ဒုတိယအရေးကြီးချက်ကတော့ ဝေဒနာတွေကို ရူနေစဉ်အခါမှာပဲ စိတ်ရဲ့ အကျင့်ပုံစံဟာ ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။ စိတ်ရဲ့ အရင်ကအကျင့်ပုံစံကတော့ ဝေဒနာတွေကို တုံ့ပြန်လုပ်ဖို့ ဖြစ်ပါတယ်။ တခုတော့ ပိုပိုပြီးတော့ ဥပေက္ခာစိတ်ဖြစ်နေပြီးတော့ ခန္ဓာကိုယ် တစ်ခုလုံးမှာ သိမ်မွေ့ဝေဒနာတွေကိုသာ ခံစားရစပြုလာပါတယ်။
ဒါပေမယ့် အကျင့်ဟောင်းက မကုန်သေးတော့ မခံသာတဲ့ ဒုက္ခဝေဒနာတွေကို ခံစားရတဲ့အခါကျတော့ တုံ့ပြန်မူတွေ လုပ်မြဲလုပ်နေတုန်းပါပဲ။ ဒီလိုအချိန်အခါမျိုးမှာ ယောဂီဟာ ရေအောက် ထဲမှာ ခေါင်းမြုပ်သလို ပါပဲ။ နောက် ရေအောက်ထဲက တစ်ခါ ခေါင်းပြန်ပေါ်လာပြန်ပြီးတော့ “သြော် - ဒီဝေဒနာတွေဟာ မြဲနေကြတာတွေမှ မဟုတ်ပါဘဲ။ ပြောင်းလဲနေကြတာတွေပဲ။ မမြဲတဲ့ အနိစ္စတွေ ပဲ”လို့ သတိတရားနဲ့ ရူလာနိုင်ပါလိမ့်မယ်။ ဒီတော့ စိတ်ဟာ ဥပေက္ခာ ဖြစ်နေပြန်ပါတယ်။ ဒီလိုနဲ့ အကျင့်ဟောင်းကြောင့် လူဟာ ရေထဲ မြုပ်လိုက် ရေပေါ်ပေါ်လိုက်နဲ့ ဖြစ်နေပါတယ်။
ဒါပေမယ့် တစ်ခဏလေးလောက်ပဲသာ ရေပေါ်မှာ ပေါ်နိုင်တယ်ဆိုရင်တောင်ပဲ တော်လှပါပြီ။ အစပျိုးလာပါပြီ။ ဒီတစ်ခဏလေးတွေကနေပြီး စက္ကန့်လေးတွေ၊ စက္ကန့်ကလေးတွေကနေပြီး မိနစ်ကလေးတွေ၊ မကြာခင်ပဲ တစ်နာရီ တရားထိုင်တဲ့အခါမှာ အချိန်ပြည့်တစ်နာရီလုံး ယောဂီရဲ့ ခေါင်းဟာ ရေပေါ်မှာပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ တရားထိုင်နေစဉ်မှာ ဘာပဲဖြစ်နေဖြစ်နေ ဘာပဲတွေ့နေတွေ့နေစိတ်ကို တည်ငြိမ်မျှတစွာထားပြီး တုန့်ပြန်မူမလုပ်ဘဲ အနိစ္စကိုသာ သတိရှိနေရန်ဖြစ်ပါတယ်။
ဒီဟာအတွက်ကို ယောဂီတို့က ကမ္မဋ္ဌာန်းနည်းကို သေသေချာချာနားလည်ပြီး တည်တည်ငြိမ်ငြိမ် အလုပ်လုပ်ရန် ဖြစ်ပါတယ်။ ဒီနည်းဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ဖြောင့်ဖြူးတဲ့ မဟာလမ်းမကြီးဖြစ်တာမို့ မှောင်မှောင်မိုက်မိုက် ပြေးပေါက်မရှိတဲ့ လမ်းကြိုလမ်းကြားကလေးမှာ သွားပြီး ငြိတွယ်မနေကြပါနဲ့၊ လမ်းစဉ်ကို ကောင်းကောင်းနားလည်ပြီး ဒီကမ္မဋ္ဌာန်းနည်းကိုလည်းကောင်း နားလည်ပြီးတော့ မြတ်စွာဘုရား ညွှန့်ကြားတော်မူခဲ့တဲ့ အတိုင်းလိုက်နာပြီး ကျင့်ကြပါ။ ဟိုနည်း ဒီနည်းတွေနဲ့လဲ ရောနှောရူပ်ထွေး မလုပ်ကြပါနဲ့။ မရေမတွက်နိုင်တဲ့ ယောဂီတွေဒီလို ကျင့်သုံးကြပြီး လွတ်မြောက်ခဲ့ကြပါပြီ။ ညွှန်ပြတဲ့နည်းအတိုင်း တခြားဘာကိုမှ မရောယှက်ဘဲ ကျင့်ကြပြီး ဆင်းရဲတွင်းက ထွက်ခဲ့ကြပါ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment