ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 27 November 2012

အာနန္ဒာသူဋ္ဌေးကြီး၏ မစ္ဆရိယ


သာဝတ္ထိပြည်၌ ကုဋေလေးဆယ် ကြွယ်ဝသော အလွန်ဝန်တိုသော အာနန္ဒာသူဌေးကြီးဟူ၍ ရှိလေသည်။ ၎င်း၌ မူလသီရိဟူသော သားတစ်ယောက်ရှိရာ ထိုသားသည် မိမိစုဆောင်းထားရှိသည့် ပစ္စည်းဥစ္စာတို့ကို သုံးဖြုန်းပစ်မည်ကို အလွန်စိုးရိမ်လှသဖြင့် ၁၅-ရပ်တစ်ကြိမ် ဆွေမျိုးများကို ခေါ်၍ အမျိုးများကို သက်သေ ပြုရာ အမျိုးတို့ အလယ်၌ ချစ်သား…

“ဣဒံ စတ္တာလီ သာကောဋိဓနံ၊ ကုဋေ လေးဆယ်သော ဤပစ္စည်းစုကို။ ဗဟုံတိ၊ အလွန်များလှပြီဟူ၍။ သညံ၊ မှတ်ထားခြင်းကို။ မာကရိ၊ မပြုလင့်။ ၀ိဇ္ဇမာနံ၊ လက်ရှိထင်ရှားသော။ ဓနံ၊ ဥစ္စာပစ္စည်းတစ်ခုခုကို။ နဒါတဗ္ဗံ၊ မပေးမကမ်းအပ်။ န၀ံဓနံ၊ မရရှိသေးသော ဥစ္စာအသစ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ရစေဖြစ်စေအပ်၏။ ဟိသစ္စံ၊ ငါပြောသည့် စကားအမှန်အားဖြင့်။ ဧကေကမ္ပိ၊ တစ်ပြားတစ်ချပ်လည်း ဖြစ်သော။ ကဟာဝဏံ၊ အသပြာကို။ ၀ယံ၊ ပျက်စီးအောင်၊ ကရောန္တဿ၊ ပြုသောသူအား။ ခိယတေ၀၊ လုံးဝ ကုန်ခန်းသွားသည်သာလျှင်တည်း”

တစ်ပြားတစ်ချပ်မှ သူတစ်ပါးကို ပေးလှူအပ်သည်မဟုတ် ဟူ၍သာလျှင် တနေ့တစ်ကြိမ် ဆုံးမလေသည်။ သို့ရာတွင် သူ့သားကို မည်သည့်နည်းနှင့်မျှ စိတ်မချနိုင်သော လောဘ မစ္ဆရိယ စိတ်သည် နိုးဆော် တိုက်တွန်းလေရကား… သူ့သားမသိအောင် ရွှေအိုးငါးလုံးကို ခြံဝင်းအတွင်း၌ မြှုပ်ထားလေသည်။

နောက်ကာလတွင် ထိုသူဋ္ဌေး သေလေသောအခါ သာဝတ္ထိမြို့ အ၀င်တံခါးဝရှိ စဏ္ဍာလရွာ၌ ပဋိသန္ဓေ နေလေသည်။ ထိုနေ့၌ပင် သူ့သားမူလသီရိကို ဘုရင်က သူဌေးရာထူးပေးလေသည်။ အာနန္ဒာသူဌေးလည်း အိမ်ထောင်စုတစ်ထောင်နေသော စဏ္ဍာလရွာတွင် ပဋိသန္ဓေနေသော နေ့မှစ၍ ထိုရွာတွင် အငတ်ဘေး ဆိုက်ရောက်လေတော့သည်။ ယခင်အခါများက တစ်နေ့လုပ် တစ်နေ့စားရုံ ရသော်လည်း ယခုအခါ အဆာပြေရုံမျှပင် မရနိုင်ကြတော့သောကြောင့် တစ်ရွာလုံး အစည်းအဝေးခေါ်ပြီးလျှင်…

“အမှားကံ အန္တရေ ကာဠကဏ္ဏိယာ ဘ၀ိတဗ္ဗံ”
“ငါတို့အတွင်း၌ လူယုတ်မာတစ်ကောင် ရောက်နေပြီထင်တယ်”

ဟု မိမိတို့တွင် မကြုံစဖူးသော ငတ်မွတ်မူကို အကြောင်းပြု၍ ဆွေးနွေးကြပြီးလျှင် ရွာကို ၂-ပိုင်းခွဲလိုက်သည်။ သူ့မိခင်ပါသော အစုမှာ ငတ်မြဲငတ်နေ၍ နောက်ထပ် ၂-စုခွဲ၊ နောက်ထပ်ပြီး ခွဲထုတ်လေရာ သူ့မိခင်တစ်ဦးသာ နှင်ထုတ်ခံရလေသည်။

သူ့မိခင်လည်း ပင်ပန်းဆင်းရဲစွာ ရှာဖွေစားသောက်လျက် ၉-လ ၁၀-လရှိလျှင် သားကို ဖွားသည်။ လက်၊ ခြေ၊ မျက်စိ၊ နားရွက် စသည်တို့သည် ပုံမှန်အတိုင်းမဟုတ်ဘဲ အလွန်စက်ဆုပ်ဖွယ် ချွတ်ယွင်း၍ ပုံမမှန်ဖြစ်နေမူကြောင့် မြေဖုတ်ဘီလူးကဲ့သို့လည်းကောင်း၊ ပြိတ္တာသဏ္ဌာန်ကဲ့သို့လည်းကောင်း ဖြစ်နေသော်လည်း မိခင်ဖြစ်သူကား မစွန့်ပစ်ရက်ဘဲ ဆင်းရဲပင်ပန်းစွာပင် ရှာဖွေကျွေးမွေး၍ အတော်ပင် ကြီးပြင်းလာသောအခါ ၎င်းလက်ထဲသို့ ခွက်တစ်လုံးကို ထည့်၍ “ချစ်သား-ငါတော့ မင်းကို ဆက်၍ လုပ်မကျွေးနိုင်တော့ပေ။ ဤမြို့တွင် ထမင်းဟင်းအလိုရှိသူများအတွက် ချက်ပြုတ်လှူဒါန်းသော ဇရပ်များရှိသည်၊ သား သွားတောင်း၍ စားလေတော့”ဟု လွှတ်လိုက်လေသည်။

ထိုသူငယ်လည်း အိမ်စဉ်အတိုင်း လှည့်လည် သွားလေရာ လွန်ခဲ့သော အာနန္ဒာသူဌေးဘ၀က နေထိုင်ခဲ့သော လမ်းသို့ ၀င်မိပြီး ၎င်းနေထိုင်ခဲ့သော အိမ်ရှေ့သို့ ရောက်သောအခါ ရုတ်တရက် “ဇာတိဿရဉာဏ်”ရလာပြီးလျှင် “ဒါငါ့အိမ်ပဲ” ဟူသော အသိဖြင့် အိမ်အတွင်းသို့ ၀င်လေသည်။ အိမ်အပေါ်ထပ်သို့ ရောက်ရန် တံခါး ၃ထပ်ကို အဆင့်ဆင့်ကျော်လွန်၍ ၀င်ရာတံခါးစောင့်တို့ မသိလိုက်ချေ။

စတုတ္ထတံခါးဖွင့်၍ အပေါ်သို့ ရောက်သောအခါ မူလသီရိသူဌေး၏ သားငယ်များမြင်၍ ကြောက်လန့်သဖြင့် ငိုယိုကြသောအခါ သူဌေးအိမ်ရှိ အလုပ်သမားတို့က ထွက်လာကြပြီးလျှင် “လူယုတ်ထွက်သွား”ဟု ပြောဆိုထုထောင်း ရိုက်နှက်ကြ၍ အိမ်ပေါ်က ဆွဲချကာ ခြံဝင် အပြင်ဘက်ရှိ အမှိုက်ပုံရာနေရာ၌ ပစ်ချထားကြ ကုန်၏။

မြတ်စွာဘုရားသည် အရှင်အာနန္ဒာနှင့်အတူ ဆွမ်းခံကြွရင်း ထိုအမှိုက်ပုံအနီးသို့ရောက်၍ ရပ်တော်မူလျှင် အရှင်အာနန္ဒာအား မေးလျှောက်သောကြောင့် အာနန္ဒာသူဌေး အကြောင်းကို မိန့်ကြားညွန်ပြလျက် မူလသီရိ သူဌေးကို ခေါ်စေ၏။ ထိုအချိန်တွင် ပရိသတ်ထုကြီး အလွန်ကြီးမားလာလေသည်။ မြတ်စွာဘုရားသည် မူလသီရိ သူဌေးအား အမိုက်ပုံမှ လဲနေသောသူကို ညွှန်ပြ၍…

(ဇာနာသိ ဧတံ)
“ထိုသူကို သိသလား”

(န ဇာနာမိ)
“မသိပါ”

ဟု မူလသီရိသူဌေးကဆိုလေသော် မြတ်စွာဘုရားက…

(ပိတာ တေ အာနန္ဒသေဋ္ဌိ)
“သင့်အဖေ အာနန္ဒာသူဋ္ဌေးပဲ”

ဟု မိန့်တော်မူသော် မူလသီရိသူဌေးမှာ “ရှင်ဂေါတမသည် တတ္ထိတို့၏ တပည့်ဒကာတို့ကို နှိပ်စက်၍ ဆိုသောစကားမျိုးသာ ဖြစ်၍ မည်သည့်နည်းနှင့်မျှ ငါ့အဖေမဟုတ်”ဟု မယုံမကြည်ဖြစ် နေသည်ကို သိသော ဘုရားရှင်သည်…

“အာနန္ဒသေဋ္ဌိ၊ အာနန္ဒာသူဌေးကြီး။ တေ၊ သင်၏။ ပဉ္စမဟာနိဓိယော၊ သင့်သားမသိအောင် မြှုပ်ထားသော ရွှေအိုးကြီး ၅-လုံးတို့ကို၊ ပုတ္တဿ၊ သင့်သားအား။ အာစက္ခာဟိ တူးယူနိုင်အောင် ပြောကြားလေလော့။”

ဟု ဘုရားမိန့်တော်မူသောအခါ အာနန္ဒာသူဌေးသည် လဲနေရာ အမိုက်ပုံမှထ၍ ခြံဝင်းအတွင်းသို့ ၀င်သွားပြီးလျှင် ရွှေအိုး မြှုပ်ထားသော နေရာတို့ကို ညွှန်ပြ၍ တူးစေရာ ရွှေအိုး ၅-လုံးသဖြင့် မူလသီရိသူဌေး ယုံကြည်လျက် မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်သော “သရဏံဂုံ” တည်သည့် ဥပါသကာဖြစ်သွား လေသည်။ ထို့နောက် မြတ်စွာဘုရားသည် ငုတ်တုတ်ထိုင်၍ ငိုင်နေသော အာနန္ဒာသူဌေး၏ အဖြစ်ကို ညွှန်ပြလျက် ရောက်ရှိနေသော ပရိသတ်အား…

“ပုတ္တာမတ္ထိ ဓနမ္မတ္ထိ၊ ဣတိ ဗာလော ၀ိဟညတိ၊ အတ္တာဟိ အတ္တနောနတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ”

“ငါ၌ အားကိုးအားထားပြုစရာ သားသမီးရှိသည်။ လိုလျှင်ရအောင် ငါ ရှာဖွေစုဆောင်းထားသော ဥစ္စာပစ္စည်းတို့ ရှိသည်ဟူ၍ လူမိုက်သည် အားကိုးတကြီး ပြုထားသော ထိုအရှိကပင် ညှဉ်းဆဲ၏။ သားသမီးတွယ်တာသော တဏှာ၊ ဥစ္စာပစ္စည်း တွယ်တာသော တဏှာကြောင့် နေ့နေ့ညည ရေလမ်း ကုန်းလမ်း လေလမ်း ခရီးကြမ်းတို့ဖြင့် ထိုသားသမီး ဥစ္စာပစ္စည်းတို့အတွက် ဆင်းရဲခံကာ ရှာဖွေရ၏။ လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း စသည်ဖြင့် လုံ့လထုတ်၍ ရှာဖွေရခြင်းဖြင့်လည်း ညှဉ်းဆဲနှိပ်စက်၏။ အရေးကိစ္စ ဖြစ်လာလျှင် မိမိကိုယ်ကိုပင် မိမိအားကိုး၍မရ၊ ဘ၀၏ နိဂုံးချုပ်ခါနီး အချိန်တွင် သေအောင် နှိပ်စက်မည့် ဒုက္ခဝေဒနာတို့သည် မီးအလျှံတက်သကဲ့သို့ တစ်ကိုယ်လုံး ပူအောင်လောင်မြိုက်၏။ အရိုးကွဲမတတ် ဆင်းရဲတို့ဖြင့် နာကျင်အောင် နှိပ်စက်၏။ မိမိသည် မိမိကိုယ်ကို တစ်နေ့လျှင် ရေ ၂-ခါ ချိုးပေး၍ ၃-ကြိမ်မျှ စားဖွယ်သောက်ဖွယ်တို့ဖြင့် ပြုစုလျက် ပန်းနံ့သာလိမ်းပေးရခြင်း၊ ၀တ်ကောင်းစားလှတို့ဖြင့် တင့်တယ်အောင် ပြုပြင်တန်ဆာဆင်ကာ လုပ်ကျွေးခဲ့ပါသော်လည်း အပြုအစုကောင်းသော မိတ်ဆွေတစ်ယောက် အနေနှင့် အနား မနှိပ်စက်နိုင်အောင် ဆင်းရဲ မဖြစ်ရလေအောင် မဖြစ်ပါဘဲ တကယ်ပင် သေပေါက်သေ၀ကျခါမှ မိမိကိုယ်ကို မိမိပင် အားမထားရကြောင်း သဘောပေါက် နားလည်ခဲ့သော် အပြင်အပဖြစ်သော သားသမီး၊ ဥစ္စာပစ္စည်းတို့သည် အဘယ်မှာ အားကိုး အားထား ဖြစ်နိုင်မည်နည်း´

ဟု လက်တွေ့ကျကျက ဟောတော်မူသည်။

(ဤဂါထာကို မြန်မာပြန်ရာ၌ ဓမ္မပဒ အဋ္ဌကထာ ပ - ၂၉၈၊ အဖွင့်ကို ကြည့်၍ ပြန်သည်။)

အာနန္ဒာသူဌေးသည် တစ်စုံတစ်ခုသော စကားကိုမျှ မပြောမဆိုဘဲ မျက်ရည်သာကျလျက် `ငါသေခါနီးအခါတွင် ခန္ဓာ၌ ရောဂါ နှိပ်စက်သည်ကို ခံရကတည်းက ငါ့သားသမီး ဥစ္စာပစ္စည်းတို့ ငါ့ဒုက္ခကို သက်သာအောင် လုပ်နိုင်ဖို့ ဝေးစွ၊ ငါ့ကိုယ်နှင့် ငါပင် အားကိုးလို့မရတော့ပါတကား´ဟု သတိပြန်ရလေသည်။ သို့ရာတွင် သတိရသော အချိန်ကား အလွန်နှောင်းသွားပြီ။ မည်သည့်နည်းနှင့်မျှ ပြန်၍ ပြုပြင်နိုင်သောအချိန် မဟုတ်တော့ပေ။

မြတ်စွာဘုရားသည် ဒေသနာကို အဆုံးသတ်၍ သစ္စာကို ပြတော်မူလိုက်သောအခါ အာနန္ဒာသူဌေးကြီး၏ “တစ်ဖြစ်လဲ” ဘ၀ကို တွေ့မြင်သိရှိကြသော ရှစ်သောင်းလေးထောင်သော ပရိသတ်သည် ထိတ်လန့် ကြောက်ရွံ့ဖွယ် သံဝေဂဖြစ်ကြ၍ ရှစ်သောင်း လေးထောင်စလုံးပင် သောတာပန်စသည် ဖြစ်ကြလေသည်။

မူလသီရိသူဌေးကား သရဏဂုံတည်၍ အာနန္ဒာ သူဌေးအား ၎င်း၏ ဟိတ်မပြည့်စုံမူကြောင့် တရားမရသည့်အပြင် ရွှေအိုးကြီး ၅-လုံး ဖော်ပေးသော်လည်း ရွှေတစ်ရွေးမျှပင် မရဘဲ လောကီ-လောကုတ္တရာ နှစ်ဖက်စလုံ ရူံးပေသည်။

ဤသည်လည်း အာရုံငါးပါး ကာမဂုဏ်တရားကို အရင်းခံ၍ မျက်မှောက် ဘ၀မှာပင် ကြုံတွေ့ရသော ကာမဂုဏ် အပြစ် စင်စစ်သာတည်း။ မိမိ ရှာဖွေရရှိသော်လည်း ကုန်မည်ခန်းမည်ကို အလွန်စိုးရိမ်ပြီး မလှူရက်မတန်းရက်နှင့် ၀န်တိုမူများကား ဆင်းရဲ ရသော ကာမဂုဏ်အပြစ် သက်သက်တည်း။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment