ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 2 November 2012

ဓမ္မဿဝနအကြောင်း

တရားနာခြင်းကို “ဓမ္မဿဝန” ဟုခေါ်၏။ တရားနာရာ၌ -
၁။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း၊
၂။ ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာ နားလည်ရခြင်း၊
၃။ ယုံမှား သံသယ ဖြစ်နေသော အချက်များ၌ ယုံမှားကင်းရခြင်း၊
၎။ အယူမှန် သမ္မာဒိဋ္ဌိကိုရခြင်း
၅။ သဒ္ဓါပညာတိုးပွား၍ စိတ်ကြည်လင်ခြင်း ဟူသော အကျိုး ၅-ပါးကို ရနိုင်သည်။

ဆောင်။ ။သူတော်တရား၊ နာယူငြားက၊ မကြားစဖူး၊ ကြားရဖူး၏။ ကြားဖူးပြီးပြန်၊ ထပ်မံ၍ရှင်း၊ လွတ်ကင်းယုံမှား၊ ဖြောင့်သားအယူ၊ စိတ်ကြည်ဖြူသည်၊ ငါးဆူရမြဲ အကျိုးတည်း။

တရားနာအတု
ဤအကျိုးများကို ရဖို့ရန် ရည်သန်၍ တရားနာရာ၌သာ ဓမ္မဿဝန ကုသိုလ်အစစ် ဖြစ်နိုင်၏။ ဓမ္မကထိကကို ခင်မင်၍ဖြစ်စေ၊ ရယ်စရာ မော့စရာ အသောပါသဖြင့် ပျော်ရွှင်၍ဖြစ်စေ၊ “တရားမှ နာဖော်မရဘူး။ အပျင်းထူလိုက်တာ” ဟု ကဲ့ရဲကမည်စိုး၍ဖြစ်စေ၊ သူများအထင်ကြီးအောင်ဖြစ်စေ၊ ဓမ္မကထိက၏ အရည်အချင်းကို အကဲခတ်ကာ ကဲ့ရဲ့တန်လျှင် ကဲ့ရဲ့လို၍ ဖြစ်စေ နာကြရာ၌ကား ပေါက်ဖော်ကြီး စကားလို “၀မ်မှာ” စိုးရသည်။

ရှေးတုန်းက ပေါက်ဖော်တစ်ယောက် လှေစီးသွားရာ လှေသမားက “ပေါက်ဖော်… လှေကယိုလို့ သတိထားထိုင်ပါ” ဟု သတိပေး၏။ ပေါက်ဖော်က “လှေထဲ၌ရှိသော ရေယိုတာ ဘာအရေးစိုက်စရာရှိလဲ”ဟု ယူဆ၍ အားပါးတရ ထိုင်၏။ အတော်ကြာလျှင် တင်ပါးက အေးစက်စက် ရှိ၍ ငုံ့ကြည့်သောအခါ ရေတွေကို မြင်သဖြင့် “ဟင်… မယိုတဲ့အပြင် ၀မ်တောင်ဝမ်သေးသကိုး”ဟု ပြောသတဲ့။ ထို့အတူ မကောင်းစိတ် ယိုထွက်ဖို့ တရားနာရာ၌ မယိုဘဲဝမ်မှာ စိုးရသည်။

စားဖတ်ခြင်းအကျိုး
ယခုခေတ်၌ကား အလိမ္မာကို ကောင်းစွာပေးနိုင်သော ကျမ်းစာတွေ ပေါများလှ၏။ ထိုကဲ့သို့သော ကျမ်းစာများကို ကြည့်ရူကျက်မှတ် ရွတ်ဖတ်၍နေလျှင်လည်း တရားနာခြင်း၏ အကျိုးကိုရနိုင်၏။ ထို့ကြောင့် အချို့သော ခေတ်ဆန်ဆန် တရားကို နာမည့်အစား ကျမ်းစာကို ကြည့်ရူနေခြင်း၊ နူတ်ရှင်းသူကို ဖတ်ဖို့ရန် တောင်းပန်၍ ကြားနာခြင်းတို့က အကျိုးများဖွယ် ရှိပါသေးသည်။

(မည်သည့် ကျမ်းစာသည် မိမိတို့နှင့် သင့်လျော်သည်ဟု မရွေးချယ်တတ်လျှင် ဇိနတ္ထပကာသနီ၊ ဗုဒ္ဓ၀င်၊ သံဝေဂ၀တ္ထုဒီပနီ၊ ငါ့ရာ့ငါးဆယ် ဇာတ်တော်ကြီးများနှင့် ရှေးဆရာတော်ကြီးများ စီစဉ်တော်မူအပ်သော ကျမ်းသာတို့သည် အမှန်အကျိုးများသော ကျမ်းစာများ ဖြစ်သဖြင့် ဖတ်မှတ်လေ့လာသင့်ပါသည်။)
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment