ဘ၀ဘ၀အဆက်ဆက်တွေက စုပေါင်းသိုလှောင်ပြီး သယ်ဆောင်လာတဲ့ စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းမှာရှိတဲ့ အနုသယကိလေသာတွေကို အမြစ်ပြတ်သုတ်သင် ရှင်းပစ်တဲ့ နည်းနိသဿယကို မြတ်စွာဘုရားက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းကတော့ ယောဂီတို့ ဘာကိုမှ မလုပ်ကြပါနဲ့။ ရူရုံမျှသာ ရူနေကြပါ။
စိတ်ထဲမှာ ဒေါသပေါ်လာချင် ပေါ်လာမယ်။ မောဟပေါ်လာချင် ပေါ်လာမယ်။ ဒီစိတ်တွေကို နောက်ထပ်ပြီး ပွားများအောင် မလုပ်ကြဖို့ပါပဲ။ ဒါဟာဖြင့် ဒေါသစိတ်ပဲ အခုငါ့စိတ်က လိုချင်တမ်းတ ဖြစ်နေတဲ့ မောဟ မက်မောတဲ့စိတ်ပဲ၊ လောဘစိတ်ပဲလို့ သိရှိပြီး သတိရှိနေပြီး ဖြစ်နေသမျှကို လုံးဝတုန့်ပြန်မူ မလုပ်ဘဲ လက်ခံဖို့ရာသာ ဖြစ်ပါတယ်။ ဒီဒေါသဟာ ဘယ်လောက်ခံနိုင်မှာလဲ ရူသာနေပါ။ ရူနေရင်း ရူနေရင်းနဲ့ ဒေါသစိတ်ဟာ သူ့အလိုလို အင်အားလျော့သွားပြီး ပျောက်ကွယ်သွားပါလိမ့်မယ်။
ဒီဒေါသစိတ်ကို ဒါဟာဖြင့် မကောင်းတဲ့စိတ်ပဲ။ ဒါတွေ ငါစဉ်းစား မနေသင့်ပါဘူး ဆိုပြီးတော့ စိတ်ထဲက အတင်းကြီးပဲ ထုတ်မပစ်ရပါဘူး။ ဒီလိုစိတ်ကို ဖိနှိပ်ပြီးလဲ မထားရပါဘူး။ ဒီလိုဆိုရင်ဖြင့် တုံ့ပြန်မူတွေ လုပ်နေတာပါပဲ။ သိနေပြီး ရူရုံမျှသာရူနေဖို့သာ ဖြစ်ပါတယ်။ သူ့အလိုလို ပျောက်ကွယ် သွားကြပါလိမ့်မယ်။
ယောဂီက အတင်းတွန်းထုတ်လိုက်မယ် ဖိနှိပ်လိုက်မယ်ဆိုရင် ဒီအနုသယကိလေသာတွေဟာ အပြင်ဘက်ကို ရောက်မသွားဘဲနဲ့ စိတ်ရဲ့အတွင်းပိုမိုနက်တဲ့ အစိတ်အပိုင်းထဲကို ထိုးသွင်းလိုက်တာပဲ ဖြစ်ပါတယ်။ စိတ်ကိုရူရုံမျှသာ ရူနေတဲ့ အခါမှာလည်း ခန္ဓာကိုယ်ပေါ်မှာ ခံစားနေရတဲ့ သိမ်မွေ့ဝေဒနာတွေကို သတိရှိနေပါ။ သိမ်မွေ့ဝေဒနာတွေဟာ စိတ်ရဲ့ အနက်ရိုင်းဆုံးဖြစ်တဲ့ မသိစိတ်နဲ့ အမြဲပဲ ဆက်သွယ်နေပါတယ်။ ဒါ့ကြောင့် သိမ်မွေ့ဝေဒနာတွေနဲ့ အမြဲတုံ့ပြန်နေပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment