မိမိတို့လိုလား တောင့်တအပ်သော ကာမအာရုံတစ်ခုခုသို့ တက်မက်သော ကိလေသာစိတ် ၀င်လာက “ကိလေသာ ကာမ” ဖြစ်၍ ထိုစိတ်မျိုးမကင်းသည့်သူ လူအများသို့ ကူးစက် ပြန့်ပွားခိုက်ရန် များလေတော့သည်။ မြတ်စွာဘုရား လက်ထက်တော်တွင် ကပိလ၀တ်ပြည်နှင့် ကောလိယ နှစ်ပြည်ထောင်တို့၏ အကြား ဖြတ်သန်းစီးဆင်းသည့် (ရောဟိဏီ) ငါးကြင်းမြီးကဲ့သို့ ၂ခွမြစ်သည် ရှိ၏။ ထိုမြစ်ကို အမှီပြု၍ နှစ်ပြည်ထောင်မှ လယ်ယာ လုပ်သားတို့သည် လယ်ယာ အလုပ်လုပ်ကြလေသည်။
ဤနှစ်တွင် မိုးကလည်း နည်းသဖြင့် နယုန်လအခါတွင် စိုက်ပျိုးစဖြစ်သော ကောက်ပင်ငယ်တို့မှာ ရေမရမူကြောင့် ညှိုးနွမ်းလာသည်ကို မြင်ကြရသောအခါ နှစ်ပြည်ထောင်သော လယ်ယာလုပ်သားတို့သည် အစည်းအဝေး ခေါ်၍ တိုင်ပင်ဆွေးနွေးကြရာတွင်... ကပိလ၀တ်ပြည်သား လယ်သမားတို့က...
“ဤမြစ်ရေကို ၂မြို့သော လယ်သမားတို့ ခွဲဝေယူကြလျှင် ငါတို့အားလည်း ပြည့်စုံလုံလောက်မည်မဟုတ်၊ သင်တို့အားလည်း ပြည့်စုံလုံလောက်မည်မဟုတ်၊ သို့အတွက် ထိုမြစ်ရေကို ငါတို့အား ပေးကြပါ၊ ဤရေကို တစ်ကြိမ် သွင်းရလျှင် ငါတို့ကောက်ပင်တို့မှာ ကောင်းစွာ ကြီးပွားလာနိုင်ပါသည်၊ သို့အတွက် ရေကို ငါတို့အားပေးကြပါကုန်”
ဟု ဆိုသော်-ကောလိယပြည်သား လယ်သမားတို့ကလည်း -
“ကောင်းပါပြီ ငါတို့က ဤမြစ်ရေကို သင်တို့လယ်ယာ ကောက်စပါးအတွက် ပေးလိုက်သဖြင့် သင်တို့စပါးတွေရလို့ ကျီးကြတို့တွင် ပြည့်နေသောအခါ ငါတို့က ရွှေနီ-ပတ္တမြားညို-ငွေအသပြာ-ဒင်္ဂါနတ် တို့ကို အိတ်များ တောင်းများတွင်ထည့်၍ သင်တို့၏ အိမ်ဝတို့သို့ လှည့်လည်ဝယ်ယူခြင်း မလုပ်နိုင်ပါ၊ သို့အတွက် ရေကို သင်တို့အား မပေးနိုင်”
ဟု ဆို၍ ငြင်းခုံ ကြလေသည်။
သို့ဖြင့် ရေအတွက် အငြင်းပွားကာ စကားများနေကြရာမှ တစ်ဖက်မှ လယ်လုပ်သားတစ်ယောက်က အခြားဖက်မှ လယ်လုပ်သားတစ်ယောက်အား လက်ရောက်ပုတ်ခတ်လိုက်လေသည်။ အရိုက်ခံရသော သူကလည်း အခြားတစ်ယောက်ကို ရိုက်နှက် ပုတ်ခတ်ကြခြင်းဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေကြစဉ်တွင် တစ်ယောက်နှင့်တစ်ယောက် အော်ဟစ်ဆဲဆိုကြလျက် အုပ်ချုပ်သောမင်းတို့ ထိအောင် တိုက်ခိုက်ဆဲရေးကြလေသည်။ ထိုအခါ ကောလိယပြည်သားတို့က...
“တောခွေး-အိမ်ခွေး အစရှိသည်တို့သည် မိမိတို့၏ အစ်မ-နှမတို့နှင့် အတူတကွ ပေါင်းသင်း နေထိုင်ကြသကဲ့သို့ သင်တို့၏ မင်းတို့သည်လည်း မိမိတို့၏ နှမတို့နှင့် ပေါင်းသင်းနေထိုင် ကြကုန်သော ကပိလ၀တ် မင်းတို့၏ ဆင်၊ မြင်း၊ ဒိုင်းကာလက်နက်တို့သည်လည်းကောင်း၊ ခဲယမ်းမီးကျောက်တို့သည် လည်းကောင်း၊ ငါတို့အား ဘာတတ်နိုင်မည်နည်း၊ ငါတို့ ဂရုမစိုက်”
ဟု ထိခိုက်ဆဲရေးကြလေကုန်သည်။ ထိုစကားကို ကြားလျှင် ကပိလ၀တ်ပြည်သားတို့ကလည်း ဒေါသအမျက်ထွက်ကြကုန်လျက်...
“အချို့တို့သည် နူနာရှိကုန်သဖြင့် အားထားရာကိုးကွယ်ရာ မရှိသောကြောင့် ကလောပင်၏ သစ်ခေါင်းထဲသို့ ၀င်နေသော တိရစ္ဆာန်တို့သည် ထိုကလောပင် အခေါက်ကိုသာ စားနေကြသကဲ့သို့ နူနာရှိသော သူတို့ ကလောပင် အခေါင်း၌ နေကြစဉ် သင်တို့က ခေါ်ဆောင်၍ မင်းပြုထားသော အနူမင်းတို့၏ ဆင်၊ မြင်း၊ ဒိုင်းကာ လက်နက်တို့သည်လည်းကောင်း၊ ခဲယမ်းမီးကျောက် တို့သည်လည်းကောင်း ငါတို့အား ဘာတတ်နိုင်မည်နည်း၊ ငါတို့က ဂရုမစိုက်”
ဟု အပြန်အလှန် ပြောဆိုကြပြီးလျှင် အသီးသီး ပြန်ကြကုန်လျက်လယ်ယာလုပ်ငန်းဆိုင်ရာ အမတ်ဝန်ကြီးတို့ကို တိုင်ကြားလေသဖြင့် ထိုလမိုင်းဝန်တို့ကလည်း သက်ဆိုင်ရာမင်းတို့ကို သံတော်ဦး တင်ကြလေကုန်သည်။
ယင်းသို့လျှင် မင်းတို့အား သံတော်ဦးတင်လိုက်ကြသောကြောင့် ကပိလ၀တ် မင်းတို့က “မိမိနှမတို့နှင့်အတူ ပေါင်းဖော် နေထိုင်သော ငါတို့၏ အား-အစွမ်းသတ္တိကို ပြကြရသေးတာပေါ့၊ အားလုံးစစ်တိုက်ရန်အတွက် ပြင်ဆင်၍ ထွက်ကြ”ဟု အမိန့်ပေး၍ ထွက်ခဲ့ကြလေရာ ကောလိယမင်းတို့ကလည်း...
“ကလောပင်၌နေပြီး ကလောအခါက်စားနေရသော အနူတို့၏ အား-အစွမ်းသတ္တိကို သိကြရအောင် ယခုပင် စစ်ဆင်၍ ထွက်ကြ”ဟု အမိန့်ပေး၍ ထွက်လာခဲ့ကြလေရာ ရောဟိဏီမြစ် တစ်ဖက်တစ်ချက်၌ မျက်နှာချင်းဆိုင် မိကြလေသည်။
ထိုအချိန်တွင် မြတ်စွာဘုရားသည် မဟာကရုဏာသမာပတ်မှ ထတော်မူ၍ လောကကို ကြည်တော်မူသည်ရှိသော် နှစ်ဖက်သော ဆွေတော်မျိုးတော်တို့သည် “ငါမသွားက ပျက်စီးသေကျေ သွေးချောင်းစီးမည်ကို မြင်တော်မူသည့်ဘ၀၊ ငါဘုရား ကြွသွားက နှစ်ဖက်သော ဆွေတော်မျိုးတော် တို့အား ငြင်းခုံခိုက်ရန် ငြိမ်းစေဖို့အတွက် (ဖန္ဒနဇာတ်-ပထ၀ီဥနြ္ဒိယဇာတ်-လဋုကိလဇာတ်) ၃ဇာတ်တို့ကို ဟောအံ့။ ထိုအခါ ခိုက်ရန်ငြိမ်း၍ အေးချမ်းကာ စိတ်သဘော ညီညွတ်ကြသောအခါ ညီညွတ်ခြင်း၏ အကျိုးပြ (ရုက္ခဓမ္မဇာတ်-၀ဋ္ဋကဇာတ်) ၂ဇာတ်တို့ကို ဟောပြီးလျှင် “အတ္ထဒဏ္ဍသုတ်”ကို ဆက်လက်ဟောသောအခါ နှစ်ဖက်သော မင်းတို့သည် မင်းသားငယ် ၂၅၀စီ ရဟန်းပြုရန် ပေးကုန်လတ္တံ့၊ ထိုသူတို့ ရဟန်းပြုပြီးသည့်နောက် ရဟန္တာဖြစ်ပြီးသောအခါ မဟာဝုန်တောတွင် ကြီးစွာသော နတ်ဗြဟ္မာ စည်းဝေး တရားပွဲကြီး(မဟာသမယ)သည် ဖြစ်လတ္တံ့”ဟုလည်း မြင်တော်မူသောကြောင့် မည်သည့်ရဟန်းတစ်ပါးကိုမျှ အသိမပေးဘဲ တစ်ကိုယ်တော်တည်း သပိတ်သင်္ကန်းတို့ကို ယူတော်မူလျက် ကောင်ကင်ခရီးဖြင့် ကြွလာတော်မူပြီးလျှင် နှစ်ဖက်သော မင်းတို့စစ်ပြင်ရာ ရောဟိဏီမြစ်လယ် အထက်ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ သီတင်းသုံးနေတော်မူသည်ရှိသော် နှစ်ဖက်သောမင်းတို့သည် မြတ်စွာဘုရားကို တွေ့မြင်ကြရလေသဖြင့်...
“ငါတို့၏ နောင်တော်ကြီး ကြွလာတော်မူသည်၊ ငါတို့သည် နောင်တော်ကြီးရှေ့မှောက်၌ ဤသို့ လက်နက်ကိုင်ဆောင်ခြင်ငှာမသင့်၊ ရန်သူတို့သည် ငါတို့အား ပစ်သော်လည်း ပစ်စေကုန်၊ ထိုးခုတ်သော်လည်း ထိုးခုတ်စေကုန်၊ ငါတို့ ပြန်၍ ရန်မပြုအံ့”
ဟု အသိတရားဖြင့် လက်နက်တို့ကို စွန့်ပစ်ကြလေကုန်ပြီ၊ တစ်ဖက်သော မင်းတို့ကလည်း ထိုနည်းအတူ စွန့်ပစ်ကြလေကုန်သည်။ ထိုအခါမှ နှစ်ဖက်မင်းတို့၏ အလယ် ကောင်းကင်ထက်မှ မြတ်စွာဘုရားက...
“မင်းမြတ်တို့ - ဤနေရာသို့ အဘယ်ကိစ္စနှင့် လာကြကုန်သနည်း”
“မြတ်စွာဘုရား-တပည့်တော်တို့သည် ရေကစားရန်၊ တောကစားရန်၊ မြစ်ကိုကြည့်ရန်၊ တောလည်ရန်၊ ပျော်မြူးရန် လာကြခြင်း မဟုတ်ပါ၊ အဟုတ်အမှန်သော်ကား စစ်တိုက်ဖို့ ရောက်လာကြပါသည် ဘုရား”
“ဘာကိုအကြောင်းပြု၍ စစ်တိုက်ကြမည်နည်း”
“ရေကိစ္စကို အကြောင်းပြုပါသည် ဘုရား”
“ရေသည် အဘယ်မျှ အဖိုးတန်သနည်း”
“ရေဟူသည် အနည်းငယ်သာ တန်ဖိုးရှိပါသည် ဘုရာ”
“မင်းမြတ်တို့-မြေသည် အဘယ်မျှ တန်ဖိုးရှိသနည်း”
“မြေသည် တန်ဖိုးမဖြတ်နိုင်ပါ ဘုရား”
“မင်းမြတ်တို့-တန်ဖိုးမဖြတ်နိုင်သောမြေကို အစိုးရသော မင်းတို့သည် အဘယ်မျှ တန်ဖိုးရှိသနည်း”
“မြတ်စွာဘုရား-မင်းတို့သည် တန်ဖိုးမဖြတ်နိုင်ပါဘုရား”
“မင်းမြတ်တို့-သို့ဖြင့် တန်ဖိုးနည်းသော ရေကိုအကြောင်းပြု၍ တန်ဖိုးမဖြတ်နိုင်သော မင်းတို့ကို အဘယ်ကြောင့် ဖျက်ဆီးလိုကြသနည်း၊ ငြင်းခုံခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ဟူသည် သာယာဖွယ် မဟုတ်၊ အကြောင်းမဟုတ်သည်ကို အကြောင်းလုပ်၍ ရန်ပြုမူကြောင့် ၀က်ဝံနှင့်ကြို့ပင်စောင့်နတ်တို့သည် ဤကမ္ဘာသို့တိုင်အောင် လိုက်၍ ပျက်စီးကြကုန်ဖူးပြီ”ဟု ဖန္ဒနဇာတ်ကို ဟောတော်မူသည်။
ထို့နောက် မြတ်စွာဘုရားသည်...
“မင်းမြတ်တို့-တိုင်းပြည်အုပ်ချုပ်သော မင်းတို့မည်သည် တစ်ပါးသောပုဂ္ဂိုလ်၏ စကားမျှဖြင့် အတိအကျမသိဘဲ ယုံကြည်မူ မပြုကောင်းပေရာ၊ တစ်ပါးသူ၏ စကားကို မဆင်ခြင် ယုံကြည်မူကြောင့် ယုန်ငယ်၏ စကားဖြင့် တောသုံးထောင်ရှိ သတ္တ၀ါတို့ မဟာသမုဒ္ဒရာသို့ ပြေးဝင်ဖူးကြကြောင်း”
ဖြင့် ပထ၀ီဥန္ဒြိယဇာတ်ကို ဟောတော်မူပြီးနောက်...
“မင်းမြတ်တို့-တစ်ခါတစ်ရံ အားနည်းသော သူကိုသော်လည်း မထီမဲ့မြင် မပြုရာ၊ အထင်မသေးရာ အားနည်းသောသူသည်လည်း တစ်ခါတစ်ရံ အားကြီးသောသူ၏ အင်အားကို ဖျက်ဆီးနိုင်ကြောင်းဖြင့် ဗီလုံးငှက်မငယ်သည် အားကြီးသော ဆင်ပြောင်ကြီးကို သတ်ဖူးပြီ”
ဟု လဋုက်က ဇာတ်ကို ဟောတော်မူ၍ ညီညွတ်ခြင်း၌ အကျိုးရှိ၍ မညီညွတ်ခြင်း၌ အကျိုးပျက်စီးကာ ဆင်းရဲပုံတို့ကို ပြခြင်းငှာ “ရုက္ခဓမ္မဇာတ်နှင့် ၀ဋ္ဋကဇာတ်” တို့ကို ဟောတော်မူပြီးနောက် ခိုက်ရန်ငြင်းခုံခြင်း၌ သာယာဖွယ် တစ်စုံတစ်ရာ မရှိပုံတို့ကို ဟောတော်မူရာ နှစ်ပြည်ထောင်မင်းတို့သည်...
“ငါတို့၏ အသက်သည် နောင်တော်ကြီး၏ အသက်သာရှိတော့သည်၊ နောင်တော်ကြီးကြွမလာက ငါတို့၏ အသက်သည် မရှိတော်သည့်အဖြစ်သို့ ရောက်မည်”
ဟု ၀မ်းမြောက်ကျေးဇူးတင်စွာနှင့် တစ်ဖက်လျှင် မင်းသားငယ် ၂၅၀စီပေး၍ ရှင်ရဟန်းပြုကာ မဟာဝုန်တောတွင် ရဟန္တာဖြစ်ကြ၍ ဘုရားတစ်ဆူ တစ်သက်တွင် တစ်ခါသာ ကြီးကျယ်သော နတ်ဗြဟ္မာတို့၏ မဟာသမယနေ့ကြီး ဖြစ်သတည်း။
(ဓမ္မပဒ ဋ္ဌကထာ ဉာတိကလဟ၀ူသမ ၀တ္ထုနှင့် သုတ်မဟာဝါ အဋ္ဌကထာ မဟာသမယ အဖွင့်တို့ကို တိုက်ရိုက် မြန်မာပြန်ထည့်လိုက်သည်)။
ဤမျှ အထိုးမတန်သော ရေအပေါ်တွင် စွဲလမ်းတပ်မက်လိုချင်သည့် အတွက်ကြောင့် အဆင့်ဆင့် ခိုက်ရန်ဖြစ်ကြလျက် အုပ်ချုပ်သော မင်းတို့တိုင်အောင် သတ်ဖြတ် တိုက်ခိုက်ကြသည်အထိ ကျယ်ပြန့်သွားရကား မြတ်စွာဘုရားကြွရောက်ဆုံးမလာသည့် အတွက်ကြောင့်သာ တော်တော့သည်။ သို့မဟုတ်က အာရုံဝတ္ထု တပ်မက်မူကာမဂုဏ်သည် လောကအားလုံကိုပင် ပြောင်စင်အောင် မီးလောင်ပြာချနိုင်ကြောင်း သတိထားဖွယ်ရာပင်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment