မြတ်စွာဘုရား၏ သာသနာအပြင်ဘက် တိတ္ထိတို့ သာသနာအလုပ်များမှာ မြတ်စွာဘုရား၏ သာသနာပိုင်အလုပ်နှင့် ဆင်တူယိုးမှား ပြုလုပ်ကြသည်ကို ထားဘိဦး၊ ကျွန်ုပ်တို့၏ မြတ်စွာဘုရား သာသနာတွင်း၌ ကိုးကွယ်ဆည်းကပ် ပြုလုပ်အပ်သော အလုပ်တူပါလျက် မိမိတို့ အလိုရှိသလို ကြံစည်ယူဆ လုပ်ကိုင်ကြသူတို့ ယနေ့ အခြေအနေအရ အလွန်တိုးပွားလျက်ရှိလေသည်။
အထက်ပါ နိဂဏ္ဍတို့ ယူဆအားထုတ်ကြသကဲ့သို့...
(နခေါ အာဝုသော ဂေါတမ သုခေနသုခံ အဓိဂန္တဗ္ဗံ)
“ငါ့ရှင်... ဂေါတမ၊ ချမ်းသာကို ချမ်းသာလော ကိုယ်နှင့် ရင်းနှီး၍မရ”
(ဒုက္ခေန ခေါ သုခံ အဓိဂန္တဗ္ဗံ)
“ဆင်းရဲဒုက္ခနှင့်ရင်းနှီးမှ ချမ်းသာသော နိဗ္ဗာန်ကိုရမည်”
ယခုအခါ အချို့ တရားအားထုတ်သူတို့ ဤအတိုင်းယူ၍ ဤအတိုင်း အားထုတ်နေကြသည်။ ဒုက္ခဝေဒနာ အပြင်းအထန်တွေ့လျှင် ချက်ချင်း နိဗ္ဗာန်ကို ရတော့မည်ဟု ထင်၍ ကိုယ်ကို စိတ်ကို ညှင်းပန်းနှိပ်စက်၍ ကျင့်နေကြသည်၊ ယခု ဒုက္ခကို ချုပ်အောင် ပြုတ်အောင် အကျင့်လုပ်၍ အားထုတ်ထားမှ သေခါနီး ဒုက္ခတွေ့လျှင် ခံနိုင်မည်ဟုဆို၍ ထိုဒုက္ခကို ရှာဖွေ၍ပင် အားထုတ်ကြလေသည်။ စင်စစ် အထက်ပါစကားမှာ ဘုရားစကားမဟုတ်၊ နိဂဏ္ဍတို့ပြောသော သာသနာပစကား ဖြစ်ကြောင်း ၎င်းသုတ် နံပါတ် (၁၃၁)တွင် ဆက်ကြည့်နိုင်သည်။
ထိုတွင်မက မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဗောဓိရာဇသုတ်တွင် ဗောဓိမင်းသားက အထက်ပါ နိဂဏ္ဍတို့ စကားမျိုးအတိုင်း...
“နိဗ္ဗာန်ချမ်းသာကို ချမ်းချမ်းသာသာ ရှာ၍မရနိုင်၊ နိဗ္ဗာန်ချမ်းသာကို ဆင်းရဲနှင့်ရင်း၍ ရှာမှရနိုင်မည်”
ဟု ၎င်း၏ ရည်ရွယ်ချက်ကို လျှောက်ထားသည်တွင် မြတ်စွာဘုရားက “ကပိလ၀တ် နေပြည်တော်တွင် ကြီးကျယ်သော မင်းစည်းစိမ်ကို ခံစားခဲ့ပြီး တောထွက်ခဲ့ပုံ၊ ထိုနောက် ဥရုဝေလတောတွင် ဒုက္ခဆင်းရဲနှင့် (၆)နှစ် ရင်းနှီး၍ ကျင့်သော်လည်း တရားမရပုံ၊ နောက် သေနာနိဂုံးရောက်၍ “သုခ-ဒုက္ခ” ချမ်းသာဆင်းရဲကို ပယ်ခွာ၍ မဇ္ဈိမပဋိပဒါမျှတအောင် အားထုတ်မှ တရားရပုံ ပြန်ဟောထားသည်။
(ကျယ်ကျယ်ပြန့်ပြန့်နှင့် အတိအကျသိလိုသူများ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဗောဓိရာဇကုမာရ သုတ် ၂၂၇ တွင် လေ့လာပါ)
တိတ္ထိပရိဗိုဇ်တို့၏ အဆုံးအမတွင် ဗုဒ္ဓဘုရား၏ အဆုံးအမ အသံအမျိုးပါသော်လည်း အလုပ်သဘောအားဖြင့် ထိရောက်မူ မရှိရုံသာမက အမှန်တရားကို မသိမူကြောင့် မိမိကိုယ်ကို မိမိညှင်းပန်းနှိပ်စက်သည့် သဘောသို့ ရောက်ကုန်သည်၊ ဗုဒ္ဓသာသနာ အလုပ်အားထုတ်သူတို့သည်လည်း ၀ိပဿနာအလုပ်၏ ပရမတ်အာရုံရောက်အောင် မရူနိုင်မူကြောင့် လိုအပ်သော တရားလမ်းကြောင်းသို့ မ၀င်မရောက်ဘဲ ပညတ်အာရုံကိုပင် ပရမတ်ထင်၍ ရူနေတတ်ရာ အရေးကြီးသော သံသရာပြတ်မူလုပ်ငန်းတွင် ယထာဘူတကျအောင် လေ့လာအပ်လေသည်။
ယခု ပရိဗိုဇ်တို့က “ကာမဂုဏ်တရားကို ရှင်ဂေါတမလည်း လွန်မြောက်ဖို့ ပညတ်သည်၊ ငါတို့ကလည်း လွန်မြောက်ဖို့ ပညတ်ကုန်၏”ဟု ဆိုရာတွင်...
“တထာဂတော ကာမာနံ ပရိညံ အနာဂါမိမဂ္ဂေန ပညပေတိ၊ ရူပဝေဒနာနံ အရဟတ္တမဂ္ဂေန”
(၎င်းအဋ္ဌကထာ - ၃၅၉)။
“အနာဂါမိမဂ်ဖြင့် ကာမကို ပိုင်ပိုင်သိသဖြင့် ပယ်ကြောင်းကို ပညတ်၍ အဆင်း(ရုပ်)ကို၊ ခံစားမူ(ဝေဒနာ)ကို အရဟတ္တမဂ်ဖြင့် ပယ်ကြောင်း ဘုရားရှင်ပညတ်သည်”
“အနာဂါမိမဂ်ဖြင့် ကာမကို ပိုင်ပိုင်သိသဖြင့် ပယ်ကြောင်းကို ပညတ်၍ အဆင်း(ရုပ်)ကို၊ ခံစားမူ(ဝေဒနာ)ကို အရဟတ္တမဂ်ဖြင့် ပယ်ကြောင်း ဘုရားရှင်ပညတ်သည်”
ပရိဗိုဇ်တို့သည် လွန်မြောက်ရန်မဆိုထားဘိ၊ လွန်မြောက်ကြောင်းမဂ္ဂင်အလုပ်ကို အလုပ်ဟူ၍မသိ ကာမရာဂထကြွ ဖြစ်ပေါ်လာမှ ရေငုပ်ခြင်း၊ မီးလူံခြင်း၊ ရေစိမ်ခြင်း၊ ဆူးပေါက်အိပ်ခြင်းစသော အာရုံပြောင်းအောင်၊ ခေတ္တငြိမ်ဝပ်အောင် ကာကွယ်နေရသည်ကိုပင် “ငါတို့လည်း ပညတ်ကုန်၏”ဟု ဆိုသောစကားမှာ ပရိဗိုဇ်တို့နှင့် မတန်မရာသော စကားသာ ဖြစ်ချေသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခါနီးတွင် ဥပကကြီး၏သား သုဘဒ္ဒပရိဗိုဇ် ရောက်လာလျက် “သာသနာပတွင် ရဟန်းသံဃာများ ရှိပါသလား” ဟူသော အမေးကို ဖြေကြားရာ၌ မြတ်စွာဘုရားက...
“သမဏာ နတ္ထိ ဗာဟိယေ”
“သာသနာပတွင် ရဟန်းသံဃာ မရှိချေ။ တိတ္ထိတို့၏ သာသနာတွင်လည်း ရဟန်းသံဃာမရှိချေ”ဟု ဟောတော်မူသည်၊ အဘယ်ကြောင့်ဟူမူ...
ပရမတ္ထရဟန်းသံဃာဖြစ်အောင် အရိယာဘ၀သို့ ပို့ဆောင်တတ်သော တရားမှာ(မဂ္ဂင်ရှစ်ပါး) အကျင့်တရားဖြစ်၍ ပရိဗိုဇ်တို့ သာသနာတွင် မဂ္ဂင်ရှစ်ပါးအကျင့်တရား မရှိသောကြောင့် ဖြစ်၏။ ထိုမဂ္ဂင်အလုပ်မလုပ်လျှင် “သောတာပန် ဟူသော ပထမ သမဏကိုမရအပ်” ဆိုသောကြောင့် ကာမဂုဏ်တရားတို့ကို လွန်မြောက်မူ အနာဂါမ် အဖြစ်ကား အလွန်ဝေးသေးသည်၊ သို့ဖြစ်၍ မြတ်စွာဘုရားသည် “ဤကာမဂုဏ်ကို လွန်မြောက်ကြောင်း ပညတ်ခြင်းသည် ပရိဗိုဇ်တို့၏ အရာပင်မဟုတ်”ဟု ဆိုတော်မူခြင်းဖြစ်သည်။
(၆)
ပါဠိတော်
(၆)
ပါဠိတော်
“ကောစ ဘိက္ခဝေ ကာမာနံ အသာဒေါ။ ပဉ္စိမေ ဘိက္ခဝေကာမဂုဏာ၊ ကတမေပဉ္စ။ လ။ ယံခေါဘိက္ခဝေ ဣမေပဉ္စ ကာမဂုဏေ ပဋိစ္စဥပ္ပဇ္ဇတိ သုခံ သောမနဿံအယံ ကာမာနံအဿာဒေါ”
ကာမဂုဏ်တို့၏ သာယာဖွယ်
မြန်မာပြန်
ကာမဂုဏ်တို့၏ သာယာဖွယ်
မြန်မာပြန်
“ရဟန်းတို့-ကာမဂုဏ်တို့၏ သာယာဖွယ်သည် အဘယ်နည်း၊ ရဟန်းတို့-ကာမဂုဏ်တို့သည် ငါးပါးတို့တည်း၊ အဘယ်ငါးပါးတို့တည်းဟူမူ- လိုချင်ဖွယ်၊ နှစ်သက်ဖွယ်၊ မြတ်နိုးဖွယ်၊ ချစ်ခင်ဖွယ်သဘောရှိ၍ ကာမရာဂနှင့် စပ်သွယ်လျက် တပ်မက်ဖွယ်ဖြစ်သော မြင်သိဖြင့်သိရသော အဆင်း၊ ကြားသိဖြင့်သိရသော အသံ၊ နံသိဖြင့်သိရသော အနံ့၊ လျက်သိဖြင့်သိရသော အရသာ၊ ကိုယ်သိဖြင့်သိရသော အတွေ့အထိတို့ပင်တည်း။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့ပင်တည်း၊ ထိုငါးပါးတို့တွင် တစ်ပါးပါးကို အစွဲပြု၍ ဖြစ်ပေါ်လာသော ချမ်းသာခြင်း၊ ၀မ်းသာခြင်းတို့သည် ကာမဂုဏ်တရားတို့၏ သာယာဖွယ်တည်း”
အဓိပ္ပာယ်ရှင်းလင်းချက်
အဓိပ္ပာယ်ရှင်းလင်းချက်
“အာရုံငါးပါး ကာမဂုဏ်တရား ဆိုသည်မှာ မြင်တတ်သော မျက်စိသည် မြင်အပ်သော အဆင်းကိုမြင်၏၊ ထိုမြင်ဆဲတွင် အဆင်းကို အစွဲပြု၍ လိုချင်ဖွယ်၊ နှစ်သက်မြတ်နိုးဖွယ် ချစ်ခင်ဖွယ်ဟု ယူမှတ်လျက် ထိုအဆင်းပေါ်၌ ကပ်ငြိသော (ရာဂ)စိတ် ဖြစ်လာသည်။ ထိုစိတ်သည် ထိုအာရုံဟူသော အဆင်းအား တပ်မက်သော အားဖြင့် အဖန်ဖန်အောက်မေ့ခြင်း၊ မကြာခဏ ကြည့်လိုမြင်လိုသဖြင့် ကြည့်၍ မြင်၍ တိုးပွားလာသော ချမ်းသာခြင်း၊ ၀မ်းသာခြင်းသည် ထိုအခိုက်ထိုခဏ၌ ဖြစ်သော မျက်စိအာရုံ ကာမဂုဏ်၏ သာယာဖွယ်တည်း။
(ကျန်သော ၄-ပါးလည်း ဤနည်းတူပင်)
သာယာဖွယ်ဆိုသည်မှာ မျက်စိနှင့်အဆင်း တိုက်တွေ့ဆဲ ကာလခဏ၊ နားနှင့်အသံကို တိုက်တွေ့ဆဲ ကာလခဏ၊ နှာခေါင်းနှင့်အနံ့ တိုက်တွေ့ဆဲ ကာလခဏ၊ လျှာနှင့်အရသာ တိုက်တွေ့ဆဲ ကာလခဏ၊ ကိုယ်နဲ့ တိုက်တွေ့ဆဲ ကာလခဏတို့၌ သဘာကျ ကျေနပ်သော အခိုက်သာဖြစ်၍ အလွန်တိုတောင်းလှသည်။ သို့ရာတွင် တိုက်တွေ့မိသော ပုထုဇဉ်တို့ကား အမြဲပင် ဆက်၍ဆက်၍ တိုက်တွေ့ပြီး ထိုသာယာဖွယ်ကိုပင် ကြီးထွားအောင် ပြုလုပ်နေကြသည်။ သို့ကြောင့် မြတ်စွာဘုရား သည်…
“အပ္ပဿာဒါကာမာ ဗဟုဒုက္ခာ ဗဟုပါယာသာ အာဒိနဝေါ ဧတ္ထဘိယျော”ဟု ဟောတော်မူ သည်။
“ကာမာ - ကာမဂုဏ်တို့သည်၊ အပ္ပဿဒါ - သာယာဖွယ်နည်းကုန်၏၊ ဗဟုဒုက္ခာ - ဆင်းရဲများကုန်၏၊ ဗဟုပါယာသာ - ပူလောင်မူများကုန်၏၊ ဧတ္ထ - ဤကာမဂုဏ်ဟူသော တရား၌၊ အာဒီနဝေါ - အပြစ်သည်၊ ဘိယျော - လွန်ကဲကုန်၏”
ထိုထိုအဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့တို့ကို “၀တ္ထုကာမ”ဟု ခေါ်သည်။ ထိုဝတ္ထုကာမဖြစ်သော အာရုံတစ်ခုခုကို သက်ဆိုင်ရာ မျက်စိ စသည်ဖြင့် တိုက်တွေ့သောအခါ နှစ်သက် တပ်မက်သော စွဲငြိမူကို “ကိလေသာကာမ”ဟု ခေါ်လေသည်။ ယင်းကိလေသာ စိတ်ဖြစ်သော အခိုက်တွင် ကာမဂုဏ်၏ သာယာဖွယ်ဖြစ်၍ ထိုစိတ်တို့ မပြတ်မပြတ်ဖြစ်အောင် တိုက်ပေးမူ၊ နှလုံးသွင်းမူတို့ကြောင့် အခိုက်အတန့် သာယာဖွယ်သည် အကောင်အထည် အလုံးအခဲကြီးအဖြစ် ထင်ရလောက်အောင် ကြီးကျယ် ပွားများလာလေသည်။ ၎င်းသည် ခိုင်မာသော အနှောင်အဖွဲ့(သံယောဇဉ်) ဖြစ်လာရကား ထိုကာမဂုဏ် ချည်တိုင်မှ မလွတ်နိုင်တော့ပေ။ စင်စစ်မှာ စိတ္တက္ခဏ တစ်ချက်စာမျှသာ ရှိလေသည်။ ထိုအနည်းငယ်မျှသော ကာလခဏ သာယာဖွယ်အတွက် ရင်းနှီးရသော ဆင်းရဲကား ရှေ့တွင် လာလတ္တံ့။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment