၂။လူဖြစ်သော် သဒ္ဓါတရားနဲ့ပြည့်စုံသူဖြစ်ခြင်း
၃။သဒ္ဓါတရားနဲ့ပြည့်စုံသော်လည်း သာသနာတော်နှင့်ကြုံကြိုက်ခြင်း
၎။သာသနာတော်နှင့်ကြုံကြိုက်သော်လည်း ရဟန်းဖြစ်ကိုရရှိခြင်း
၅။ဘုရားအဖြစ်ကိုရခြင်း

ဒုလ္လဘတရားငါးပါး ဆိုတာကိုတော့ တရားချစ်ခင်သူတော်စင်တို့ ခဏခဏကြားဘူးနေသော စကားလေးတစ်ခုဆိုတာမှားမယ်မထင်ပါ။ ဒါပေမဲ့ အဲဒီဒုလ္လဘ ရခဲခြင်းဆိုတာ ဘယ်လောက်တောင် ရခဲသလဲ ခဲယဉ်းသလဲဆိုတာကိုတော့ သိချင်ကောင်းသိချင်ကြမယ်ထင်တယ်နော်။ အဲဒါလေးကို ရှင်းပြချင်တာပါ ကျွန်တော်သိသလောက်လေးပေါ့ဗျာ။ လိုအပ်တာများရှိရင်လည်း နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တိမ်းစောင်းချွတ်ချော်ခဲ့သော် အဓမ္မနှင့်ယှဉ်နေသော် အချိန်မရွေး အားမနာပဲ ထောက်ပြပြောဆိုသွန်သင်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ ဂေါတမဗုဒ္ဓ နိယတဗျာဒိတ်ရပြီးနောက် ပါရမီဖြည့်စဉ် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလအတွင်းက အကြောင်းအရာများနဲ့ ဆက်စပ်ပြီးတော့ ဖော်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။

ရသေ့ဘဝဖြင့် (၅) ဘဝ
၁-ဂေါတမဗုဒ္ဓလောင်းလျာသည် ဒီပင်္ကရာမြတ်စွာဘုရားရှင်ထံတော်တွင် သုမေဓာအမည်ရှိသော ရသေ့ဘဝဖြင့် ပထမဦးဆုံးအကြိမ် နိယတဗျာဒိတ်တော်ကိုခံယူတော်မူခြင်း-
၂-နာရဒမြတ်စွာဘုရားရှင်ထံတော်တွင် ဇဋိလအမည်ရှိသော ရသေ့ဘဝဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၃-အတ္ထဒဿီမြတ်စွာဘုရားရှင်ထံတော်တွင် သုသီမအမည်ရှိသော ရသေ့ဘဝဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၎-သိဒ္ဓတ္ထမြတ်စွာဘုရားရှင်ထံတော်တွင် မင်္ဂလအမည်ရှိသော ရသေ့ဘဝဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၅-တိဿမြတ်စွာဘုရားရှင်ထံတော်တွင် သုဇာတအမည်ရှိသော ရသေ့ဘဝဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-

ရဟန်းဘဝ (၉) ဘဝ
၁-ကောဏ္ဍညမြတ်စွာဘုရားရှင်ထံတော်တွင် ဝိဇိတာဝီအမည်ရှိသော စကြာမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၂-မင်္ဂလမြတ်စွာဘုရားရှင်ထံတော်တွင် သုရုစိအမည်ရှိသော ပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၃-သုမေဓမြတ်စွာဘုရားရှင်ထံတော်တွင် ဥတ္တရအမည်ရှိသော ပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၎-သုဇာတမြတ်စွာဘုရားရှင်ထံတော်တွင် စကြာမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၅-ဖုဿမြတ်စွာဘုရားရှင်ထံတော်တွင် ဝိဇိတာဝီအမည်ရှိသော မင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၆-ဝေဿဘူမြတ်စွာဘုရားရှင်ထံတော်တွင် သုဒဿနအမည်ရှိသောမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၇-ကကုသန္ဓမြတ်စွာဘုရားရှင်ထံတော်တွင် ခေမအမည်ရှိသောမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၈-ကောဏာဂါမဏမြတ်စွာဘုရားရှင်ထံတော်တွင် ပဗ္ဗတအမည်ရှိသောမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၉-ကဿပမြတ်စွာဘုရားရှင်ထံတော်တွင် ဇောတိပါလအမည်ရှိသော ပုဏ္ဏားလုလင်ဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-

လူအဖြစ် (၅) ဘဝ
၁-ရေဝတမြတ်စွာဘုရားရှင်ထံတော်တွင် အတိဒေဝအမည်ရှိသော ပုဏ္ဏားဖြစ်၍ လူအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၂-သောဘိတမြတ်စွာဘုရားရှင်ထံတော်တွင် အဇိတအမည်ရှိသော ပုဏ္ဏားဖြစ်၍ လူအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၃-ပဒုမုတ္တရမြတ်စွာဘုရားရှင်ထံတော်တွင် ဇဋိလအမည်ရှိသော သူဌေးဖြစ်၍ လူအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း- (မှတ်ချက်၊ ။ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တွင် ဧတဒဂ်ရခဲ့သော ရဟန္တာမထေရ်မြတ်ကြီး ၄၁ ပါးတွင် အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်ဗာကုလ စသော မထေရ်မြတ်ကြီးသုံးပါးကိုထား၍ ကျန်ရှိသော ဧတဒဂ်ရသာဝကကြီး ၃၈ ပါးတို့သည် ယခု ပဒုမုတ္တရမြတ်စွာဘုရားရှင်ထံတော်မှစ၍ သာဝကဖြစ်ရန် စတင်၍ ပါရမီတော်တို့ကိုဖြည့်ကျင့် အားထုတ်ခဲ့ခြင်းဖြစ်ရာ ယခုကာလမှနောက်ပြန်ရေတွက်သော် လွန်ခဲ့သော ကမ္ဘာတစ်သိန်း ကာလလောက်ကဖြစ်သည်။ ယသော်ဓယာအမှူးပြုသော ဘိက္ခုနီသာဝိကာထေရီများလည်း ယခုပဒုမုတ္တရမြတ်စွာဘုရားရှင်ထံမှစ၍ ပါရမီတော်တို့ကို စတင်ဖြည့်ကျင့်ခြင်းဖြစ်သည်။ အထူးမှတ်ရန်မှာ ယသော်ဓယာသည် သုမေဓာရသေ့ဘဝကပင် ပါရမီဖြည့်ဖက်အနေဖြင့် စတင်သော်လည်း တကယ့်ပါရမီဖြည့်ရာကာလကို ရေတွက်လျှင် ကမ္ဘာတစ်သိန်းသာဖြစ်သည်။ ယခုပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်တွင် နိယတဗျာဒိတ်ကို ရတော်မူခြင်းဖြစ်သည်။ သို့သော် လွန်ခဲ့သော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလမှစ၍ ဘုရားလောင်းတော်နှင့်အတူ ပါရမီဖြည့်ဖက်အနေဖြင့်စတင်လာခဲ့သောကြောင့် ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်ကာလတွင် ရှေ့ကာလနှင့်နောက်ကာလပေါင်း တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းကို ပြန်လည်အောက်မေ့ဆင်ခြင်နိုင်သော သာဝကကြီး လေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်ဗာကုလ နှင့် ယသော်ဓယာထေရီ တို့ဖြစ်သည်။ ကျန်ရှိသော ဧတဒဂ်ရ ရဟန္တာမထေရ်မြတ်ကြီးများနှင့် ထေရီကြီးများသည် ရှေ့ကာလနှင့်နောက်ကာလပေါင်း ကမ္ဘာတစ်သိန်းကိုသာ ပြန်လည်ဆင်ခြင်နိုင်စွမ်းရှိကြလေသည်။)
၎-ပိယဒဿီမြတ်စွာဘုရားရှင်ထံတော်တွင် ကဿပအမည်ရှိသော ပုဏ္ဏားလုလင်ဖြစ်၍ လူအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၅-သိခီမြတ်စွာဘုရားရှင်ထံတော်တွင် အရိန္ဒမအမည်ရှိသော မင်းဖြစ်၍ လူအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-

နဂါးဘဝ (၂) ဘဝ
၁-သုမနမြတ်စွာဘုရားရှင်ထံတော်တွင် အတုလအမည်ရှိသော နဂါးမင်းဖြစ်၍ နဂါးအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၂-ဝိပဿီမြတ်စွာဘုရားရှင်ထံတော်တွင် အတုလအမည်နှင့်ပင် နဂါးမင်းဖြစ်၍ နဂါးအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-

ဖြစ်တော်တမျိုးစီဖြင့် (၃) ဘဝ
၁-ဓမ္မဒဿီမြတ်စွာဘုရားရှင်ထံတော်တွင် သိကြားမင်းအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
၂-အနောမဒဿီမြတ်စွာဘုရားရှင်ထံတော်တွင် ဘီလူးစစ်ဘုရင်အဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း- (မှတ်ချက်။ ။ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တွင် ဧတဒဂ်ရခဲ့သော ရဟန္တာမထေရ်မြတ်ကြီးသုံးပါးဖြစ်သည့် အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်ဗာကုလ စသော မထေရ်မြတ်သုံးပါးတို့သည် ယခုအနောမဒဿီမြတ်စွာဘုရားရှင်ထံတော်မှစ၍ သာဝကဖြစ်ရန် စတင်၍ ပါရမီတော်တို့ကို ဖြည့်ကျင့်အားထုတ်ခဲ့ခြင်းဖြစ်ရာ ယခုကာလမှနောက်ပြန်ရေတွက်သော် လွန်ခဲ့သော တစ်အသင်္ချေနှင့်ကမ္ဘာတစ်သိန်း ကာလလောက်ကဖြစ်သည်။)
၃-ပဒုမမြတ်စွာဘုရားရှင်ထံတော်တွင် ခြသေ့င်္မင်းအဖြစ်ဖြင့် ဗျာဒိတ်ကိုခံယူတော်မူခြင်း-
(မှတ်ချက်။ ။ဂေါတမမြတ်စွာဘုရားလောင်းတော်သည် ထိုသို့ အစဉ်တစိုက် ဗျာဒိတ်တော်တို့ကို ခံယူလာသော်လည်း အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော နိယတဗျာဒိတ်မဟုတ်ပါ။ ထိုဗျာဒိတ်ကို သုမေဓာရသေ့ဘဝက စတင်၍ ရရှိခဲ့ပြီးဖြစ်သောကြောင့် အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော နိယတဗျာဒိတ်ကို ရပြီးသောအလောင်းတော်များသည် နောက်ထပ်သော ဗျာဒိတ်ခံယူရာဘဝများတွင်မူ အင်္ဂါရှစ်ပါးပြည့်စုံရန်မလိုချေ။ ဘုရားပွင့်ချိန်ကာလနှင့်ကြုံကြိုက်ပါက ဘယ်လိုပဲဖြစ်ဖြစ် ဗျာဒိတ်ကိုရလေသည်။ သို့သော် အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော နိယတဗျာဒိတ်ကိုမရသေးသောဘုရားလောင်းတော်များမှာမူ သက်တော်ထင်ရှားဘုရားရှင်ပွင့်ချိန်နှင့်ကြုံကြိုက်သော်လည်း မည်သည့်ဗျာဒိတ်ကိုမျှမရပေ။ ဘုရားဖြစ်ရန်ပါရမီဖြည့်နေသော ထိုလောင်းတော်အား မြတ်စွာဘုရားရှင်တို့သည် မည်သည့်ဝိပဿနာတရားထူးကိုမျှလည်း ဟောကြားခြင်းမရှိချေ။)

ဒါဆိုရင်ဖြင့် ဒုလ္လဘတရားအကြောင်းကိုဆက်ပြောမယ်နော်….။ ဘုရားဖြစ်တော်စဉ်ငါးရာ့ငါးဆယ်တွင် လူအဖြစ်ဖြင့် ရသောဘဝမှာ နည်းပါးသည်ကိုတွေ့ရပေမည်။ ပါရမီဖြည့်နေသော သူတော်ကောင်းပုဂ္ဂိုလ်မြတ်ကြီးပင်လျှင် ပါရမီဖြည့်စဉ်ကာလအတွင်း လူ့ဘဝကိုရရှိသည့်ဘဝမှာ များသည်ဟုမဆိုသာပေ။ ဤသည်ကိုထောက်ဆ၍ လူအဖြစ်မှာ အင်မတန်ရခဲကြောင်း သိမြင်နိုင်ပါသည်။
သဒ္ဓါတရားနှင့်ပြည့်စုံမှုကိုတော့ ဥပမာပေးစရာပင်မလို။ ယခုလက်ရှိအချိန်နှင့်ပင် ကောင်းစွာသိနိုင်လေသည်။ ထိုသဒ္ဓါတရားနှင့်ပြည့်စုံသူတို့မှာ အင်မတန်နည်းပါးလှကြောင်း။

ဒီပင်္ကရာမြတ်စွာဘုရားရှင်လက်ထက်တော်မှစ၍ ကဿပမြတ်စွာဘုရားရှင်လက်ထက်တိုင်အောင် ဂေါတမဘုရားလောင်းတော်သည် ဗုဒ္ဓသာသနာတော်ကြီးနှင့် (၂၄) ကြိမ်သာ ကြုံတွေ့ခဲ့ခြင်းဖြစ်ရာ အလွန်ရှည်လျားလွန်းလှသော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလနှင့်နှိုင်းဆကြည့်သော် အင်မတန်မှနည်းပါးလှသည်ကို တွေ့မြင်ရပါမည်။ တွေ့သည့်အချိန်မှာလည်းတိုတောင်းလွန်းလှသောကြောင့် သာသနာတော်နှင့်ကြုံကြိုက်ရန်မှာ ပို၍ခဲယဉ်းကြောင်း ထင်ရှားပေသည်။ထို့ကြောင့် သာသနာတော်နှင့် ကြုံကြိုက်မှသာ သူတော်ကောင်းတရားတွေကို ကြားနာခွင့်ရပေလိမ့်မည်။ သူတော်ကောင်း တရားကြားနာခွင့်ရမှုကလည်း မျက်မြင်ပင်။ ယခုအချိန်မျိုးတွင် ဗုဒ္ဓသာသနာတော်မထွန်းကားသော နေရာများစွာရှိရကား ထိုနေရာတို့တွင် သူတော်ကောင်းတရား ကြားနာခွင့်အင်မတန်ခဲယဉ်းလေသည်။

ရှည်လျားလွန်းလှသော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလအတွင်း ဗုဒ္ဓသာသနာတော်ကြီးနှင့် (၂၄) ကြိမ်တိတိ ကြုံတွေ့ခဲ့သော်လည်း ရဟန်းဘဝအဖြစ်ဖြင့် (၉) ဘဝသာ ကြုံခဲ့လေရာ အဘယ်မျှသော ရခဲခြင်းဖြစ်သလဲဆိုတာတော့ စီစရာစာတောင်မရှိတော့ဘူး။

ဘုရားအဖြစ်ကတော့ဗျာ ရဖို့ဆိုတာ နိယတဗျာဒိတ်ကိုရပြီးရင်တောင်မှာ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊ ရှစ်အသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊ တစ်ဆယ့်ခြောက်အသချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပါမှ ဘုရားအဖြစ်ကိုရရှိနိုင်တာပါ။ အဲဒါကတော့ အမြင့်ဆုံးပေါ့။ အင်မတန်ရှည်လျားတဲ့ကာလတလျှောက်လုံးမှာ ဘုရားဖြစ်တာ ဒီဘဝလေးပါပဲ၊ ကျန်တာတွေကဖြစ်ဖို့အတွက်ပါရမီဖြည့်နေချိန်လေးပါ။ ဒီလိုအဆုံးအမတွေပေးနိုင်ဖို့ ဘဝပေါင်းများစွာ ရင်းပြီး ပေးဆပ်ခဲ့ရတာတွေ နောက်ဆုံးတစ်ဘဝတည်းပဲ ဘုရားဖြစ်တာ။ ဒါဆိုအင်မတန်ခဲယဉ်းလှကြောင်းသိလောက်ပြီပေါ့နော်။

သို့ပါသောကြောင့် ယခုလိုရခဲလှသော လူ့ဘဝ၊ သဒ္ဓါတရားနှင့်ပြည့်စုံသောဘဝ၊ သူတော်ကောင်းတရားတွေ ကြားနာခွင့်ရနေသောဘဝ၊ သာသနာတော်ကြီးနှင့်ကြုံကြိုက်စဉ်ကာလတွင် သာသနာ့ဘောင်သို့ ဝင်ရောက်ရန် အားထုတ်သင့်လှကြောင်း၊ ထိုသို့ အင်မတန်ရခဲလှသော ရဟန်းဘဝကို ပိုင်ဆိုင်ထားကြသည့် သံဃာတော်ရှင်သူမြတ်များကလည်း ကြုံတောင့်ကြုံခဲအခွင့်အရေးကြီးကို ရချိန်တွင် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ကို ကောင်းစွာလိုက်နာကျင့်ကြံသင့်ပါကြောင်း၊ ဝိနည်းစသည်တို့ကိုလည်း ကောင်းစွာလိုက်နာသင့်ပါကြောင်း၊ ရရှိနေသော ဒီဘဝဒီခန္ဓာလေးကို အသေမဦးခင် အကျိုးရှိရှိ အသုံးချသင့်ပါကြောင်း………………………..။

မူရင်းလင်ခ့်နေရာ ဇော်ထက်မောင် ထံမှ ပြန်လည်၍ ကူးယူ မျှဝေထားခြင်းဖြစ်သည်။

No comments:

Post a Comment