ကျွန်တော် အခုရေးမှာကတော့ လိုရင်းလောက်ပါခင်ဗျ။ အစ်ကိုတို့၊ အမတို့၊ ကျွန်တော်တို့တွေဟာ တရားအားထုတ်ပြီးလည်း အရင်လိုပဲ နေမြဲအတိုင်း မနေမိစေဖို့ ကာယကံ၊ ဝစီကံနှင့် မနောကံ စတဲ့ကံသုံးပါးလုံးကို တက်နိုင်သလောက် ထိန်းဖို့၊ လွတ်ထွက်မသွားမိစေဖို့ သတိပြုစေချင်တာပါ။
ကံကောင်းထောက်မစွာနဲ့ ကျွန်တော်တို့တွေဟာ အင်မတန်မှ ကြုံဖို့ခဲယဉ်းတဲ့ ဒီလို ဗုဒ္ဓသာသနာတော်မြတ်ကြီးနဲ့ကြုံတယ်၊ သူတော်ကောင်းတရားတွေကြားနာခွင့်ရကြတယ်၊ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအပေါ်မှာလည်း ကောင်းစွာသက်ဝင်ယုံကြည်ကြလို့ ဒီလိုဆိုဒ်လေးထဲမှာ လာရောက်စုဝေးနေကြတာပါ။ အားလုံးကိုယ်စီလည်း တရားအသိတွေ ကောင်းစွာရှိကြပါတယ်။ သိသလောက်လည်း ကိုယ်တိုင်ကိုယ်ကျ ကိုယ်ပိုင်ရအောင် အားထုတ်ကြမယ်လို့ ထင်ပါတယ်၊ အကယ်၍များ မေ့နေမယ်ဆိုရင်လည်း အားထုတ်ပါလို့ ဦးစွာပထမ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ၊ ဘယ်အချိန်သိသိ အသိတခုဟာ အသေမဦးသေးဘူးဆိုရင် နောက်ကျတယ်လို့ မဆိုနိုင်ပါဘူး၊ လွန်ကုန်တာတွေကိုတော့ အကြွင်းမဲ့ မေ့ပစ်လိုက်ပါတော့။
ဟုတ်ပါပြီ....အများသောအားဖြင့် အစ်ကိုတို့၊ အမတို့၊ ကျွန်တော်တို့အားလုံးဟာ နေ့အခါမှာ အလုပ်ကိုယ်စီနဲ့ပါ၊ မအားလပ်ကြပါဘူး၊ အဲဒီအတွက် ကျွန်တော်တို့တွေဟာ နေ့အခါမှာ သစ်တပင်ဝါးတပင်အောက်ချဉ်းကပ်ပြီး ထက်ဝယ်ဖွဲ့ခွေဖို့ မဖြစ်နိုင်ကြပါဘူး၊(ဆိတ်ငြိမ်ရာကိုသွားပြီး တရားအားထုတ်နေတာကိုဆိုလိုတာပါ)။ ကျွန်တော်တို့အတွက် ကျန်တဲ့ကိုယ်ပိုင်အချိန်လေးက ညချမ်းသမယလေးပါပဲ၊ အားလုံးကလည်း ဒီအချိန်ကိုပဲ မျှော်လင့်စောင့်စားနေကြမှာပါ၊ မိသားစုအတွက် မိမိအတွက် ဝမ်းရေးကို နေ့ဘက်မှာ တာဝန်ကျေခဲ့ပြီလေ၊ ညဘက်ကျတော့ သံသရာအရေးပေါ့နော်.......။
အားသွန်ခွန်စိုက်ပြုပြီးတော့ တရားအားထုတ်နေလိုက်ကြတာ၊ စိတ်ကိုဖြူအောင်လုပ်နေကြတာ အားရစရာပါ.....၊ အားလုံးပြီးတော့ အနားယူပေါ့။ ဒါနဲ့ပဲ အာရုဏ်ခွင်းလို့ မိုးစင်စင်လင်း အိပ်ရာကထ၊ ကသုတ်ကယက်နဲ့ အလုပ်တက်ဖို့ ချက်ကြ ပြုတ်ကြ သွားကြလာကြနဲ့ပေါ့၊ ထပ်ပြီးတော့ ကံတွေပြုကြတယ်...... ပြဿနာက အဲဒီမှာစတယ်....မြင်တယ်၊ ကြားတယ်၊ ရနံ့လေးတွေရတယ်၊ စသည်ဖြင့်ပေါ့ အဲဒီအာရုံတွေနောက်ကို စိတ်ကလိုက်နေတယ် သတိတွေလွတ်ကုန်တယ် ညကမှ ငြိမ်အောင်လုပ်ထားတဲ့ စိတ်လေး အနည်တောင်မထိုင်သေးဘူး ဝဲပြန်ထတယ်၊ ဖြူအောင်ဖွတ်ထားတဲ့ စိတ်ကလေး အညစ်အကြေးတွေ ပေကျံကုန်တယ်။ ဒါနဲ့ပဲ တရားအသိလေးကြောင့် ညပြန်ရောက်တော့ အားထုတ်ပြန်တယ်။ ညတုန်းက ဖြူအောင်လုပ်တယ် မနက်ကျတော့ ပြန်မည်းတယ်။ ဒီလိုနဲ့ သံသရာလည်နေတော့ ဒီထက်ကောင်းတဲ့အသိတွေ အမြင်တွေကို ရနိုင်ဖို့ မလွယ်တော့ဘူးလေ။ ဒါဆိုဘာ့ကြောင့် ဒီလိုတရားအားထုတ်တဲ့လုပ်တွေကိုလုပ်တာလည်းဆိုတော့ တရားသိဖို့အားထုတ်တာ၊ တရားသိဖို့က ကျွန်တော်တို့အားလုံးရဲ့ပန်းတိုင်လေ။ ဒါဖြင့်တရားသိချင်လို့ အားထုတ်တာ တရားကို မသိနိုင်သေးတော့ ဘာအကြောင်းထူးမလဲ...။
အဲဒီတော့ ကျွန်တော်တို့တွေ ဘာလုပ်ကြမလဲ.........? ဖြေကတော့ နေ့ဘက်ပါ အားထုတ်ရမယ် ဒါပဲရှိတယ်၊ ဘယ်လိုအားထုတ်ကြမလဲ....အရင်ဆုံးတော့ ထိန်းစရာမလိုလောက်အောင် သီလလုံနေရင်တောင် စိတ်ထဲကပဲဖြစ်ဖြစ် ငါးပါးသီလကို မဖြစ်မနေကိုယူလိုက်ပေါ့၊ ပြီးတော့ကိုယ်လုပ်နေတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေကို မပြတ်စောင့်ကြည့်ရင်ကြည့် မကြည့်ချင်ရင် အဲဒီစိတ်လေးလွင့်မသွားအောင် တနေရာရာမှာ ထား ဒါပဲရှိတယ်။ ဘယ်လိုကြည့်ကြမလဲဆိုတော့ ကိုယ်လုပ်ရင် လုပ်တဲ့အလုပ်လေးအပေါ် အာရုံစိုက်လိုက် တခြားကို စိတ်မရောက်စေနဲ့ပေါ့၊(ငါးပါးအာရုံကာမဂုဏ်ကို တပ်မက်တဲ့စိတ်မျိုးနဲ့ အာရုံစိုက်တာကို မဆိုလိုပါ)။
ထိရင်ထိတယ် အဲဒီထိမှုသဘောလေးအပေါ်မှာပဲ စိတ်ကရှိပါလေ့စေ၊ ကိုယ်က ဘာပဲလုပ်လုပ် အမှုမဲ့အမှတ်မဲ့ မလုပ်မိစေဖို့ပါ၊ ဥပမာ-ကျွန်တော်တို့တွေ လမ်းလျှောက်ကြတယ်၊ အဖော်လေးရှိရင် စကားလေး တပြောပြောနဲ့ ရှေ့ဟောင်းနောက်ဖြစ်လေးတွေကို တလှည့်စီရွတ်ရင်းနဲ့ပေါ့ ခရီးဆုံးကို ဘယ်လိုရောက်လို့ရောက်သွားမှန်းမသိဘူး၊ ခဏလေးလိုပဲပေါ့။ ဒါမှမဟုတ်ရင်လည်း အတိတ်နဲ့ အနာဂတ်က အကြောင်းအရာတွေကို ပစ္စုပ္ပန်ထည့်ဆွဲထည့်ပြီးတော့ သွားလိုက်တာ။ အမှုမဲ့အမှတ်မဲ့မလုပ်တော့ဘူးဆိုရင်တော့ အဲဒီလိုမရတော့ဘူး၊ လမ်းလျှောက်လိုက်တယ်၊ ဟုတ်ပြီ ခြေထာက်လေးလှမ်းတယ်၊ ပြန်ချလိုက်တယ် စသည်ဖြင့်ပေါ့ အားလုံးကို သိသိနဲ့ လုပ်ရတော့မယ်။ အစပိုင်းတော့ အလုပ်မတွင်သလို အားမလိုအားမရသလို ဖြစ်မှာပေါ့ ချုပ်ထားတဲ့သဘောဖြစ်နေတာကိုး။
ဒါဆိုနောက်တစ်နည်းကိုထပ်ကြည့်မယ်ဗျာ။ ဘာတဲ့ စိတ်ကို တခြားတနေရာရာကို သွားထားရမယ်ဆိုတော့........အင်း....ဒါဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို စိတ်ထဲကနေ ပွားနေမယ်၊ မေတ္တာတွေပို့မယ်၊ ပရိတ်တွေရွတ်ကြမယ် ဒါမှမဟုတ်ရင် မိမိစိတ်လေးကို ဝင်သက်ထွက်သက်အပေါ် အာရုံလေးစိုက်လိုက်မယ်ဆိုရင်ရော အဆင်မပြေနိုင်ဘူးလား...ဆိုတော့ ပြေရမှာပေါ့လေ၊ လေ့ကျင့်ခြင်းကသာ တက်ကျွမ်းစေတာ။
အချိန်ကြာလာတာနဲ့အမျှ စိတ်ကြည်လင်လာမယ်၊ သတိတွေကောင်းလာမယ်၊ တခြားသော မကောင်းတဲ့အာရုံတွေရှိရာကို သွားရောက် မလည်ပတ်တဲ့အတွက် ညရောက်ရင် ထပ်ပြီးတော့ စိတ်ကိုဖြူအောင်ပြန်ဖွတ်နေရတဲ့သံသရာက ခဏလေးလွတ်မြောက်အောင် အထောက်အပံ့ဖြစ်မယ်။
ဥပမာလေးတစ်ခုပေးကြည့်မယ်ဗျာ..... ကလေးငယ်တစ်ယောက်ကို သူ့ရဲ့မိခင်က ရေချိုးပေးတယ်။ အဲဒီတော့သန့်သွားရောပေါ့..ဒါပေမဲ့ကလေးတို့ရဲ့ ဓမ္မတာအရဆော့ချင်ကြတယ်ဆိုသောသကာလ အမေမသိခင် သွားဆော့မယ် ဒါဆိုပြန်မည်းသွားမယ်လေ။ အမေကသိသွားတော့ ပြန်လဲပေးမယ်....ပြီးတော့ ပြန်ဆော့တာနဲ့ ပြန်မည်းမယ်..ဒါဆိုဘယ်တော့များ အဝတ်လဲတဲ့သံသရာက ဆုံးမလဲ......တစ်နည်းပဲရှိတယ် အဝတ်လဲပြီးရင် သွားမဆော့အောင် အမေက စောင့်ကြည့်နေ သွားရင် တုတ်နဲ့ရိုက်ပြန်ဆွဲပြီးအိမ်ထဲမှာထားပေါ့ ဒါဆို အဝတ်လဲတဲ့သံသရာက လွတ်ပြီလေ....ဒါပေမဲ့ အဲဒီကလေးက တစ်ခုတော့ ပေးဆပ်လိုက်ရတယ် မဆော့လိုက်ရတော့ဘူးပေါ့။ အဲဒီလိုပဲ အာရုံဆိုတာ စိတ်ရဲ့ကျက်စားရာနေရာတွေပါ....ကျွန်တော်တို့တွေက အဝိဇ္ဇာနဲ့ တဏှာမကင်းကြလေတော့ မကောင်းတဲ့ အာရုံတွေမှာပဲ ကျက်စားကြတာ ဓမ္မတာပေါ့....အဲဒီကိုမသွားစေချင်ရင် သတိနဲ့စောင့်ကြည့်နေ သွားတာနဲ့ ပြန်ဖမ်းပေါ့ ဒါဆို မကောင်းတဲ့အာရုံတွေမှာ မကျင်လည်တော့တဲ့ဒီစိတ်လေး ညကျရင် အများကြီးအားစိုက်ပြီးတော့ ဖြူအောင်လုပ်ဖို့မလိုတော့ဘူး။ မကောင်းတဲ့အာရုံတွေမှာ စိတ်ကို မကျက်စားစေတာလေးတစ်ခုတော့ စွန့်လွှတ်ရမှာပေါ့၊ ဒါပေမဲ့ တဖက်မှာကမ်းပြိုရင် တဖက်မှာ သောင်ထွန်းတတ်ပါတယ်......။
ကဲကဲ..ကဲ လိုရင်းလို့ နိဒါန်းပျိုးလိုက်တဲ့စာလေး တော်တော်များရှည်သွားပြီထင်.. ခုလိုဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။ အားလုံးပဲ ကိုယ်တိုင်ကိုယ်ကျ ကိုယ်ပိုင်ရအောင် အားထုတ်နိုင်ကြပါစေ။ တရားကို အားတော့ အားထုတ်ကြပါ ဒါပေမဲ့ အဝတ်လဲသံသရာကလည်း အပြီးတိုင်လွတ်မြောက်ကြပါစေလို့ ဆန္ဒပြုရင်းနဲ့.......
တရားအားထုတ်သူများ သတိထား.......... ကာယ ဝစီ မနောဤ ကပ်ပါသတိ အမြဲရှိ။
မူရင်းလင်ခ့်နေရာ ဇော်ထက်မောင် ထံမှ ပြန်လည်၍ ကူးယူ မျှဝေထားခြင်းဖြစ်သည်။
No comments:
Post a Comment