ဒါဟာဖြင့် ပြီးပြီးသားပဲ ပြောင်းလဲမူမရှိတော့ဘူးဆိုတာဟာ ဘာတစ်ခုမှ မရှိပါဘူး။ ဆက်တိုက်ပဲ ဖြစ်ဆဲဖြစ်ဆဲ ဖြစ်နေတာကို ဘ၀လို့ခေါ်ပါတယ်။ နောက်ထပ်ထင်ရှားပြီးလာမယ့် အမှန်တရား တစ်ခုကတော့ ဘာမဆိုဖြစ်လာကြတဲ့ဟာတွေဟာ မတော်တဆ မှတ်တမဲ့ ဖြစ်လာကြတာ မဟုတ်ပါဘူးဆိုတာ ဖြစ်ပါတယ်။ ဖြစ်သမျှဟာတွေဟာ အကြောင်းတစ်ခုမဟုတ်တစ်ခုကြောင့် မဟုတ်ရင်လဲ အကြောင်းတွေပေါင်းဆုံမူကြောင့် ဖြစ်ပေါ်လာကြတာ ဖြစ်ပါတယ်။
အကြောင်းကြောင့် အကျိုးဖြစ်ရပြီး တစ်ဖန်ဒီအကျိုးက ပြန်ပြီးအကြောင်း ဖြစ်ရပါတယ်။ ဒီလိုနဲ့ပဲအကြောင်းအကျိုး၊ အကျိုးအကြောင်း၊ အကြောင်းအကျိုး၊ အကျိုးအကြောင်းနဲ့ ဆက်ဆက်ပြီး တစ်လှိမ့်မတည်း လှိမ့်နေတာဖြစ်ပါတယ်။ နောက်သိသာထင်ရှားရမယ့် အမှန်တရား တစ်ခုကတော့ အကြောင်းရှိသလို အကျိုးရှိရမယ်။ အကြောင်းကောင်းသလို အကျိုးကောင်းရမယ်။ အကြောင်းဆိုးသလို အကျိုးဆိုးရမယ် ဆိုတာပါပဲ။
မျိုးစေ့အတိုင်း အသီးသီးမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ အပြင်လောကကြီးမှာလဲ ဒီတရားပါပဲ။ ခန္ဓာကိုယ်ဘောင်အတွင်းမှာလဲ ဒီတရားပါပဲ၊ အတူတူပါပဲ။ ဥပမာ - ဆိုကြပါစို့ - အပြင်လောကမှာ မြေကြီးပေါ်မှာ မျိုးစေ့ ၂ -စေ့ချလိုက်ပါတယ်။ ကြံပင်နှင့် တမာပင် မျိုးစေ့နှစ်စေ့ဖြစ်ပါတယ်။ ဒီနှစ်မျိုးစလုံးကို မြေသြဇာကလဲ အတူတူ၊ ရေ၊ နေ၊ လေ အစစ အရာရာကလဲ အတူတူပဲရကြပြီး အပင်ပေါက်ကလေးတွေ ပေါက်လာကြပါတယ်။ ကြံပင်ကတော့ အစိတ်အပိုင်းတိုင်းဟာ ချိုမြပါတယ်။ တမာပင်ကတော့ အစိတ်အပိုင်းတိုင်းဟာ ခါးပါတယ်။ ဒါဘယ့်နှယ်ကြောင့် ဒီလိုဖြစ်တာပါလဲ။ သဘာဝက တစ်ပင်ကို မျက်နှာလိုက်ပြီး တစ်ပင်ကိုတော့ ရက်စက်လို့လား။ မဟုတ်ရင်လဲ ဘုရားက တစ်ပင်ကို သနားပြီး တစ်ပင်ကိုတော့ မသနားလို့လား။ ဒီလိုမဟုတ်ပါဘူး။ ဒါတွေဟာ သဘာဝတရားအတိုင်း ဖြစ်ကြတာပါ။
မျိုးစေ့ထဲမှာရှိတဲ့ သူ့ရဲ့ဖုံးကွယ်တိမ်မြုပ်နေတဲ့ ပင်ကိုယ်သတ္တိ အရည်အချင်းစွမ်းအားကို သဘာဝက ထုတ်ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ကြံပင်မျိုးစေ့ရဲ့ ဖုံးကွယ်နေတဲ့ ပင်ကိုယ် သတ္တိကတော့ အချိုဓာတ်ပါပဲ။ ဒီတော့ သူကချိုတဲ့ အရသာကိုပဲ ဖော်ပြပါလိမ့်မယ်။ တမာပင် မျိုးစေ့ရဲ့ ပင်ကိုယ်သတ္တိကတော့ အခါးဓာတ်ဆိုတော့ သူက အခါးဓာတ်အရသာကိုပဲ ဖော်ပြနိုင်မှာပေါ့။ မျိုးစေ့ရဲ့ ပင်ကိုယ်သတ္တိအတိုင်း အသီးသီးတာကလဲ တူညီတဲ့သတ္တိအရည်အချင်း ရမှာဖြစ်ပါတယ်။ တမာပင်စောင့်နတ်ကို ဘယ်လိုပဲ ပူဇော်ပသပြီး အသနားခံပြီးတော့ ချိုမြတဲ့သရက်သီး ပေးပါလို့ ရှိခိုးတောင်းပန်နေပေမယ့်လို့ တမာပင်က သရက်သီး သီးမပေးနိုင်ပါဘူး။ သရက်သီးကို လိုချင်ရင် သရက်စေ့ကို စိုက်ရမှာပေါ့။ ဒီလိုဆိုရင် သူ့သဘာဝအလျောက် သရက်ပင် သရက်သီးပဲ သီးမှာဖြစ်ပါတယ်။
လူတွေရဲ့ဖြစ်ပုံကတော့ မျိုးစေ့ချတဲ့အချိန်တုန်းကတော့ ပေါ့ပေါ့ဆဆ သတိမပြုဘဲ ခါးတဲ့တမာမျိုးစေ့ကို စိုက်ကြပါတယ်။ အသီးသီးတဲ့အချိန်ကျမှ ချိုမြတဲ့သရက်သီးကို တောင်းကြပါတယ်။ ဒီလိုဘယ်ဖြစ်နိုင်ပါ့မလဲ။ မျိုးစေ့ကိုလိုက်ပြီး အသီးကသီးပါလိမ့်မယ်။ ကိုယ်ပြုမူမူ လုပ်ကိုင်မူတွေကိုလိုက်ပြီး အကျိုးပေးပါတယ်။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ဒါကို ပြောင်းလဲပေးလို့ မရနိုင်ပါဘူးဆိုတဲ့ သဘာဝတရားကို ကောင်းကောင်း သိရှိနားလည်လေလေ နိဗ္ဗာန်ရောက်ကြောင်းလမ်းကို စောစောစပြီး လျှောက်နိုင်လေလေ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ လူတွေက အမြင်မှား အထင်မှားတွေနဲ့ မကောင်းတဲ့နည်းတွေနဲ့ စိုက်ပျိုးနေပြီးတော့ တစ်ဦးတစ်ယောက်ကဖြင့် ငါ့ကိုကူညီ စောင့်ရှောက်လိမ့်မယ်။ သေသွားတဲ့အခါကျရင် တန်ခိုးအာနုဘော် တစ်ခုခုကြောင့် ငါဟာနတ်ပြည်ဗြဟ္မာပြည်ကို လားလိမ့်မယ်။ နိဗ္ဗာန်ကို ရောက်လိမ့်မယ်လို့ ယူဆမျှော်လင့်နေကြပါတယ်။ ဒါတွေဟာ အယူမှားတွေပါပဲ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment