အပြုအမူတွေအားလုံးဟာ ၃-မျိုး၊ ၃-စားရှိပါတယ်။ ကာယ=ကိုယ်ဖြင့်ပြုမူ၊ ၀စီ=နူတ်ဖြင့်ပြုမူ၊ မနော=စိတ်ဖြင့်ပြုမူတို့ ဖြစ်ပါတယ်။ သာမန်အားဖြင့် ကိုယ်အပြုအမူကို အရေးပေးကြပါတယ်။ နူတ်အပြုအမူကို ဒုတိယနဲ့ နောက်ဆုံး စိတ်အပြုအမူကိုတော့ သိပ်ပြီး ဂရုမထားကြပါဘူး။ ဒါပေမယ့် သဘာဝတရား အမှန်တရားကို စူးစမ်းလိုက်မယ်ဆိုရင်တော့ စိတ်ရဲ့ အပြုအမူဟာ အရေးကြီးဆုံးဖြစ်တယ် ဆိုတာဟာ ထင်ရှားလာပါလိမ့်မယ်။
ယောဂီတို့ဟာ မိမိတို့ရဲ့ စိတ်အပြုအမူကို ထိန်းသိမ်းစောင့်ရှောက် နိုင်မယ်ဆိုရင် ကိုယ်အပြုအမူနဲ့ နူတ်အပြုအမူတို့ကို ပူပင်စရာမရှိတော့ပါဘူး။ သူတို့ဟာသူတို့ အလိုလို အလိုအလျောက် ထိန်းသိမ်းပြီး ဖြစ်နေပါလိမ့်မယ်။ လုပ်ဆောင်မူအားလုံးဟာ စိတ်ကစရတာချည်းပါပဲ ဖြစ်ပါတယ်။ စိတ်ထဲမှာ ရှိတာက ပိုမိုပြင်းထန်လာတော့ နူတ်အမူအရာဖြစ် လာပါတယ်။ ဒါ့ထက်ပိုပြီး ပြင်းထန်လာပြန်ရင်တော့ ကိုယ်အပြုအမူ ဖြစ်လာပါတယ်။ အားလုံးဟာ စိတ်ကနေစကြတာပဲ ဖြစ်တာပေါ့။
စိတ်ဟာ အင်မတန်အရေးကြီးဆုံးဖြစ်ပါတယ်။ ဥပမာ - ကိုယ်နဲ့မသင့်မြတ်တဲ့ မုန်းနေတဲ့ လူတစ်ဦးကိုမြင်လိုက်ရရင် စိတ်ထဲကစပြိး ဒေါသတို့၊ မုန်းထားတဲ့စိတ်တို့ မနောကံနဲ့ ကျူးလွန်ကြတာ ဖြစ်ပါတယ်။ ဒါ့ထက် ပိုပြီးပြင်းထန်လာတော့ နူတ်အပြုအမူနဲ့ အော်လိုက်ဆဲလိုက်နဲ့ ၀စိကံနဲ့ ကျူးလွန်မူတွေ လုပ်ပါတယ်။ ဒါ့ထက် ပိုပို ပြင်းထန်လာရင်တော့ ကိုယ်အပြုအမူဖြစ်တဲ့ ရိုက်လိုက်၊ ပုတ်လိုက်တာတို့ သေနတ်နဲ့ပစ်ပြီး သတ်လိုက်တာတို့၊ ကာယကံ ကျူးလွန်မူတွေဟာ မကောင်းတဲ့အကုသိုလ် မနောကံကစပြီး မွေးထုတ်လိုက်တာပဲ ဖြစ်ပါတယ်။
ကောင်းတဲ့ကုသိုလ်ဖြစ်တဲ့ ၀စီကံ၊ ကာယကံတွေဟာလဲ ဒီအတိုင်းပါပဲ။ အတိဒုက္ခရောက်နေတဲ့ လူတစ်ယောက်ကို မြင်လိုက် တွေ့လိုက်ရရင် စိတ်ထဲက အရင်ဆုံး စပြီးသနားတာ ကူညီချင်တာ ပေးကမ်းချင်တာတွေ စိတ်ကောင်းတွေ ဖြစ်ပေါ်လာပါတယ်။ ပိုပြီး ပြင်းထန်လာတော့ နူတ်ကနေပြီး အားပေးစကားပြော၊ ကရုဏာသက်တဲ့ စကားမျိုးကို ပြောပါတယ်။
ကောင်းတဲ့နူတ်အပြုအမူ ၀စီကံစိတ်က ကုသိုလ်စိတ်ပေါ့။ ဒါ့ထက်ပိုပြီး ပြင်းထန်လာရင်တော့ ကိုယ်အပြုအမူနဲ့ အကူအညီပေး ဆောင်ရွက်ပေးပါတယ်။ ကောင်းတဲ့ကုသိုလ်တွေ ဖြစ်စေတဲ့ စိတ်ကစဖြစ်လာတာ ဖြစ်ပါတယ်။ စိတ်ကမွေးထုတ်လိုက်တာ ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်အမူအရာ နူတ်အမူအရာဟာ သူ့ရဲ့စိတ်စေတနာ စိတ်အနေအထားကို ညွှန်ပြနေပါတယ်။
ယောဂီတို့ခံစားနေရတဲ့ ကောင်းကံဆိုးကံဟာလဲ ယောဂီတို့ စိတ်ရဲ့ဆိုးမူ၊ ကောင်းမူပေါ်မှာ အရင်းတည်နေပါတယ်။ နူတ်မူ၊ ကိုယ်မူ အရင်းခံမဟုတ်ပါဘူး။ စိန္တာမယဉာဏ်မျှနဲ့သာသိသူ၊ ၀တ်ပြုမူကိုသာကျင့်သူ၊ အမှန်သစ္စာကို တကယ်မတွေ့ဖူးသေးတဲ့ လူတွေမှာတော့ တကယ်သိရှိနားလည်မူ မရှိနိုင်ကြပါဘူး။ ဒါပေမဲ့ ခန္ဓာကိုယ်ဘောင်အတွင်းမှာ ဖြစ်ပျက်နေတဲ့ ဒီအမှန်သစ္စာတရားကို တကယ် ရှာဖွေတွေ့ရှိပြီးသူ အတွက်ကတော့ ဒီအမှန်တရားဟာ ပိုပိုပြီး ထင်ရှားလာပါလိမ့်မယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment