ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 7 April 2012

စိတ်သာရှေ့သွားရှိ

မြတ်စွာဘုရားက ဆင်းရဲဖြစ်ရခြင်းရဲ့ အကြောင်းရင်းအမြစ်ကို ရှာဖွေတဲ့အခါမှာ စိတ်ကသာလျှင် ကောင်းကျိုးဆိုးကျိုးကို ပေးနိုင်ကြောင်းကို တွေ့ရှိလာပါတယ်။ ဒါကို ၀ိပဿနာ ယောဂီတွေကလဲ မိမိတို့ကိုယ်တိုင်ကိုယ်တွေ့ လက်တွေ့ခံစားနိုင်၊ သိရှိနိုင်ကြပါလိမ့်မယ်။ မြတ်စွာဘုရားက “မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ”လို့ မိန့်တော်မူပါတယ်။

မနောပုဗ္ဗင်္ဂမာ ဓမ္မ=စိတ်သာလျှင် ရှေ့သို့သွားကုန်၏တဲ့။ အားလုံးအပြုအမူတွေဟာ စိတ်ကသာစပြီးနောက်ကျမှ နူတ်အဆင့် ကိုယ်အဆင့်ကို ရောက်ကြရပါတယ်။ မနောသေဋ္ဌာ= စိတ်သာလျှင် အကြီးအမှူး အအုပ်အချုပ်ဖြစ်ပါတယ်၊ စိတ်သာလျှင် အကြီးဆုံး အရေးကြီးဆုံး ဖြစ်ပါတယ်။ မနောမယာ=စိတ်ဖြင့် သာလျှင် ဖြစ်ကုန်၏တဲ့။ လောကမှာ တွေ့ကြုံရ သမျှကောင်းမူ၊ မကောင်းမူတွေက စိတ်ရဲ့ လုပ်ဆောင်မူတွေဟာ စိတ်ရဲ့ ရလဒ်တွေပါပဲ။

နောက်ပြီးတော့ မြတ်စွာဘုရားက ဟောခဲ့တာလဲ ရှိပါသေးတယ်။ “တစ်စုံတစ်ယောက်သောသူသည် ပစ်မှားလိုသော မကောင်းသောစိတ်ဖြင့် ပြောဆိုပြုမူခဲ့သည်ရှိသော် ထိုသူ၏ နောက်သို့ လှည်းဘီးသည် နွား၏ခြေရာကို အစဉ်လိုက်သကဲ့သို့ ဆင်းရဲခြင်းသည် အစဉ်လိုက်ပါလိမ့်မယ်”တဲ့။ ဘယ်ကိုမှ ပြေးလို့ မလွတ်နိုင်ပါဘူး။

နောက်တစ်ခုကလည်း “ကောင်းသောဖြူစင်သော စိတ်ဖြင့် ပြောဆိုပြုမူခဲ့သည်ရှိသော် သူ၏နောက်သို့ အရိပ်သည်အစဉ် လိုက်သကဲ့သို့ ချမ်းသာခြင်းသည်လည်း အစဉ်လိုက်လေ၏”တဲ့။ စိတ်သာလျှင် အရေးအကြီးဆုံးပါပဲ။ စိတ်သာလျှင် အခြေခံပါပဲ။ အခြေခံ စိတ်ကသာ သီးကြပါလိမ့်မယ်။ အခြေခံက မသန့်ရှင်းရင်တော့ မကောင်းတဲ့ သီးတွေသာ သီးကြပါလိမ့်မယ်။ နောက် မြတ်စွာဘုရားက -

ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊
ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊
ကတပုညော ဥဘယတ္ထ နန္ဒတိ။
မကောင်းမူအကုသိုလ်ကို ပြုလုပ်တဲ့သူဟာ အခုလဲ ဆင်းရဲခြင်းကို ခံရတတ်တယ်။ နောင်လဲ နောင်ဘ၀တွေမှာလဲ ဆင်းရဲခြင်းကို ခံရပါလိမ့်ဦးမယ်။

ကောင်းမူကုသိုလ်ကို ပြုလုပ်တဲ့သူကတော့ အခုလဲချမ်းသာကို ခံစားရတယ်။ နောင်လဲ နောက်ဘ၀ ဘ၀တွေမှာလဲ ချမ်းသာကို ခံစားရပါလိမ့်ဦးမယ်တဲ့။ ဒါတွေဟာ ဘုရားဟောမို့ ကျမ်းဂန်လာမို့ ဆရာသမားကပြောလို့ လက်ခံကြမှာ မဟုတ်ပါဘူး။ ယောဂီတို့ဟာ မိမိတို့ကိုယ်တိုင် ကိုယ်တွေ့ လက်တွေ့ အမှန်သစ္စာတရား၊ သဘာဝတရား၊ ဓမ္မတာတရားများကို ဖောက်ထွင်းသိရှိလာကြပါလိမ့်မယ်။ ဆက်လက်ပြီး ၀ိပဿနာကို ဒီကမ္မဋ္ဌာန်းနည်းနဲ့ ကျင့်သွားမယ်ဆိုရင် စိတ်ထဲမှာ အကုသိုလ် စိတ်တစ်ခုခု မရှိဘူးဆိုရင် လူတစ်ဦးတစ်ယောက်ဟာ မကောင်းတဲ့ ကိုယ်အပြုအမူ၊ နူတ်အပြုအမူတွေကို မလုပ်နိုင်ပါဘူး။ ဒီဟာလဲ ထင်ရှားလာပါလိမ့်မယ်။

စိတ်ထဲမှာ အကုသိုလ်စိတ်တစ်ခုခု ပွားလိုက်မယ်ဆိုရင်တော့ စိတ်ဆင်းရဲရပါတယ်။ စိတ်ရူပ်ထွေးရပါတယ်။ ပူလောင်တဲ့ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ မျိုးစေ့ကိုက စိတ်ဆင်းရဲစေတတ်တဲ့ မျိုးစေ့ဆိုတော့ ဒီမျိုးစေ့က ကြီးထွားလာလေလေ စိတ်ဆင်းရဲဒုက္ခတွေက များလေလေ ဖြစ်တတ်ပါတယ်။ ဒေါသစိတ်၊ မလိုမုန်းထားစိတ်၊ မကောင်းတဲ့ စိတ်မျိုးစေ့တွေ စပြီးပျိုးစဉ်အခါက မသာယာတဲ့ ဝေဒနာတွေကို ခံစားကြရတော့ ဒီမသာယာတဲ့ ဝေဒနာတွေကို စိတ်ရဲ့ အနက်ရိုင်းဆုံးနေရာက အတုံ့အပြန်လုပ်ပါတယ်။ ဒါဟာစိတ်ရဲ့ အကျင့်ပုံစံဖြစ်နေပြီးတော့ ဒေါသစိတ် အကုသိုလ်စိတ်တွေဟာ များသထက်များ၊ ပွားသထက်ပွားလာပြီး ဒီအကျင့်တွေက ပိုပိုစွဲမြဲလာပါတယ်။ ခံစားရတဲ့ ဝေဒနာက မကောင်းတော့ အကုသိုလ်မူ ပွားပါတယ်။ အကုသိုလ်မူတွေပွားတော့ မကောင်းတဲ့ ဝေဒနာတွေကို ခံစားရပါတယ်။

ဒီလိုနဲ့ အပြန်အလှန်ဖြစ်နေပြီး မုန့်လုံးစက္ကူကပ်ဖြစ်ကြတော့ အကျင့်ပုံစံက ဒီထက်ပိုပိုပြီး စွဲမြဲလာပြီးတော့ အားကောင်းလာပြီးတော့ ဆင်းရဲဒုက္ခက မရပ်နိုင်တော့ဘဲ ဒီဆင်းရဲ အတိထဲမှာပဲ နေရပါတော့တယ်။ အလားတူပါပဲ။ စိတ်ထဲမှာ မေတ္တာကရုဏာ စိတ်ကောင်းတွေရှိမှ ကုသိုလ်ကောင်းမူကိုလည်း၊ ကိုယ်နူတ်အပြုအမူတွေနဲ့ လုပ်ကိုင်နိုင်ပြီး စိတ်အေးချမ်းမူ၊ စိတ်ချမ်းသာမူတို့ကို ခံစားနိုင်ပါတယ် ဆိုတာဟာလည်း ထင်ရှားလာပါတယ်။ မျိုးစေ့က ကောင်းတဲ့မျိုးစေ့ကိုး။ အေးငြိမ်းချမ်းသာကို ခံစားလာရတော့ စိတ်ကလည်း အေးငြိမ်းချမ်းသာတဲ့ အကျင့်ပုံစံကို ရသွားပြီး ရှေ့ဆက်ပြီးတော့ အေးငြိမ်းချမ်းသာမူကိုသာ ပွားတော့တာပါပဲ။

စိတ်အေးငြိမ်းချမ်းသာတော့ ကောင်းတဲ့ ကိုယ်နူတ်အပြုအမူတွေ ကိုလည်း ပြုလုပ်ပါတယ်။ ကောင်းမူတွေကို လုပ်တော့ စိတ်အေးချမ်းလာပါတယ်။ အခုအေးငြိမ်းချမ်းသာတယ်။ နောင်လဲအေးငြိမ်း ချမ်းသာလိမ့်ဦးမယ်။ အေးငြိမ်းချမ်းသာမူတွေ တိုးပွားလာကြမှာ ဖြစ်ပါတယ်။ ဒီဟာပြင်ပက တန်ခိုးအာနုဘော်ကြောင့် ဖြစ်ပေါ်လာရတာ မဟုတ်ပါဘူး။ တရားကို နားလည်လာတော့ ဆင်းရဲခြင်းဖြစ်တာတွေကို မလုပ်တော့ဘဲ တဖြည်းဖြည်းနဲ့ အေးမြချမ်းသာခြင်း ဖြစ်လာတာကိုပဲ လုပ်ကြပါလိမ့်မယ်။ ဒါဟာ ဓမ္မတာပါပဲ။

ဝေဒနာကိုရူရာမှာ ကြမ်းတမ်းကနေ သိမ်မွေ့၊ သိမ်မွေ့လာတော့ အသိမ်မွေ့ဆုံးအထိ ရောက်လာတော့ တရားဓမ္မတွေဟာ ပိုပိုရှင်းလင်း ပြတ်သားလာတာကို တွေ့ရပါလိမ့်မယ်။ တရားဟာ လက်တွေ့ခံစားရတဲ့အခါဆိုရင် ပိုပြီးရှင်းလင်းပြီး လွယ်ကူလာပါတယ်။ ဒါဟာ စိန္တာမယဉာဏ် ဦးနှောက်အသိဉာဏ်နဲ့ မဖြစ်နိုင်ပါ။ စိတ်ထဲမှာ ဖြစ်ပျက်နေတာတွေကို အင်မတန် ဂရုစိုက်ရပါလိမ့်မယ်။ ဒါကြောင့် စိတ်ဆိုတာဘာလဲ - စိတ်ကဘယ်လို အလုပ်လုပ်ရတာလဲ ဆိုတာကို သိဖို့ရာကိုလိုပါတယ်။

ဝိပဿနာကို ကျင့်နေတုန်းမှာ ငယ်ထိပ်ကနေ ခြေဖျားအထိ ရူတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်နေပုံ အမှန်တရားကိုသာ ရူနေတာ မဟုတ်ပါဘူး။ စိတ်ရဲ့ ဖြစ်ပျက်မူအမှန်တရားကိုလည်း ရူနေတာဖြစ်ပါတယ်။ ဆက်ပြီးရူသွားတဲ့အခါ ရုပ်နာမ်-၂ပါးစလုံးရဲ့ ဖြစ်ပျက်နေတာတွေဟာလဲ ထင်ရှားလာပါတယ်။ မြတ်စွာဘုရားက ရုပ်ခန္ဓာကို အစိတ်စိတ်အမြွာမြွာခွဲပြီး ရူသလို စိတ်ကိုလည်း အမျိုးမျိုးအဖုံဖုံ ခွဲစိတ်ပြီး လေ့လာဆည်းပူးခဲ့တဲ့ အခါကျတော့ စိတ်ဟာ အမျိုးပေါင်း ၁၂၁-မျိုးရှိပြီး စေတသိက်ပေါင်း ၅၂-မျိုးရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment