ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 25 November 2012

ဆင်တူယိုးမှား-ပရိဗိုဇ်တရား

(၃)
ပါဠိတော်
သာမဏော အာဝုသော ဂေါတမော ကာမနံ ပရိညံ ပညပေတိ၊ မယမ္ပိကာမာနံ ပရိညံ ပညပေမ။ လ။ ယဒိဒံ ဓမ္မဒေသနာယ၀ါ ဓမ္မဒေသနံ အနု-သာသနိယာဝါ အနုသာသနိန္တိ´ 

မြန်မာပြန်
ပရိဗိုဇ်တို့နှင့် တွေ့နေသော ရဟန်းတို့အား ပရိဗိုဇ်တို့က...


“ငါ့ရှင်တို့... သင်တို့ဆရာဘုရားသည် ကာမဂုဏ်တို့မှ လွန်မြောက်ခြင်းကို ပညတ်၏၊ ငါတို့လဲ ကာမဂုဏ်တို့မှ လွန်မြောက်ခြင်းကို ပညတ်ပါ၏၊ ငါ့ရှင်တို့... သင်တို့ဆရာရဟန်းဂေါတမသည် အဆင်း(ရုပ်)တို့မှ လွန်မြောက်ခြင်းကို ပညတ်၏၊ ငါတို့သည်လဲ အဆင်း(ရုပ်)တို့မှ လွန်မြောက်ခြင်းကို ပညတ်ကြကုန်၏၊ ငါ့ရှင်တို့... သင်တို့ဆရာ ရဟန်းဂေါတမသည် ခံစားမူ(ဝေဒနာ)တို့မှ လွတ်မြောက်ခြင်းကို ပညတ်၏၊ ငါတို့သည်လဲ ခံစားမူ(ဝေဒနာ)တို့မှ လွတ်မြောက်ခြင်းကို ပညတ်ကြကုန်၏၊ ငါ့ရှင်တို့... ဤသို့ ပညတ်ကြရာ၌ သင်တို့ဆရာရဟန်းဂေါတမနှင့် ငါတို့၏ ပညတ်ပုံခြင်း၊ ဟောပြောပုံခြင်း၊ ဆုံးမပုံခြင်းသည် ဘယ်နေရာ ဘယ်သို့ထူးခြားသနည်း။ ဘယ်သို့ခြားနားသနည်း။ ဘယ်အချက်တွင် ဘယ်သူက သာလွန်သနည်း”ဟု ပြောကြလေသည်။

အဓိပ္ပာယ်ရှင်းလင်းချက်
ရဟန်းတော်များအား ပရိဗိုဇ်တို့က ကာမဂုဏ်တို့ကို လွန်မြောက်အောင်၊ ပယ်နိုင်အောင် အားထုတ်ရသော မြတ်စွာဘုရား၏ တရားလမ်းစဉ်ကို ကြားဖူးနေကြသဖြင့် ဆင်တူယိုးမှား ပုံတူဖမ်းကာ ရောယောင်၍ ပြောလိုက်ခြင်းဖြစ်သည်။ ရှေ့တွင် ထင်ရှားလတ္တံ့။

(၄)
ပါဠိတော်

“အထခေါတေ ဘိက္ခူတေသံ အည တိတ္ထိယာနံ ပရိဗ္ဗာ ဇကာနံ။ လ။ ဘဂ၀တော သန္တိကေ ဧတဿ ဘာသိတဿ အတံ္ထ အာဇာနိဿာမာ” တိ။

မြန်မာပြန်
“ထိုအခါ ရဟန်းတော်တို့သည် ပရိဗိုဇ်တို့၏ ပြောစကားကို နှစ်လည်း မနှစ်သက်ကြကုန်ဘဲ၊ ပယ်လည်း မပယ်ခဲ့ကြကုန်ဘဲ မြတ်စွာဘုရား၏ အထံတော်သို့ ရောက်၍ လျောက်ထားကြခါမှ အနက်အဓိပ္ပာယ်ကို သိကြမှတ်ကြကုန်အံ့ဟု နှလုံးသွင်း၍ နေရာမှထကာ ဖဲခွာခဲ့ကြလေသည်”

အဓိပ္ပာယ်ရှင်းလင်းချက်
အမှန်မှာ ပရိဗိုဇ်တို့၏ စကားသည် အသံသာတူ၍ အနက်အဓိပ္ပာယ် အလွန်ကွဲပြားခြားနားကြောင်းကို ရဟန်းအများပင် သိကြလေသည်။ သို့ရာတွင် မိမိတို့ တတ်သိသမျှပြန်ကြား ပြောဆိုနေက အငြင်းပွားဖွယ်ရာသာ ဖြစ်မည်။ “တိတ္ထိယာနာမ အန္ဓသဒိသာ” တိတ္ထိပရိဗိုဇ်တို့မည်သည် ပညာမျက်စိ မရှိသော အကန်းနှင့်သာ တူ၍ ၎င်းတို့နှင့် နှီးနှောဆွေးနွေးခြင်းဖြင့် အကျိုးမရှိသည်ကို သိမြင်ကြသောကြောင့် ၎င်းတို့၏ စကားကို မနှစ်သက်ပါဘဲ၊ မပယ်ပါဘဲနှင့် မြတ်စွာဘုရားကိုသာ လျှောက်ထား၍ အနက်အဓိပ္ပာယ်ကို မှတ်သားနာယူအံ့ဟု ထွက်ခွာခဲ့ကြခြင်း ဖြစ်လေသည်။

(ဤသို့ဖြင့် ရဟန်းတော်တို့သည် သာဝတ္ထိမြို့တွင့်သို့ ဆွမ်းခံဝင်ပြီးနောက် ဆွမ်းစားခြင်းကိစ္စ ပြီးကုန်လတ်သော် မြတ်စွာဘုရား အထံတော်သို့ ချဉ်းကပ်ကြကုန်လျက် မိမိတို့၏ ပရိဗိုဇ်တို့နှင့် တွေ့ဆုံရာမှ ထွက်ခွာခဲ့သည်တိုင်အောင် ဖြစ်ကြောင်းကုန်စင် လျှောက်တင် ကြလေသည်။) ထိုအခါ မြတ်စွာဘုရားက...

(၅)
ပါဠိတော်
“ဧ၀ံဝါဒိနော ဘိက္ခဝေ အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဧ၀မဿု ၀စနီယာ။ လ။ အညတြ တထာ ဂတေန၀ါ တထာဂတ သ၀ကေန၀ါ ဣတောဝါပန သုတွာ”

မြန်မာပြန်

“ရဟန်းတို့-ဤသို့ ပြောဆိုကြသော အယူတစ်ပါး ရှိကြကုန်သော ပရိဗိုဇ်တို့ကို ငါ့ရှင်တို့၊ ကာမဂုဏ်တို့၏ သာယာဖွယ်ကား အဘယ်နည်း၊ အဆင်း(ရုပ်)တို့၏ သာယာဖွယ်ကား အဘယ်နည်း၊ အပြစ်ကား အဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း၊ ခံစားမူ(ဝေဒနာ)တို့၏ သာယာဖွယ်ကား အဘယ်နည်း၊ အပြစ်ကား အဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း”ဟု မေးမေးဖို့ကောင်းသည်။ ရဟန်းတို့၊ ဤကဲ့သို့ သင်တို့က မေးမြန်းခဲ့လျှင် ထိုပရိဗိုဇ်တို့သည် ပြည့်စုံအောင် မဖြေနိုင်ကြကုန်လတ္တံ့၊ အလွန်လျှင် ပင်ပန်းဆင်းရဲခြင်းသို့ ရောက်ကုန်လတ္တံ့၊ အလွန်လည်း စိတ်ထိခိုက်ကုန်လတ္တံ့၊ အဘယ်ကြောင့်နည်းတူမူ ထိုတရားတို့ကို လွန်မြောက်မူ၊ ပယ်နိုင်မူသည် ၎င်းတိတ္ထိပရိဗိုဇ်တို့၏ အရာမဟုတ်၊ ရဟန်းတို့ - ဤပြဿနာမျိုး၌ မြတ်စွာဘုရားကိုလည်းကောင်း၊ ဘုရား၏ သာဝကကိုလည်းကောင်း၊ ဤတရားမျိုးကို ကြားနာသက်ဝင် သဘောပေါက်ထားသော အရိယာသာဝကကိုလည်းကောင်း၊ ချန်ထား၍ နတ်၊ မာရ်နတ်၊ ဗြဟ္မာနှင့်တကွသော အလုံးစုံသော သမဏဗြဟ္မဏ အမည်ခံသူ ဟူဟူသမျှသည် အနက်အဓိပ္ပာယ်နှင့် ပြည့်စုံစွာ ဖြေကြားနိုင်မည့်သူ တစ်ဦးတစ်ယောက်မျှ ငါဘုရားမြင်တော်မမူ”

ပရိဗိုလ်တို့သိနိုင်သော တရားမဟုတ်
 
အဓိပ္ပာယ်ရှင်းလင်းချက်
“ရဟန်းတော်များ လျှောက်ထားချက်အရ မြတ်စွာဘုရားက ရဟန်းတို့၊ ပရိဗိုဇ်တို့က ဤသို့ မေးသည်ရှိသော် သင်တို့ကလည်း ကာမဂုဏ်တို့၏ သာယာဖွယ်သည် အဘယ်နည်း၊ အပြစ်သည် အဘယ်နည်း၊ ထွက်မြောက်ရာသည် အဘယ်နည်း စသည်ဖြင့် ပြန်လှန်၍ မေးခဲ့သော် ထိုပရိဗိုဇ်တို့သည် မဖြေနိုင်ရုံသာမက စိတ်ပင်ပန်း ကိုယ်ပင်ပန်းဖြင့် အလွန်ဆင်းရဲဒုက္ခရောက်ကုန်ကြမည်။ အဘယ်ကြောင့်ဆိုသော် ဤကာမဂုဏ်ပယ်မူစသော တရားသည် သာသနာတော်၏ တရားဖြစ်၍ တိတ္ထိတို့၏ အရာမဟုတ်သော်ကြောင့်တည်းဟု မိန့်တော်မူရာ အလွန်ပင် မှန်ကန်လှပေသည်။

ချဲ့၍ဆိုအံ့၊ ကာမဂုဏ်နှင့် ပတ်သက်၍ တိတ္ထိတို့ သာသနာကို မဆိုထားဘိ၊ သာသနာပကာလတွင် ကာမတို့ကို လွန်မြောက်ဖို့ ပိုင်းခြားသိဖို့၊ ပယ်နိုင်ဖို့ဝေးစွ၊ ခေတ္တဖြစ်စေ၊ အတန်ကြာအောင်ဖြစ်စေ (၀ိက္ခမ္ဘန)ခွာထားနိုင်မူကိုပင် ပထမဈာန်ရမှ ခွာနိုင်လေသည်။ ရူပ-အရူပဈာန်တို့သည်လည်း ၎င်းတို့၏ အတိုင်းအတာ အရသာ ခွာရုံခွာနိုင်သည်၊ ထိုဈာန်တို့ ပျက်သွားလျှင် ခွာထားသော ကာမတို့ ပြန်ကပ်လာသောကြောင့် များစွာ ဒုက္ခရောက်ကြရသော ၀တ္ထုများ ဇာတ်များ အများအပြားပင် ရှိနေပေရာ...

ဤပရိဗိုဇ်တို့မှာ “ဤကား ပထမဈာန်၊ ဤကား ရူပဘ၀၊ ဤကား အရူပဘ၀ဟုပင် မသိကြလေရကား၊ မြတ်စွာဘုရား၏ ကာမကို အနာဂါမိမဂ်ဖြင့် လွန်မြောက်အောင် ပယ်နိုင်ပုံ၊ ရူပ-အရူပကို အရဟတ္တမဂ်ဖြင့်သာ ပယ်နိုင်ပုံတို့ကို စကားအသံကို အတုလိုက်၍ ငါတို့လည်း ပညတ်ကုန်၏၊ ငါတို့လည်း ပညတ်ကုန်၏”ဟု ဆိုကြသည်မှာ အလွန်ရယ်ဖွယ်သာဖြစ်ချေသည်။

ယင်းကဲ့သို့ ဆင်တူယိုးမှား ပုံတူဖမ်း၍ ပြောဆို ပြုမူကြမူသည် ဘုရားရှင်လက်ထက်တော်ကပင် အလွန်များလှ၏၊ ပုံစံမှာ မြတ်စွာဘုရားက “ဒုက္ခခပ်သိမ်း ကင်းငြိမ်း၍ နိဗ္ဗာန်ကို ရအောင် ဘုံဘ၀၌ ဖြစ်စေတတ်သော ကံဟောင်းကံသစ်တို့ကို ပယ်ဖျက်သတ်ဖြတ် အပ်၏”ဟု ဟောတော်မူသည်ကို အတုလိုက်၍...

နိဂဏ္ဍတို့သည် နေပူထဲတွင် ကျောက်ဖျာပေါ်၌ မတ်တပ်ရပ်လျက် ကျင့်နေကြသည်ကို မြတ်စွာဘုရား တွေ့ရှိသောအခါ ထိုနိဂဏ္ဍတိတ္ထိတို့ကို မြတ်စွာဘုရားက အဘယ်ကြောင့် ဆင်းရဲခံ၍ ရပ်နေကြသနည်းဟု မေးသောအခါ နိဂဏ္ဍတို့က...

“ယံပနေတ္ထဧတရဟိ ကာယေန သံဝုတာ ၀ါစာယ သံဝုတာ မနသာ သံဝုတာ တံအာယတိံ ပါပဿကမ္မဿ အကရဏံ၊ ဣတိပုရာဏာနံ ကမ္မာနံ တပသာဗျန္တိဘာဝါ န၀ါနံ ကမ္မာနံအကရဏာအာယတိံ အန၀ဿဝေါ၊ အာယတိံ အန၀သာဝါ ကမ္မက္ခယော၊ ကမ္မက္ခယာ ဒုက္ခက္ခယော၊ ဒုက္ခက္ခယာ ဝေဒနာက္ခယော၊ ဝေဒနာက္ခယာ သဗ္ဗံ ဒုက္ခံ နိဇ္ဇိဏ္ဏံ ဘ၀ိဿတိ”

(မူလပဏ္ဏာသပါဠိတော်-စူဠဒုက္ခက္ခန္ဓသုတ်-၁၃၀)

“ယခုဘ၀၌ ကိုယ်ဖြင့် ကာယကံကို စောင့်စည်းခြင်း၊ နူတ်ဖြင့် ၀စီကံကို စောင့်စည်းခြင်း၊ စိတ်ဖြင့် မနောကံကို စောင့်စည်းခြင်းသည်ပင်လျှင် နောင်ဘ၀၌ မကောင်းမူကို မပြုခြင်း ဖြစ်၏။ ဤသို့လျှင် ကိုယ်ကို အဆင်းရဲခံ၍ ကျင့်ခြင်ဖြင့် ကံဟောင်းတို့ ပျက်စီးခြင်း၊ ကံသစ်တို့ကို မပြုခြင်းဖြင့် နောက်ဘ၀ မတိုးပွားခြင်းဖြစ်၏၊ နောက်ဘ၀၌ မတိုးပွားခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ဝေဒနာကုန်၏၊ ဝေဒနာကုန်ခြင်းကြောင့် သံသရာ ဆင်းရဲအားလုံးလည်း ပျက်ပြုန်းလတ္တံ့”ဟု ငါတို့ ယုံကြည်ချက်နှင့် လုပ်ကုန်၏ဟု ဆိုကြလေသည်။

ဤ၌ အတိတ်ဘ၀က ကံတွေ ချေဖျက်ဖို့ ကိုယ်ကိုနှိပ်စက်အားထုတ်ရသည်ဟု ဆိုသည်၊ မည်သို့ဆိုစေ အတိတ်ကံတွေကုန်မှ အနာဂတ်ဘ၀တွေ မဖြစ်မှ ကံကုန်မည်၊ ကံကုန်မှ ဒုက္ခကုန်မည်၊ ဒုက္ခကုန်မှ ဝေဒနာကုန်မည်၊ ဝေဒနာကုန်မှ ဆင်းရဲ သံသရာအားလုံး ပြတ်မည်ဆိုသော စကားသည် သံသရာပြတ်မူ ရည်ရွယ်ချက်တူသည်၊ ပြတ်အောင် လုပ်နည်းလုပ်ဟန် ကွာခြားလေသည်။

ဤလုပ်နည်းလုပ်ဟန် ကွာခြားချက်ကို မလေ့လာ အားမထုတ်သောသူတို့အဖို့တွင် ဘုရားဟောဟုပင် ထင်ကောင်းထင်မည်၊ သာသနာပ ဗာဟိရ တိတ္ထိတို့သည်လည်းကောင်း၊ ထိုတိတ္ထိတို့၏ တပည့်ဒကာ သာဝကတို့သည်လည်းကောင်း ဤဆင်တူယိုးမှား တရားတို့ကြောင့် တိတ္ထိတို့၏ သာသနာသည်လည်း ၎င်းတို့ အသိုင်းအ၀ိုင်း တပည့်ဒကာများနှင့် စည်ပင်ထွန်းကားလျက်ပင် ရှိလေသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

















No comments:

Post a Comment